စစ်ဥပဒေ
Subtitle: သာရာစီး
** တရားဥပဒေကို နားမလည်သော တောသား လက်နက်ကိုင်တပ်၊ ထို့ပြင် အသိ(sense) နှင့် သညာ(concept) ကင်းမဲ့နေသော သာရာစီး မီဒီယာများ**
အညာမြေတပ်ပေါင်းစု ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ‘ပျူရွာ’ လို့ ၄င်းတို့ သတ်မှတ်ခေါ်တွင်တဲ့ ရွာတရွာက လူတွေကို သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များ အပါအဝင် (သမီးမိန်းကလေးတွေ ပါ မကျန်) အုပ်လိုက် ဖမ်းဆီးတဲ့ ဗွီဒီယိုကို တွေ့လိုက်ရတယ်။ သက်ထွေးနိုင် သတင်းကြေငြာချက်အရ ဖမ်းဆီးခံထားရသူတွေကို Geneva Convention အရ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ တွေ့ရပြန်ပါတယ်။
ပထမဆုံး ပြောချင်တာက Geneva Convention ကို လက်လွတ်စပယ် ချိုးဖောက်နေတဲ့ action (လုပ်ရပ်) တွေကို (ဂုဏ်ယူဝင့်ကြွားစွာ ဗွီဒီယိုရိုက်) ပြသပြီး ဂျနီဗာ ကွန်ဗန်းရှင်းကို လိုက်နာလုပ်ဆောင်နေ ပါတယ် ဆိုတာ လုံးဝ(လုံးဝကို) လွဲချော်နေပါတယ်။ ဒါကြောင့် ၄င်းတပ်ပေါင်းစုရဲ့ စစ်ရာဇဝတ်မြောက် လုပ်ဆောင်ချက်တွေအတွက် ၄င်းအဖွဲ့ဟာ နုဂျီအစိုးရအဖွဲ့ ရဲ့ လက်အောက်ခံဆိုရင် ၄င်းအဖွဲ့ရဲ့ စစ်ဥပဒေချုပ်က တာဝန်ယူပြီး action ကျုးလွန်ခဲ့သူတွေကို တရားစွဲဆို အပြစ်ပေးရမှာ ဖြစ်သလို မတရား ဖမ်းဆီးညှင်းပန်းခံရတဲ့ အရပ်သားတွေ အတွက် လျော်ကြေးကို တာဝန်ယူ ပေးဆောင်ရမှာ ဖြစ်တယ်။ တကယ်လို့ ၄င်းအဖွဲ့ဟာ ဒေသန္တရ လက်နက်ကိုင်’တော်လှန်ရေး’ အဖွဲ့ ဖြစ်ခဲ့တယ် ဆိုရင်လဲ အညာမြေကို မိမိတို့ရဲ့ ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် နုဂျီအဖွဲ့ကပဲ ကျုးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးဖို့ တာဝန်ယူရမှာ ဖြစ်တယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးသူငယ်တွေဟာ ဘဝတလျှောက်လုံး အဖတ်ဆယ်မရအောင် စိတ်ဒဏ်ရာ ဝေဒနာတွေ ခံစားနေခဲ့ရတယ် ဆိုရင်လဲ ၄င်းကလေးသူငယ်တွေအတွက် တဘဝလုံးစာ ဆေးကုဖို့ငွေကြေးကို တော်လှန်ရေးအစိုးရဆိုတဲ့ နုဂျီနိုင်ငံတော်ကပဲ တာဝန်ခံပေးဆောင်ရမှာ ဖြစ်တယ်။
၄င်းလက်နက်ကိုင်အဖွဲ့ဟာ ကွန်ဗန်းရှင်းပါအချက်တွေ ဘာတွေ ဖောက်ဖျက်ခဲ့သလဲ၊ ဂျနီဗာ ကွန်ဗန်းရှင်း လက်နက်ကိုင်စစ်တပ်တွေရဲ့ action တွေနဲ့ ပတ်သက်ပြီး ဘာတွေကို တားမြစ်ထားသလဲ၊ တိတိကျကျ ကျနော် မီးမောင်းထိုးပြပါမယ်။
