ရခိုင်ကစားကွင်းကြီးထဲက
ဇာတ်ကောင်များ
++++++++++++++++++++
ရခိုင်ပြည်နယ်အရေးကိုသုံးသပ်တဲ့အခါ အရင်ကလို ပြည်တွင်းစစ်မျက်နှာတစ်ခုတည်းကြည့်လို့မရတော့ပါဘူး။
ရခိုင်ပြည်နယ်ဟာ လက်ရှိ ၂၀၂၆ ခုနှစ်မှာ ဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေး အားပြိုင်မှုအပြင်းထန်ဆုံးစုဆုံရာနေရာကြီးတစ်ခုဖြစ်လာပါတယ်။
ရခိုင်မှာနေရာယူနေတဲ့ဇာတ်ကောင်တွေဟာများပြားရှုပ်ထွေးလှပါတယ်။ ကျွန်တော်တို့ဇာတ်ကောင်တစ်ယောက်ချင်းစီနဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုစိတ်ပိုင်းသုံးသပ်ကြည့်ဖို့လိုပါတယ်။
(က) မြန်မာအစိုးရ
ပြီးခဲ့တဲ့ ၂၀၂၆ မေ ၃၀ ရက်မှ ဇွန် ၃ ရက် အထိ ၅ ရက်ကြာသွားခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဟာ လက်ရှိပထဝီနိုင်ငံရေးရေစီးကြောင်းသစ်ကို အထင်အရှား ပြသနေပါတယ်။
ဒီခရီးစဉ်ဟာမြန်မာအစိုးရအတွက် ကာလကြာ နိုင်ငံတကာအထီးကျန်ဖြစ်မှုကနေ မဟာဗျူဟာမြောက် ပြန်လည်ထွက်ခွာလာတဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို၊ အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ဒေသတွင်းစီမံကိန်းကြီးတွေကို အရှိန်မြှင့်ဖို့ သဘောတူညီချက်တွေ ရယူနိုင်ခဲ့တဲ့အတွက် သံတမန်ရေးအရ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုရမှာပါ။ မြန်မာအစိုးရက တရုတ်နဲ့အိန္ဒိယတို့ရဲ့နိုင်ငံရေးအရအပြည့်အဝထောက်ခံမှုကိုရယူပြီး ရခိုင်အရေးမှာ သံခင်းတမန်ခင်းဗျူဟာကစားကွက်ကိုအသုံးချနေမဲ့သဘောတွေ့ရပါတယ်။
(ခ) AA
လက်ရှိမှာရခိုင်ပြည်နယ်ရဲ့ဒေသအများစုကိုထိန်းချုပ်ထားနိုင်တဲ့ အဓိကအဖွဲ့အဖြစ်ရှိနေပါတယ်။ AA ဟာ ဒေသတွင်း တရုတ်နဲ့အိန္ဒိယရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ်လို့ ကတိပြုထားပြီးတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ကြိုးစားနေတဲ့အကျိုးစီးပွားရှိပါတယ်။
AA ကတော့ သူတို့ထိန်းချုပ်နယ်မြေ ဖွံ့ဖြိုးတိုးတက်ဖို့၊ အခွန်အခရရှိဖို့နဲ့ တရားဝင်ဖို့အတွက် တရုတ်ရော၊ အိန္ဒိယရောလုပ်မဲ့စီမံကိန်းတွေကိုပူးပေါင်းဆောင်ရွက်မယ်လို့ပြောထားပါတယ်။ ဥပဒေကြောင်းအရ ရှုပ်ထွေးနိုင်ပေမဲ့ ၂၀၂၇ မှာတော့ တစိတ်တပိုင်း စတင်လည်ပတ်လာနိုင်ခြေ ရှိပါတယ်။
(ဂ) ARSA နဲ့မူဆလင်လက်နက်ကိုင်များ
