: ဒီမိုကရေစီ ဆိုတာ ဘယ်မှာရှိလဲ။
အားလုံးပဲ မင်္ဂလာပါဗျာ။
ဒီနေ့ ကျွန်တော်တို့တွေ ကြားလည်း အမြဲကြားနေရတယ်၊ အမြဲတမ်းလည်း တောင့်တနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးလေး တစ်လုံးအကြောင်းကို ရင်ဖွင့်ဆွေးနွေးချင်ပါတယ်
ကျွန်တော်တို့ နိုင်ငံရေးအကြောင်း ပြောကြရင် ဒီမိုကရေစီဆိုတဲ့ စကားလုံးက မပါမဖြစ်ပါပဲ။ ဒါပေမယ့်... တကယ်တမ်း သေချာစဉ်းစားကြည့်ရင်၊ "ဒီမိုကရေစီ ဆိုတာ တကယ်တော့ ဘာကြီးလဲ" ဆိုတဲ့ အမေးကို ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုနေပြီလို့ ထင်ပါတယ်။ ဒိမိုဆိုတာ ဘာ ကရေစီဆိုတာက ဘာနဲ့ ရှင်းပြမနေတော့ပါဘူး ။ ဒါဆို
ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလုပ်တာလား... လွှတ်တော်ကြီး ခေါ်တာလား... ဒါမှမဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ရှိနေတာကို ခေါ်တာလားပေါ့။ ဒီနေ့ ကျွန်တော် ပြောချင်တာက အဲဒီလို အပေါ်ယံ အခွံတွေအကြောင်း မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ "အနှစ်သာရ"၊ ဒီမိုကရေစီရဲ့ "နှလုံးသား" အကြောင်းကို ကျွန်တော်တို့ တွေးကြည့်ကြရအောင်ဗျာ။
ဒီမိုကရေစီရဲ့ အသက်သွေးကြော၊ အစစ်မှန်ဆုံး အနှစ်သာရက ဘာလဲသိလား။ "မတူကွဲပြားခြားနားမှုကို နားလည်ပေးခြင်း" (Tolerance) ပါပဲ။
လူဆိုတာကဗျာ မျက်နှာချင်းမတူသလို၊ အတွေးအခေါ်တွေ၊ ခံယူချက်တွေလည်း ဘယ်တော့မှ ထပ်တူကျမှာ မဟုတ်ဘူး။ အဲဒီလို မတူညီတဲ့ အမြင်တွေကို ရန်သူလို သဘောမထားဘဲ၊ "သြော်... သူကတော့ ဒီလိုရှုထောင့်က မြင်တာကိုး" ဆိုပြီး လက်ခံပေးနိုင်တဲ့ စိတ်သဘောထားက ဒီမိုကရေစီရဲ့ အုတ်မြစ်ပဲ။
အဲဒီကနေ တစ်ဆင့် ဘာဆက်ဖြစ်လာလဲဆိုတော့ "လွတ်လပ်စွာ ဆွေးနွေးငြင်းခုံခြင်း" ဆိုတာ ပေါ်လာတယ်။ ကျွန်တော်တို့ဆီမှာ "ငြင်းခုံတယ်" (Debate လုပ်တယ်) ဆိုရင် ရန်ဖြစ်တယ်လို့ပဲ မြင်တတ်ကြတယ်။ တကယ်တော့ မဟုတ်ဘူးဗျ။ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံတာကို တန်ဖိုးထားတတ်မှသာ လူအများစုရဲ့ တကယ့် ဉာဏ်ပညာနဲ့ စစ်မှန်တဲ့ ဆန္ဒတွေက ထွက်ပေါ်လာမှာပါ။