၁. အရပ်သားများအပေါ် လက်နက်ကိုင်စွဲ တိုက်ခိုက်သူများနှင့် ရောနှောပြီး လူအုပ်လိုက် အပြစ်ပေးခြင်းကို တားမြစ်ခြင်း (The Ban on Collective Punishment)
ဂျနီဗာ ကွန်ဗန်းရှင်းရဲ့ စတုတ္ထ စာချုပ် - အပိုဒ် ၃၃ (Article 33 of GC IV) ဟာ သည်စည်းမျဥ်းကို တိတိကျကျ ဖော်ပြထားပါတယ်
“ကာကွယ်စောင့်ရှောက်ခံ (အရပ်သားပြည်သူ) မည်သူမဆိုကို သူ မကျုးလွန်သော တိုက်ခိုက်မှုအတွက် အပြစ်ပေးခြင်း မပြုရ။ (လူတွေကို) တစုတဝေးတည်း စုပေါင်းအပြစ်ပေးခြင်း နှင့် တကွ အလားတူလုပ်ဆောင်ချက်များ ဖြစ်သော ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အကြမ်းဖက်ခြင်းတို့ကို **မည်သည့်နည်းလမ်း**နှင့်မှ လုပ်ဆောင်ခွင့် မပြု”
နိုင်ငံတော်စစ်တပ်တခုဟာ ၄င်းနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေတဲ့ ရန်သူတပ်သားရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခွင့် (လုံးဝ-လုံးဝ) မရှိပါဘူး။ ထို့အတူပဲ ပျူစောထီးတပ်သားနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုပြီး လူတွေကို အပြုံလိုက်ဖမ်းဆီးခြင်းကို တရားဥပဒေနဲ့ စစ်ပွဲဆိုင်ရာ ပဋိဥာဥ်စာချုပ်တွေက လုံးဝ-လုံးဝ ခွင့်မပြုထားပါဘူး။ လူ့အသိုင်းအဝိုင်းတခုကို ရန်သူတပ်နဲ့ ဆက်နွယ်လို့ ဆိုပြီး တစုံလုံးအပြစ်ပေးတာဟာ တကယ်ကတော့ ဗမာပြည်က အဖွဲ့ရဲ့ လုပ်ရပ်ဟာ ဖတ်စာအုပ်ထဲမှာ (အရှက်တကွဲ) ဖော်ပြခံရမယ့် စံနမူနာပြ တရားဥပဒေချိုးဖောက်မှု၊ ရာဇဝတ်မှု ကျုးလွန်တဲ့ လုပ်ရပ်ပါပဲ။
၂. စစ်ပွဲတွင် ‘တိုက်ရိုက်ပါဝင်တိုက်ခိုက်သူ’ ဟု စွဲဆိုရန်အချက်သည် ဘားတန်း အလွန်မြင့်ပြီးလျှင် မခိုင်မာသော ခွဲခြမ်းချက်များနှင့် အပြစ်မပေးနိုင်ခြင်း (The Need of Distinction)
ဘီဘီစီသတင်းမှာ ၄င်းလက်နက်ကိုင်စစ်အဖွဲ့က တိုက်ရိုက်ပေးပို့ထားပုံရတဲ့ ဆင်ခြေပြချက်တွေ ပါဝင်လာတာ တွေ့ရတယ်။ အဲသည်မှာ ဘာပါသလဲ ဆိုရင် “ပျူစောထီး ပျူစောမတွေဟာ အဆုံးအထိ လက်နက်ကိုင်ပြီးတော့ ခုခံတယ်။ ဖမ်းမိတဲ့ အချိန်ထိတောင် အရူံးမပေးဘဲနဲ့ လက်နက်နဲ့ ထွက်ပြေးတာ ဖြစ်တယ်၊ ၄င်းတို့ကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်ပြီး ဂျနီဗာ ကွန်ဗန်းရှင်းအတိုင်း အကာအကွယ် ပေးထားပါတယ်တဲ့”။
