Thursday, 25 June 2026

 

**"PDF ကို တပ်မတော် အနိုင်ယူနိုင်မလား? - စစ်ရေး၊ မြေပြင်အခြေအနေနဲ့ ရေရှည်အကျိုးဆက်များ"**



မင်္ဂလာပါဗျာ။ ဒီနေ့ လူတိုင်းရဲ့ ရင်ထဲမှာ မေးခွန်းထုတ်နေကြတဲ့၊ ဒါပေမဲ့ ဘယ်သူမှလည်း အတိအကျ အဖြေမထုတ်ရဲကြသေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါက "PDF တွေကို တပ်မတော်က အနိုင်ယူနိုင်ပါ့မလား" ဆိုတဲ့ မေးခွန်းပေါ့။

ကျွန်တော်တို့ အခုပြောမယ့်အကြောင်းအရာက လက်ရှိ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ စစ်ရေးဗျူဟာပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်တွေကို ရှု့ထောင့်မျိုးစုံ ဘက်‌ေပါင်းစုံကနေ သုံးသပ်ကြည့်ကြမှာပါ။ အထူးသဖြင့် အခုလက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ စစ်ပွဲ‌ေတွက ဘယ်တော့ပြီးမှာလဲ ၊ ရေရှည်ဖြစ်သွားမှာလား၊ အမြစ်‌ပြတ်ခြေမှုန်းနိုင်ပါ့မလားဆိုတာကို ရိုးရိုးရှင်းရှင်းပဲ ဆန်းစစ်ကြည့်ကြရအောင်ပါ။


ကဲ... ပထမဆုံးအချက်အနေနဲ့ "နယ်မြေစိုးမိုးမှု" ဆိုတဲ့အချက်ကို ကြည့်ရအောင်။အခုဖြစ်နေတာတွေက အရင်က စစ်ပွဲတွေနဲ့ မတူတော့ပါဘူး။ အခု PDF တွေက မြို့ဝင်ဆိုင်းဘုတ်နားအထိ ရောက်နေပြီ။ ပြောရရင် မြို့တွင်းထဲမှာတောင် သူတို့ရဲ့ UGကွန်ယက်တွေက ဖြန့်ကျက်ထားပါတယ် ။ 

ကျွန်တော် ကြားရတဲ့ သတင်းတွေ၊ မြေပြင်အခြေအနေတွေကို ကြည့်ရင်တော့ ကျနာ်တို့နိူင်ငံအတွက် စိုးရိမ်စရာ အချက်တွေ အများကြီးရှိပါတယ်။ 


ဥပမာတစ်ခု ပြောပြမယ်။ မြို့တစ်မြို့ရဲ့ လဝကရုံးထဲကို PDF အမာခံနယ်မြေက လူတွေက မှတ်ပုံတင်လာလုပ်ရင်၊ အဲဒီရုံးက နိူင်ငံဝန်ထမ်းတွေက ပြာပြာသလဲ လုပ်ပေးနေရတယ်။ ဘာလို့လဲ? သူတို့ ကြောက်လို့ပါ။ "ငါတို့ မလုပ်ပေးရင် ဒီအကြမ်းဖက်အဖွဲ့အစည်း‌ေတွက ငါ့တို့ကို လာပြီး လုပ်ကြံသတ်ဖြတ်သွားနိူင်တယ်" ဆိုတဲ့ အကြောက်တရားက ရုံးဌာနတွေအထိ လွှမ်းမိုးထားပါ‌ေသးတယ်။



မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ ပခုက္ကူတက္ကသိုလ်လို နေရာမျိုးမှာတောင် အဝေးသင်လာဖြေတဲ့ PDF တွေနဲ့ ပြည့်နေတယ်။ သူတို့က မြို့ထဲက ဘီယာဆိုင်မှာ ဘီယာသောက်တယ်။ သူတို့ အမြဲသုံးတဲ့ ကားနံပါတ်တွေနဲ့ မြို့ဝင်ဂိတ်တွေကနေ ဖြတ်သွားတာတောင် ဘယ်သူမှ မတားရဲဘူး။ 


ကျနော်တို့ဘက်မှာက တပ်က စခန်းထဲမှာပဲ ရှိနေတယ် ဘန်ကာထဲမှာပဲ ပိတ်မိနေသလို ဖြစ်နေတယ်။ ထွက်လာရင်လည်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်း‌ေရးလုပ်ပြီး တပ်ထဲပြန်ဝင်သွားတာမျိုးပဲ ရှိတယ်။

