သူလျှို နိူင်ငံရေး
ကုန်းဘောင်ခေတ်နှောင်းတွင် အင်္ဂလိပ်-မြန်မာစစ်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး သာယာဝတီမင်းလက်ထက်တွင် အင်္ဂလိပ်-မြန်မာဆက်ဆံရေးတင်းမာကာ သံတမန် အဆက်အသွယ် ပြတ်သွားခဲ့သည်။ မင်းတုန်းမင်းလက်ထက်ရောက်မှ အင်္ဂလိပ်အမြဲတမ်းကိုယ်စားလှယ် တစ်ဦး နေပြည်တော်သို့ ပြန်လည်လာရောက်ထားရှိသည်။ မင်းတုန်းမင်းသည် သံတမန်များ၏ လှုပ်ရှား သွားလာမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်ခဲ့သည်။ ထိုသို့စောင့်ကြည့်ခဲ့သည်မှာလည်း မင်းတုန်းမင်းကြီး၌ အကြောင်းအရာခိုင်ခိုင်လုံလုံရှိလေသည်။ အင်္ဂလိပ်တို့သည် မြန်မာတို့ကို နည်းမျိုးစုံဖြင့် သတင်း ထောက်လှမ်းရကာ စစ်ပွဲများကိုဖန်တီးခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းတို့၏လှုပ်ရှားမှုကို မန္တလေးနေပြည်တော်၌ စောင့်ကြည့်ခြင်းဖြစ်သည်။
၁၈၇၉ ခုနှစ်တွင် မန္တလေး၌ရှိနေသော ခေတ္တသံအမတ်က အိန္ဒိယရှိ နိုင်ငံခြားရေးအတွင်းဝန်ထံသို့ ပို့သည့် စာထဲတွင် “အောက်မြန်မာပြည် ကျွန်ုပ်တို့နယ်အတွင်း၌ တိုင်းသူပြည်သားများက အတန်အရေးကြီးသော အရာရှိကြီးတစ်ဦးဟု ထင်မှတ်ခြင်းခံရသော ကျွန်ုပ်ကဲ့သို့သော အရာရှိကြီးတစ်ဦးကို ဘုရင်မင်းမြတ်၏ ရွှေဖဝါးတော်၏အရိပ်အောက်၌ (သုည)မျှသာရှိသော အခြေသို့ရောက်ရှိနေခြင်းသည် ပြည်သူလူထုများ အမြင်တွင် ကျွန်ုပ်တို့အခြေအနေသည် မြင့်ဖွယ်ရာအကြောင်းမရှိပေ။ အခြားသူများနှင့်လည်း အကျဉ်းကျ သည်နှင့်မခြား၊ ဆက်သွယ်နိုင်ခွင့်မရှိ။ မင်းမှုထမ်းမဟုတ်သည့် လူကြီးလူကောင်းများနှင့်တွေ့ဆုံရန်လည်း အခွင့်မရ။ မြန်မာအစောင့်အကြပ်များနှင့် သူလျှိုများဝန်းရံလျက်ရှိသော ခြံဝင်း၌နေရ၏။ ကျွန်ုပ်၏ ဝန်းကျင်၌ မည်သို့ဖြစ်ပျက်နေသည်ကိုလည်း သတင်းမရနိုင်။ ရရှိသောသတင်းမှာလည်း သွယ်ဝိုက်၍ ကျေနပ်ဖွယ်မရှိပါ။ ဗြိတိသျှလက်အောက်ခံများအတွက် မည်သို့သော ပြုပြင်ရေးကိုမျှလည်း တောင်းဆို၍ ရနိုင်ခြင်းမရှိပါ” ဟူ၍ သူ့စာထဲတွင် ထည့်သွင်းရေးသားထားသည်။
သံတမန်ဆိုသည်မှာ မည်သည့်သံတမန်မျိုးပင်ဖြစ်စေ ထောက်လှမ်းရေး သူလျှိုလုပ်ငန်း လုပ်ကြမည် ဆိုသည်ကို ရှေးမြန်မာဘုရင်များသိခဲ့ကြသည်။ ထို့ကြောင့်လည်း နေပြည်တော်သို့ လာရောက်သည့် သံတမန်များကို စောင့်ကြည့်ထောက်လှမ်းသကဲ့သို့ ခေတ္တခဏလာရောက်ကြသည့်သံတမန်များကိုလည်း ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ရောက်ရှိလာသည့် သံအဖွဲ့မှန်သမျှကို မြန်မာတို့ဘက်က ခမ်းခမ်းနားနား ကြိုဆိုသည်။ သို့ရာတွင် တစ်ဖက်မှလည်း ထိုသံအဖွဲ့၏ လှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်ခဲ့သည်။ သံတမန်တို့ မြို့တွင်းမြို့ပြင် လှည့်ပတ်သွားလာ ဝင်ထွက်ကြည့်ရှုမှတ်သားသမျှနှင့် သံတဲသို့လာရောက် ဝင်ထွက်ပြောဆိုသမျှ စကားရပ်များကို ကြည့်ရှုမှတ်သားပြီး လွှတ်တော်တွင်နေ့စဉ်လျှောက်တင်ရသည်။