ဗွီဒီယိုမှာ ပြသနေတာက တုန်တုန်ချိချိ အဖိုးကြီး အဖွားကြီးတွေ။ နောက်ပြီး ကလေးအမေတွေနဲ့ အခါလည် ကလေးငယ်တွေ၊ ဆယ်နှစ်တောင် မပြည့်နိုင်သေးတဲ့ မိန်းကလေးတယောက်။ အဲသည်လူတွေက အရူံးမပေးနဲ့ နောက်ဆုံးအချိန်ထိ လက်နက်ကိုင်ခုခံတယ် ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုတ္တိတန်မနေဘူး။ လုံးဝတိတိကျကျ ဖြစ်ပေါ်နေတဲ့ မြင်ကွင်းကတော့ (ရွာလုံးကျွတ် သို့မဟုတ် နေရာတနေရာမှာ ရှိသူများ) ကို အုပ်စုလိုက် ငါးတွေ အထွေးလိုက် ပိုက်ကွန်နဲ့ ဖမ်းသလို ဖမ်းလာတာပဲ။
ဂျနီဗာကွန်ဗန်းရှင်း နဲ့တကွ နိုင်ငံတကာ လူလူချင်း စာနာရိုင်းပင်းမှု ဥပဒေ(International Humanitarian Law) တို့ဟာ စစ်ပွဲတွင် တိုက်ရိုက်ပါဝင်သူလို့ သတ်မှတ်ဖို့ ဘားတန်းကို ဂိတ်ဆုံးထိ မြှင့်တင်ထားတယ်။ တဦးတယောက်ဟာ တိုက်ရိုက်ရန်ပြုတိုက်ခိုက်မှုတွင် မပါဝင်ဘူး ဆိုလျှင် ၄င်းရဲ့ ဂုဏ်ရည်ဟာ ကာကွယ်စောင့်ရှောက်ခံ အရပ်သား (civilian) အဖြစ်သာလျှင် သတ်မှတ်ရတာ ဖြစ်တယ်။ ရန်သူတပ် (သို့) ရန်သူအုပ်စုနဲ့ အတူ တွေ့ရတယ်ဆိုပြီး ပစ်ခတ်သတ်ဖြတ်ခွင့်၊ မိမိတို့ စိတ်ထင်သလို ဖမ်းဆီးထိန်းသိမ်းခွင့်၊ အပြစ်ပေးချင်သလို အပြစ်ပေးပိုင်ခွင့်၊ အထူးသဖြင့် ညှင်းစဲပိုင်ခွင့် မရှိဘူး။
၃. အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းခွင့်သည် case-by-case (တဦးချင်း အမှုတခုချင်း) သုံးသပ်ချက်ဖြင့်သာ သက်သေထူပြီး လုပ်ဆောင်ခွင့် ရှိခြင်း (The Need to Assess on Individual Basis)
ပြည်တွင်းစစ်ပွဲတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဟာ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တယောက်ကို မိမိတို့အတွက် လုံခြုံရေး အကြောင်းပြချက်နဲ ဖမ်းဆီးထိန်းသိမ်းနိုင်ပါတယ်။ ဒါပေမယ့် ၄င်းထိန်းသိမ်းမှုဟာ မှုခင်းတခုချင်း၊ လူတဦးချင်းကို ဗဟိုပြုပြီး သုံးသပ်ချက်ကို ပြုလုပ်၍သာ လုံလောက်တဲ့ (မှုခင်းတခုခင်း လူတဦးချင်း) အကြောင်းပြချက်နဲ့ ထိန်းသိမ်းနိုင်တာ ဖြစ်တယ်။ ခုလိုမျိုး ရွာလုံးကျွတ် လူတွေကို အစုအပြုံလိုက် ဖမ်းဆီးတာဟာ ထိန်းသိမ်းမှုဟာ စိတ်ထင်စိတ်ကျသလို ဖမ်းချုပ်တာ (arbitrary detention) ပဲ ဖြစ်ပြီး တရားဥပဒေပြင်ပ - ဥပဒေမဲ့ လုပ်ဆောင်တဲ့ လုပ်ရပ်သာလျှင် ဖြစ်တယ်။