ဒေသတွင်းမတည်ငြိမ်မှုတွေကိုပိုမိုဆိုးအောင်ဖန်တီးပြီး AA ရဲ့ နယ်မြေစိုးမိုးမှုကို စိန်ခေါ်ဖို့နဲ့ မူဆလင်လူထုကြားထဲမှာ အစွန်းရောက်ဝါဒ ဖြန့်ချိဖို့ကြိုးစားနေပါတယ်။ ဘူးသီးတောင်၊ မောင်တောကို ဘ င်္ဂ လီ တွေ နေရပ်ပြန်ရေးဖြစ်မြောက်လာရင် နောင်တစ်ချိန်မှာ ARSA ရဲ့အခြေခံနယ်မြေဖြစ်လာပြီး မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်အချုပ်အာဏာနဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအန္တရယ်ဖြစ်လာနိုင်ပါတယ်။
(ဃ) တရုတ်
ရခိုင်ပြည်နယ်ဟာတရုတ်အတွက် မလက္ကာရေလက်ကြား ရှောင်ကွင်းလမ်းတရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့အသက်သွေးကြောဖြစ်ပါတယ်။ အစိုးရနဲ့တရားဝင်ထိတွေ့ဆက်ဆံမှုလုပ်နေသလို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ပိုက်လိုင်းတွေကို မထိခိုက်စေဖို့အတွက် မြေပြင်စိုးမိုးထားတဲ့ AA နဲ့ပါ ဆက်ဆံရေးတည်ဆောက်နေပုံရပါတယ်။
(င) အိန္ဒိယ
မြန်မာခရီးစဉ်အတွင်းအိန္ဒိယဟာ သူတို့ရဲ့ "Neighborhood First" နဲ့ "Act East" မူဝါဒတွေအရ စီမံကိန်းကြီးနှစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။
ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း Kaladan Project။ ဒီစီမံကိန်းကို လာမယ့် ၂၀၂၇ ခုနှစ်မှာ အပြည့်အဝ စတင်လည်ပတ်နိုင်ဖို့ရည်မှန်းထားပါတယ်။ မြေပြင်မှာ စစ်တွေဆိပ်ကမ်းကိုအစိုးရကထိန်းချုပ်ထားပေမဲ့ ကျန်ကုလားတန်မြစ်ကြောင်းတစ်လျှောက်၊ ပလက်ဝနဲ့ ကျောက်တော်အပါအဝင် ကုန်းလမ်းပိုင်း အများစုကို AA ထိန်းချုပ်ထားတာပါ။ အနေအထားအရ စီမံကိန်းလည်ပတ်အောင်မြင်ဖို့ဆိုရင် အိန္ဒိယဟာ မြန်မာအစိုးရနဲ့ သဘောတူညီချက်ရယူထားရုံနဲ့မရဘဲ မြေပြင်က AA သဘောထားအပေါ် အများကြီးမှီခိုနေရပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်းလမ်းစီမံကိန်း Trilateral Highway။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်အထိ ကီလိုမီတာ ၁,၄၀၀ ရှည်လျားမယ့် ဒီအဝေးပြေးလမ်းမကြီးဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တာပါ။ ပြီးခဲ့တဲ့ သမ္မတခရီးစဉ်မှာတော့ ဒီလမ်းမကြီးကို အမြန်လမ်းကြောင်း (Fast-Track) အဖြစ် အမြန်ဆုံးအပြီးသတ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ အဓိကသဘောတူခဲ့ကြပါတယ်။