မြန်မာတို့ဘက်မှ ဤရွေ့ဤမျှ စောင့်ကြပ်ကြည့်ရှုနေလျက်ကပင် အင်္ဂလိပ်တို့သည် အထက်မြန်မာပြည် တွင်သူလျှိုတွေမွေးမြူထားနိုင်ခဲ့သည်။ စက်ရုံ၊ အလုပ်ရုံများတွင်ရှိနေသော နိုင်ငံခြားသား၊ နန်းတွင်း အပျိုတော်အဖြစ် အမှုထမ်းနေသောနိုင်ငံခြားသူ၊ ကုန်ရောင်းကုန်ဝယ်ပြုနေသောကုန်သည် စသည်ဖြင့် နေရာတိုင်းနီးပါးတွင် အင်္ဂလိပ်က သူလျှိုထားရှိသည်။ နန်းတွင်းက နိုင်ငံရေးလျှို့ဝှက်သတင်းများကို အောက်မြန်မာနိုင်ငံမှာရှိသည့် ဗြိတိသျှကော်မရှင်နာမင်းကြီးထံ အမြဲဆက်သွယ်ပေးပို့ကြသည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်မဖြစ်မီ အင်္ဂလိပ်သံရုံး မန္တလေးနေပြည်တော်၌မရှိတော့သော်လည်း အင်္ဂလိပ်သူလျှို အီတလီကောင်စစ်ဝန် အင်ဒရီနိုသည် မန္တလေး၌ဆက်လက်ရှိနေခဲ့သဖြင့် အင်္ဂလိပ်များအဖို့ မြန်မာတို့၏ သတင်းများကို အဆက်မပြတ်ရရှိနေခဲ့သည်။
မိမိနိုင်ငံတွင် တိုင်းတစ်ပါးသားသူလျှိုရှိနေခြင်းသည် မိမိအနီးတွင် သေမင်းရောက်နေသည်နှင့်ပမာတူလှ ပေသည်။ သေခြင်းတရားသည် လူသားတို့ကိုအချိန်မရွေးဆုံးရှုံးစေသကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးသည်လည်း အချိန်ပိုင်းအတွင်း မုချဆုံးရှုံးစေနိုင်သည်။ မြန်မာတို့သည် ပြင်သစ်တို့နှင့် မဟာမိတ်စာချုပ်ချုပ်ဆိုသည်။ ပြင်သစ်တို့သည် မြန်မာတို့ကို အစစအရာရာကူညီတော့မည်။ ပြင်သစ်-မြန်မာ မဟာမိတ်စာချုပ်နှင့် ပြင်သစ်ဝန်ကြီးချုပ်၏ပေးစာအား အင်္ဂလိပ်သူလျှို အင်ဒရီနိုကတစ်ဆင့် အင်္ဂလိပ်တို့ရရှိသွားခဲ့သည်။
စုဖုရားလတ်၏ နန်းတွင်းအပျိုတော်သည် ကင်းဝန်မင်းကြီး၏ စာရေးတစ်ဦးထံမှ ထိုစာကိုရရှိပြီး အင်ဒရီနို အား ပေးခဲ့သည်။ ထိုစာ၊ ထိုသတင်းကြောင့် ပြင်သစ်တို့၏ အကူအညီမရမီမှာပင် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး မင်းနှင့်မိဖုရားကိုခေါ်ဆောင်သွားခြင်းဖြင့် မြန်မာတို့ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ပိုမို၍သတိထားသင့်သည်မှာ မိမိတို့ ပတ်ဝန်းကျင်တွင် သူလျှိုများရှိနေလျှင် သူတို့၏သတင်းကို လက်ဦးအောင်ရယူကြပါဟူ၍သာ တိုက်တွန်းချင်ပါသည်။ ။

No comments:
Post a Comment