သည်ဥပဒေပြဌာန်းထားချက်ကို အနှစ်ချုပ်ပေးရရင် သာမန်တရားဥပဒေမှာရော ဂျီနီဗာကွန်ဗန်းရှင်းရောဟာ အမှုတခုချင်း ပုဂ္ဂလိက လူတဦးချင်း မခွဲခြမ်းမသုံးသပ်ပဲ အုပ်စုလိုက် တစုတပြုံတည်း ထိန်းသိမ်းမှုကို ခွင့်မပြုထားပါဘူး။
၄. လူတွေကို အုပ်စုလုံးကျွတ် ထိန်းသိမ်းမှုသည် ဓားစာခံ (သို့) လူသားဒိုင်း အဖြစ် အသုံးချလုပ်ဆောင်မည့် အလားအလာ ရှိနေခြင်း (Crossing into Hostage-Taking and Taking Human-shield)
သာမန်အရပ်သား အကာကွယ်ခံ status (ဂုဏ်ရည်) မှာ ရှိနေတဲ့ လူတွေကို ခုလို အုပ်စုလုံးကျွတ် ခေါ်ဆောင် ထိန်းသိမ်းတာဟာ ၄င်းလက်နက်ကိုင်တပ်ဖွဲ့ဟာ မိမိရဲ့ လုံခြုံရေးအတွက် သည်လူတွေကို စိတ်မချရလို့ ဆိုတာထက် အထိန်းသိမ်းခံ လူတွေကို ဓားစာခံ (သို့မဟုတ်) လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး မိမိကိုယ်ကို အကာအကွယ် ယူထားတဲ့ အခြေအနေ ကို ကူးသန်းဖြတ်ပြောင်းသွားဖို့ ရှိနေရင်လည်းရှိ၊ ဒါမှ မဟုတ်လည်း အဲသလို လူသားဒိုင်းတွေ ရအောင် တမင်ပြုလုပ်နေတာလို့လည်း အင်မတန်မှပင် ဖြစ်နိုင်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက ဒါမျိုးလုပ်ရပ်တွေဟာ စစ်ပွဲတွေမှာ အနဃမက ပေါ်ပေါက်ပြီး ဖြစ်တဲ့ အတွက် ၁၉၇၇ မှာ ထွက်ပေါ်လာခဲ့တဲ့ ဂျီနီဗာကွန်ဗန်းရှင်း ရဲ့ အပိုဆောင်းစည်းမျဥ်းများ(Additional Protocols)မှာ ဒါနဲ့ ပတ်သက်လို့ လက်နက်ကိုင်စွဲ တိုက်ခိုက်နေကြတဲ့ တပ်တွေကို ရှောင်ရန် လို့တောင်မဟုတ် **ဆောင်ရန်** လို့ပင် တိတိကျကျ လမ်းညွှန်ထားပါတယ်။
သည်လမ်းညွှန်ချက်က စစ်တပ်တွေကို ဘယ်လို တင်းတင်းကြပ်ကြပ် စည်းမျဥ်းထားရှိသလဲ ဆိုရင် စစ်ပွဲစည်းဝိုင်းကြား (သို့) စစ်မက်ဇုံတခုတွင်း ရန်သူ့တပ်တွေ၏ ဝန်းရံခံရကာ ပိတ်မိနေသော အရပ်သား ပြည်သူများ အထူးသဖြင့် ထိလွယ်ရှလွယ်နေသည့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် သက်ကြီးရွယ်အိုများကို စစ်ဇုံ အဝန်းအဝိုင်းမှ ထွက်ခွင့်ပြုဖို့ တာဝန်ရှိသည် တဲ့။ BBC က အယ်ဒီတာ နဲ့ ကိုသက်ထွေးနိုင်တို့နဲ့၊ ခင်ဗျားတို့လဲ ပညာရေးကောင်းကြတဲ့ သူတွေပဲ၊ ဗွီဒီယိုနဲ့ ဓာတ်ပုံတွေမှာ ကြော်ငြာပြသနေတဲ့ မြင်ကွင်းဟာ ကွန်ဗန်းရှင်း နဲ့ ပြောင်းပြန်လား အတည့်လား ဆိုတာ ခင်ဗျားတို့ဘာသာ (နိချာ ပြောသလို ကိုယ့်ကျောက်တုံး ကိုယ်ထမ်းတင်ဖို့ တာဝန်ယူရဲရင်) စဥ်းစားနိုင်ပါလိမ့်မယ်။