စီမံကိန်းရဲ့ အဓိကအပိုင်းတွေဖြစ်တဲ့ ကလေးဝ-ယာကြီး လမ်းပိုင်းနဲ့ တံတားတွေ အဆင့်မြှင့်တင်ဖို့ အိန္ဒိယဘက်က နည်းပညာနဲ့ငွေကြေးအပြည့်စိုက်ထုတ်နေပါတယ်။ လမ်းကြောင်းဖြတ်သန်းရာ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ် (မြဝတီ-မဲဆောက်နယ်စပ်) တွေမှာ စစ်ရေးမတည်ငြိမ်မှုတွေရှိနေဆဲဖြစ်လို့ စာရွက်ပေါ်မှာ အရှိန်မြှင့်ဖို့သဘောတူထားပေမဲ့ လက်တွေ့မြေပြင်မှာ လမ်းကြောင်းတလျှောက် လုံခြုံရေးအပြည့်အဝမရမချင်း စတင်လည်ပတ်ဖို့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။
အိန္ဒိယအတွက် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Project) နဲ့ စစ်တွေဆိပ်ကမ်းဟာ တရုတ်ကိုတန်ပြန်ဖို့ရော၊ သူတို့ရဲ့ အရှေ့မြောက်ဘက်ပြည်နယ်တွေကို ပင်လယ်ထွက်ပေါက်ပေးဖို့ပါ မရှိမဖြစ် အရေးကြီးပါတယ်။ ဒါကြောင့် ရခိုင် reset အနေနဲ့ မြေပြင်က AA နဲ့အောက်ခြေအဆင့်ဆက်သွယ်ဆွေးနွေးမှုပြုလုပ်လာပါတယ်။
(စ) ဘင်္ဂလားဒေ့ရှ်
ဒုက္ခသည် ၁ သန်းကျော်ကိုနေရပ်ပြန်ပို့ရေးက ပဓာနရည်မှန်းချက်ပါ။ အစိုးရနဲ့အဆက်အသွယ်ရှိနေသလို နယ်စပ်လုံခြုံရေးနဲ့ ဒုက္ခသည်အရေးအတွက် မြေပြင်ထိန်းချုပ်ထားတဲ့ AA နဲ့ ပိုပြီးနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လာရပါတယ်။
(ဆ) အမေရိကန် (US-Bangladesh Reset)
တရုတ်နဲ့အဆင်သင့်တဲ့ ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျပြီးနောက် အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးဟာ သိသိသာသာ ပြောင်းလဲသွားပါတယ်။ အမေရိကန်ဟာ ဘင်္ဂလားပင်လယ်အော်မှာဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့ "Quad Ports for Future" အစီအစဉ်အောက်ကနေ ဘင်္ဂလားဒေ့ရှ်မှာ ဆိပ်ကမ်းစီမံကိန်း ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသလို၊ ၂၀၂၆ ဖေဖော်ဝါရီလမှာလည်း အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက် (ART) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဆန်းသစ်ဆုံး ခြေလှမ်းအနေနဲ့ ဘင်္ဂလားဒေ့ရှ့်ဟာ အမေရိကန် စစ်သင်္ဘောတွေကို သူတို့ရဲ့ ဆိပ်ကမ်းတွေထဲ ဝင်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ထပ်တိုးရှုထောင့်အရလည်း ရခိုင်ကမ်းရိုးတန်း နတ်မြစ်ဝနဲ့ အရမ်းနီးတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင် ဆန်မာတင် St. Martin သန္တာကျွန်းပေါ်မှာ အမေရိကန်စစ်အခြေစိုက်စခန်း တည်ဆောက်ဖို့ ခြေလှမ်းပြင်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဒါဟာရခိုင်ပြည်နယ်ကတရုတ်ရေနက်ဆိပ်ကမ်းနဲ့ ရေနံလိုင်းတွေကိုပိတ်ဆို့တဲ့ barricade ချလိုက်တာပါပဲ။ အရမ်းအန္တရာယ်ကြီးပါတယ်။
ရခိုင်ဒေသအနာဂတ်အလားအခါ