ဒီနေရာမှာ အရေးအကြီးဆုံး မှတ်ထားရမယ့် အချက်တစ်ခု ရှိတယ်။ အဲဒါကတော့... ဒီမိုကရေစီ စနစ်မှာ "ဘယ်လိုလူ၊ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လို ခေါင်းဆောင်မျိုးမှ မေးခွန်းထုတ်ခြင်းရဲ့ အထက်မှာ ရှိမနေဘူး" ဆိုတာပါပဲ။ ဘယ်သူမဆို ဝေဖန်ခံနိုင်ရမယ်၊ မေးခွန်းထုတ်တာကို ဖြေရှင်းနိုင်ရမယ်။ အဲဒါဟာ ဒီမိုကရေစီရဲ့ အခြေခံ အကျဆုံး အနှစ်သာရပဲ ဖြစ်ပါတယ်။
နောက်တစ်ချက် ကျွန်တော်တို့ အထင်မှားနေတတ်တာလေး တစ်ခုရှိတယ်။
အများစုက ထင်ကြတယ်... "ဒီမိုကရေစီဆိုတာ အာဏာရှင်တစ်ယောက်ကို သူ့နေရာကနေ ဖယ်ရှားလိုက်တာ၊ ဖြုတ်ချလိုက်တာပဲ" လို့ တွေးတတ်ကြတယ်။
တကယ်တော့ ဒီမိုကရေစီဆိုတာ အဲဒီလောက်လေးနဲ့ ပြီးသွားတဲ့ အတွေးအခေါ် မဟုတ်ဘူးဗျ။ အာဏာရှင်ကို ဖယ်ရှားရေး သက်သက် မဟုတ်ဘူး။
ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွင်းမှာ၊ ကျွန်တော်တို့ရဲ့ နေ့စဉ် လူနေမှုဘဝတွေထဲမှာ စိမ့်ဝင်နေတဲ့ "အာဏာကို အလွန်အကျွံ သုံးတတ်တဲ့ တွေးခေါ်မှုတွေ၊ အလေ့အကျင့်တွေ" ကိုပါ အမြစ်ပြတ် ဖယ်ရှားပစ်ရေး ဖြစ်ပါတယ်။
စဉ်းစားကြည့်ပါဗျာ... အိမ်မှာဆိုရင် အဖေက အာဏာရှင် ဆန်နေတာမျိုး၊ ရုံးမှာဆိုရင် သူဌေးက ဒါမှမဟုတ် မန်နေဂျာက အာဏာရှင်ဆန်နေတာမျိုး၊ ကျောင်းမှာဆိုရင် ဆရာက အာဏာရှင်ဆန်တာမျိုး... ကိုယ့်ထက်နိမ့်တဲ့သူ၊ အင်အားငယ်တဲ့သူကို အနိုင်ကျင့် ဗိုလ်ကျချင်တဲ့ စိတ်တွေ၊ ငါပြောတာမှန်တယ် ငါ့စကားပဲနားထောင်ဆိုတဲ့ အလေ့အကျင့်တွေ... အဲဒီလို နေ့စဉ်ဘဝထဲက အာဏာရှင်ဆန်မှုတွေကိုပါ တိုက်ဖျက်ရတာမျိုးပါ။
ဒါကြောင့်မို့လို့ ဒီမိုကရေစီ ဆိုတာ အရမ်းကို စိတ်ရှည်ရပါတယ်။ ချက်ချင်းကြီး ဇွတ်ပြောင်းလဲပစ်လို့ မရဘူး။ တဖြည်းဖြည်းနဲ့ အသိအမြင်တွေ ပြုပြင်ပြောင်းလဲလာမှုကို အားပေးရတယ်။ ရေတို မစဉ်းစားဘဲ အရှည်သဖြင့်၊ ရေရှည်အတွက် စဉ်းစားရတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
ဒီသဘောတရားနဲ့ ပတ်သက်ပြီး ပြင်သစ် ဒဿနပညာရှင် ယက်ဒဲရီဒါ (Jacques Derrida) က အရမ်းလှတဲ့ စကားလုံးလေး တစ်လုံး သုံးဖူးတယ်။ အဲဒါကတော့ "Democracy to become" တဲ့။ (တချို့ကလည်း Democracy to come လို့ သုံးကြပါတယ်)။
ဆိုလိုတာက... ဒီမိုကရေစီဆိုတာက ".. ဒီနေ့တော့ ငါတို့နိုင်ငံ ဒီမိုကရေစီ ရသွားပြီကွာ၊ ပြီးပြည့်စုံသွားပြီ" ဆိုပြီး အော်နေလို့ရတဲ့ အရာမျိုး မဟုတ်ဘူးတဲ့။ သူက ဖြစ်စဉ် (Process) သဘောမျိုးပါ။ အမြဲတမ်း ပြုပြင်နေရမယ်၊ အမြဲတမ်း ဖြည့်ဆည်းနေရမယ့် အရာတစ်ခု ဖြစ်တယ်။
ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းထဲမှာ၊ နိုင်ငံသား တစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝထဲမှာ... ဟောဒီ "အာဏာရှင်ဆန်မှု" ဆိုတဲ့ အရာကြီးက ဘယ်လို ပုံစံဖျောက်ပြီး လည်ပတ်နေသလဲ၊ ဘယ်လို အလုပ်လုပ်နေသလဲ ဆိုတာကို အမြဲတမ်း နိုးနိုးကြားကြားနဲ့ စဉ်းစားနေရတဲ့၊ ရှေ့ကို ရွေ့နေရတဲ့ တွေးခေါ်မှု ပုံစံတစ်ခု ဖြစ်ပါတယ်။ အမြဲတမ်း သတိကပ်ထားရမယ့် အရာပေါ့ဗျာ။
ဒါဆိုရင် မေးစရာ ရှိလာပြီ။ "ဒီမိုကရေစီက ဘယ်မှာ ရှိသလဲ" ပေါ့။
ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်။ ဒီမိုကရေစီ ဆိုတာ အဝေးကြီးမှာ ရှိနေတဲ့ အရာ မဟုတ်ပါဘူး။ စာအုပ်အထူကြီးတွေနဲ့ ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီ ရှိမနေဘူး။ မဲပုံးတွေ၊ ရွေးကောက်ပွဲတွေထဲမှာလည်း ဒီမိုကရေစီ အစစ်အမှန် ရှိမနေပါဘူး။
ဒီမိုကရေစီဆိုတာ... ကျွန်တော်တို့၊ ခင်ဗျားတို့ လူတွေရဲ့ နှလုံးသားထဲမှာပဲ ရှိနေတာပါ။ ကျွန်တော်တို့ရဲ့ တွေးခေါ်မှု ပုံစံထဲမှာပဲ ရှိနေတာပါ။
ကိုယ့်ဘေးနားက လူကို အပြန်အလှန် လေးစားမှု မရှိဘူး ဆိုရင်၊ လူတစ်ဦးချင်းစီရဲ့ အမြင်တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာ တန်ဖိုးထား နားလည်ပေးနိုင်တဲ့ စိတ်နှလုံးသား မရှိဘူး ဆိုရင်... အဲဒီနေရာမှာ၊ အဲဒီနိုင်ငံမှာ၊ အဲဒီလူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့၊ ဒီမိုကရေစီ ဆိုတာ အပြင်ဘက်မှာ သွားရှာရမယ့် အရာ မဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ ကျွန်တော်တို့ရဲ့ အလေ့အကျင့်၊ ကျွန်တော်တို့ရဲ့ နှလုံးသားတွေထဲမှာ အရင်ဆုံး တည်ဆောက်ရမယ့် အရာ ဖြစ်တယ်ဆိုတာကို ဒီနေ့ ဗီဒီယိုလေးကနေ တစ်ဆင့် မက်ဆေ့ချ် ပါးချင်ပါတယ်။
မိတ်ဆွေတို့ရော... ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ ဒီမိုကရေစီ အနှစ်သာရကို ဘယ်လောက်ထိ ကျင့်သုံးဖြစ်နေပြီလဲ ဆိုတာကို Comment မှာ ဝင်ရောက် ဆွေးနွေးပေးသွားကြပါဦး။
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ အချိန်ပေးပြီး ကြည့်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ နောက်ထပ် ဗီဒီယိုတွေမှာ ပြန်တွေ့ကြပါမယ်။

No comments:
Post a Comment