၅. ပြည်တွင်းစစ်တို့တွင် စစ်သုံ့ပန်း ဟု တရားဥပဒေသတ်မှတ်ခွင့်ပြုချက် မရှိခြင်း (No War Prisoner Status in Internal Conflicts)
သည်နေရာမှာလည်း အများပြည်သူအတွက် သတင်းမှန်ရရှိသုံးသပ်နိုင်ဖို့ရန် တာဝန်ခံယူတဲ့ မီဒီယာသမားကြီးတွေ လုပ်ပြီး သတင်းတခုအတွက် ကြော်ငြာဖြန့်ဖို့ ပေါက်ဖို့ကိုပဲ အားစိုက်တတ်တဲ့ လူတွေကို စစ်ဥပဒေဆိုင်ရာ အခြေခံသဘောတရားတွေကို သေသေချာ လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ ခင်ဗျားတို့ကို တောသားတပ်ဖွဲ့တခုက ဂျီနီဗာ ကွန်ဗန်းရှင်း အရ စစ်သုံ့ပန်း (Prisoners of War) တွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ် ဆိုတာကို ခင်ဗျားတို့က ပြည်သူ့မျက်နှာဖုံး မီဒီယာကြီးတွေ ဖြစ်နေပါလျက်နဲ့ အတုံးလိုက်ကြီး တင်ဆက်တာပဲ။ စစ်သုံ့ပန်းဆိုတဲ့ နိုင်ငံတကာ တရားဥပဒေက နှင်းအပ်ထားတဲ့ ဂုဏ်ရည်ဟာ ပြည်တွင်းစစ်တွေမှာ အဲသည် ဂုဏ်ရည်အခြေအနေဟာ မရှိဘူး။ တိုင်းပြည်တခုနဲ့ တခုကြား စစ်ဖြစ်ရင် International War လို့ သတ်မှတ်ခေါ်တွင်ပြီး အဲသည်မှာမှ စစ်သုံ့ပန်းဆိုတဲ့ တရားဥပဒေက အတည်ပြုသတ်မှတ်ထားတဲ့ ဂုဏ်ရည်အခြေအနေဟာ တည်ရှိတာ ဖြစ်တယ်။ ပြည်တွင်းစစ်မှာ စစ်တပ်က ပီဒီအက် လက်နက်ကိုင်ကို ဖမ်းဆီးတာပဲ ဖြစ်ဖြစ်၊ ပီဒီအက်လက်နက်ကိုင်တပ်က စစ်တပ်က စစ်သားဗိုလ်မှူးကို ဖမ်းတာပဲ ဖြစ်ဖြစ် ၄င်းတို့မှာ နိုင်ငံတကာက ပေးထားတဲ့ Prisoners of War ဆိုတဲ့ ဥပဒေဆိုင်ရာ ဂုဏ်ရည်ဟာ ရှိလို့မနေဘူး။
နိုင်ငံတကာဥပဒေမှာ Prisoners of War တွေဟာ စစ်ပွဲပြီးတဲ့အထိ ကောင်းမွန်စွာ ထိန်းသိမ်းထားရပြီး စစ်ပွဲပြီးတဲ့ အခါ စစ်မက်ယှဥ်ပြိုင်ခဲ့တဲ့ နိုင်ငံဆီကို ပြန်လွှတ်ပေးရတာ ဖြစ်တယ်။ ပြည်တွင်းစစ်တွေမှာ ကျတော့ ရန်သူ့ဖက်က ဖမ်းဆီးခံရတဲ့ တပ်သားတွေဟာ ဖမ်းဆီးလိုက်တဲ့ ဖက်က သက်ဆိုင်ရာ တရားဥပဒေနဲ့ စီရင်ခွင့် အပြစ်ပေးပိုင်ခွင့် ရှိနေတာ ဖြစ်တယ်။
သို့သော် အဲသလို အပြစ်ပေးပိုင်ခွင့် ရှိနေတယ် ဆိုရာမှာလဲ ၄င်းဟာ arbitrary detention (စိတ်ထင်သလို ထိန်းသိမ်းထားပိုင်ခွင့် ရှိတယ်) ၊ reckless punishment (ရမ်းချင်သလို ရမ်းပြီး စီရင်နိုင်တယ် လို့ ဆိုလိုနေတာ မဟုတ်ဘူး။ လက်နက်ကိုင်တပ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ ‘ပြည်တွင်းဥပဒေနဲ့ အပြစ်ပေးပိုင်ခွင့် ရှိသည်’ (ဥပမာ Terrorism စွဲချက်လိုမျိုး) ဆိုတာကလွှဲရင် အားလုံးဟာ International Humanitarian Law, Geneva Convention စတဲ့ ရှေးထုံးစဥ်လာ ရှေ့ကလာပြီး ကြိုတင်ကန့်သတ်တဲ့ စစ်ပွဲဆိုင်ရာ စည်းမျဥ်းဥပဒေကို တိကျစွာ နားလည်လိုက်နာနိုင်ရတာ ဖြစ်တယ်။