အထက်ပါအခြေအနေတွေကိုကြည့်ရင်
ရခိုင်ဒေသဟာပြည်တွင်းလက်နက်ကိုင်အရေးတစ်ခုတည်းမဟုတ်တော့ဘဲနဲ့ ဇာတ်ကောင် ၇ ဦးရဲ့ အပြန်အလှန်လှုပ်ရှားမှုတွေကြောင့် အလွန်ရှုပ်ထွေးနေတာတွေ့ရပါတယ်။ အချက်အလက်တွေကိုချိန်ထိုးကြည့်ရင် ရခိုင်ဒေသရဲ့အနာဂတ်ဟာ အောက်ပါအတိုင်း ဖြစ်နိုင်ခြေသုံးရပ်ရှိနေပါတယ်။
(က) AA ရဲ့ De Facto
ရခိုင်ပြည်နယ်ကိုအစိုးရကအလုံးစုံပြန်သိမ်းနိုင်ဖို့အရင်းအမြစ်အများကြီးလိုပါတယ်။ အခြားရှုထောင့်အရလည်း မြန်မာအစိုးရရော တရုတ်နဲ့အိန္ဒိယရဲ့လိုလားချက်ကပါ ဒေသတွင်းစစ်ရေးပြင်းထန်မှုထက်အပစ်ရပ်ရေး၊ စီမံကိန်းတွေအပြည့်အဝလည်ပတ်ရေးဦးစားပေးပါ။ ဘင်္ဂလားဒေ့ရှ်ကလည်းမြေပြင်ဆင်ဆံရေးထူထောင်မဲ့အလားအလာရှိပါတယ်။ ဒီလိုဆိုရင် AA ဟာအနိမ့်ဆုံးအဆင့် 'ဝ' လိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိတည်ဆောက်သွားပါလိမ့်မယ်။
AA ခေါင်းဆောင်ဟာ The diplomat သတင်းနဲ့အမေးအဖြေမှာ ၁၇၈၄ ခုနှစ် ကို အတိအကျရည်ညွှန်းသွားတာကလဲ AA မှာပိုကြီးတဲ့ရည်မှန်းချက်ရှိနေသလားတွေးရမှာပါ။ ဘိုးတော်ဘုရား လက်ထက်မှာ ရခိုင်ဘုရင်နိုင်ငံအသိမ်းခံခဲ့ရတဲ့ခုနှစ်ဖြစ်ပါတယ်။ ၁၇၈၄ ကို ပြန်အစ ဖော်လိုက်တာဟာ သာမန်ဖက်ဒရယ်ပြည်ထောင်စုအဆင့်ထက်ကျော်လွန်ပြီး ခွဲထွက်ရေးဘက်ကို သိသိသာသာ ခြေလှမ်းပြင်နေတယ်ဆိုတာ နိုင်ငံတကာကို မက်ဆေ့ခ်ျ (Message) ပေးလိုက်တာလို့ သုံးသပ်စရာပါ။
(ခ) ဘ င်္ဂ လီ အရေး
ရခိုင်နဲ့မူဆလင်တွေကြားမှာလူမျိုးရေးပဋိပက္ခတွေချက်ချင်းအေးငြိမ်းသွားဖို့ ခက်ခဲဦးမှာပါ။ ဒုက္ခသည် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တိုက်ရိုက်သဘောတူညီချက်တွေအကောင်အထည်ဖော်လာနိုင်ပြီး၊ AA ဘက်ကလည်း နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ မူဆလင်တွေကို လူ့အခွင့်အရေးအရ အကာအကွယ်ပေးတဲ့ မူဝါဒကို ခင်းကျင်းပြသလာနိုင်ပါတယ်။
(ဂ) အမေရိကန်-တရုတ်အားပြိုင်မှုရဲ့ ဗဟိုချက် (Flashpoint)
အမေရိကန်ကဘင်္ဂလားပင်လယ်အော်ကိုစိုးမိုးဖို့ကြိုးစားလာတာဟာ တရုတ်ကို အကြီးအကျယ်ခြိမ်းခြောက်ရာ ရောက်ပါတယ်။ ရခိုင်ဒေသဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာမိတ်ကွန်ရက်နဲ့ တရုတ်ရဲ့ပိုးလမ်းမ (BRI) တို့ တိုက်ရိုက်ထိပ်တိုက်တွေ့တဲ့ ပဋိပက္ခဆုံချက်ကြီးအဖြစ် ပိုမိုပုံပေါ်လာနိုင်တာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
၁၁-၆-၂၀၂၆
Geopolitics Admin

No comments:
Post a Comment