ပြည်တွင်းစစ်တွေနဲ့ ပတ်သက်လာရင် စစ်မက်ဖြစ်ပွားမှုအတွက် ဖမ်းဆီးထိန်းသိမ်းခံရသူကို တရားဥပဒေဆိုင်ရာ သတ်မှတ်စကားလုံးက “မိမိ၏ လွတ်လပ်ခွင့်ကို ရုတ်သိမ်းခံရသူ” လို့ ဖော်ပြတယ်။ သည်တော့ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်ကို ရုတ်သိမ်းဖို့ဆိုတာ လက်လွတ်စပယ် စွဲဆိုချက်၊ ဘီဘီစီ တို့ သက်ထွေးနိုင်တို့ကို သတင်းပို့ချက်တွေနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ ကျနော် အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း လူတဦးချင်းကို ဗဟိုပြုအခြေခံပြီး သုံးသပ်သက်သေပြုချက်တွေ ရှိမှသာလျှင် ဖမ်းဆီးထိန်းသိမ်းနိုင်တာ ဖြစ်တယ်။
သည်နေရာမှာလည်း အညာတပ်ပေါင်းစု ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ရဲ့ အသိသညာ ဦးတည်မှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ တချက်တွေ့ရတာက ၄င်းတို့ဟာ လူတွေရဲ့ လွတ်လပ်မှုကို ၄င်းတို့က ရုတ်သိမ်းပစ်နေတာကို **အကုန် စစ်သုံ့ပန်းတွေချည်းပဲ** - အားလုံးဟာ စစ်ပွဲဆင်နွဲနေရလို့ ဖြစ်တာပဲလို့ တိုင်းပြည်တပြည်နဲ့ တပြည်ကြား စစ်ကြီး ဖြစ်နေသည့်သဖွယ် သူတို့စိတ်ကျရာ ဘယ်သူမဆိုကို ‘စစ်’မူဘောင်ထဲ ဆွဲသွင်းသတ်မှတ်တာ ဖြစ်တယ်။ သူတို့က အညာ တောသား -နုဂျီက စစ်ဥပဒေချုပ်ရဲ့ ကချွတ်ကလားတွေကို အလွတ်မှတ်ပြီး အရှက်အရွံ့ မရှိ ပြောနေတယ်ပဲ ထားဦးတော့၊ တောသားတွေ ပြောတာဟာ တကယ် ဟုတ်မဟုတ်၊ တရားဥပဒေကြောင်း အရမှန်မမှန် ပြည်သူကို အမှန်အတိုင်း တင်ပြဖို့ဟာ ပညာတတ်ပါတယ်ဆိုတဲ့ ကိုယ့်မီဒီယာ ဆရာသမားတွေရဲ့ တာဝန်မဟုတ်ဘူးလား။ ခင်ဗျားတို့ဟာ အများပြည်သူအပေါ်မှာ ထားရှိကျေပွန်ရမယ့် တာဝန်မှာ သော်လည်းကောင်း၊ မိမိကိုယ်ပိုင် အရည်အချင်းကို ကြိုးစားတိုးမြှင့်ဖို့ရန်သော်လည်းကောင်း အသိတရား (sense) နဲ့ ဦးတည်မှု(Gospel)မရှိ၊ တောသားတသိုက်ရဲ့ ဂုဏ်ဖော်ဂုဏ်ဇော်တွေ နဲ့အတူ သာရာစီးလိုက်နေတဲ့ Last Man တွေလို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

No comments:
Post a Comment