စစ်ကြောင်းထိုးလည်း ပဒက်တွေက တိုက်ရဲကြတာမဟုတ်ဘူး တပ်လာရင် ပြေးတယ် စစ်ကြောင်းထိုးရင် ပြေးတယ် ၊ လေယာဉ်ပျံသံကြားရင် ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြတယ် ။ 


 နယ်မြေကို တကယ်‌ေသ‌ေသချာချာအပိုင်စီးနိုင်တဲ့ စနစ်ကျတဲ့ အရင်ကအခြေအနေမျိုး မဟုတ်တော့ဘူးဗျ။ ဒါက အလွန်ကို အရေးကြီးတဲ့ အားနည်းချက်တစ်ခုပါ။


ဒုတိယအချက်ကတော့ "ပြည်သူကို စည်းရုံးနိုင်ဖို့ပါ" ။ စစ်ပွဲတစ်ခုမှာ မြေနေရာပိုင်တာထက် ပြည်သူကို ပိုင်တာက ပိုအရေးကြီးတယ်။ ဒါကို အတော်များများကတော့ လက်ခံကြမှာမဟုတ်ပါဘူး ။ မြေကိုပိုင်မှ စစ်ကိုနိူင်တယ်လို့ ထင်နေကြသူတွေကလည်း အများကြီးရှိနေကြလို့ပါ ။ 

အဓိက ရန်သူရဲ့အမာခံကျေးရွာတွေကို အမြစ်ပြတ်ခြေမှုန်းပစ်ဖို့ပါ ၊ ဒီနေရာမှာလည်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြပြီး အကြမ်းဖက်သမားတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ နဲ့ အဲ့ဒီပဒက်ကျေးရွာတွေကို ဖြတ်လေးဖြတ် စနစ်နဲ့ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ် ။ အဓိကအချက်က လျှပ်စစ်ကဏ္ဍနဲ့ ဆက်သွယ်ရေးပါပဲ ၊ ပခုက္ကူမြို့အနောက်ဖက်က ပြည်သူ့စစ်ရွာတွေမှာ လျှပ်စစ်မီး မရတာ ကြာပါပြီ ရွာပြင်ထွက်ဖို့ ဈေးဝယ်သွားဖို့ တောင် လွယ်ကူတဲ့ အခြေအနေမဟုတ်တာ 3/4နှစ်ရှိပါပြီ ။ အဲ့ဒါကြောင့် ပခုက္ကူမြို့ပေါ်ကလွဲပြီး တခြားသော မြို့အနောက်ဖက်က ရန်သူ့အမာခံကျေးရွာတွေကို ဆက်သွယ်ရေး လျှပ်စစ်မီးနဲ့ ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက်ပစ်ဖို့ လိုအပ်ပါတယ် ။ 


PDF တွေရဲ့ ဗျူဟာက ရိုးရှင်းတယ်၊ ဒါပေမဲ့ ထိရောက်တယ်။ သူတို့က ပြည်သူနဲ့ တပ်မတော်ကြားမှာ အက်ကွဲကြောင်း ဖန်တီးတယ်။ တပ်စစ်ကြောင်းတစ်ခု ရွာထဲဝင်ပြီး ခဏနားရင်၊ အဲဒီအိမ်ကို စစ်ကြောင်းပြန်ထွက်တာနဲ့ PDF က လာပြီး ဒုက္ခပေးတယ်။ရေတိုက်တာ ထမင်းကြွေးတာ ဈေးဝယ်ပေးတာ လုပ်ရင် ရက်ရက်စက်စက် သတ်ပစ်ကြတယ် ။  

စစ်ကြောင်းလာရင် ပဒက်တွေက ပြေးခိုင်းတယ် မပြေးရင် ဒလန် သတင်းပေး ခေါင်းစဉ်းအမျိုးမျိုးတပ်ပြီး ငွေညှစ် ညှင်းပမ်းနှိပ်စက် သတ်ပစ်လိုက်တာတွေ အများကြီးရှိတယ် ။ အဲဒီတော့ ရွာသူရွာသားတွေက တပ်ကို လက်မခံရဲတော့ဘူး။


တပ်မတော်ဘက်ကလည်း အရင်ခေတ်ကလို ပြည်သူနဲ့ တစ်သားတည်းနေပြီး စည်းရုံးနိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး။

တချို့စစ်ကြောင်းတွေရဲ့ စည်းကမ်းမရှိတဲ့ လုပ်ရပ်တွေက ပြည်သူတွေကို ပိုပြီး ဝေးသွားစေတယ်။တချို့သော အမှားသေးသေးတွေ လုပ်လိုက်တဲ့လုပ်ရပ်တွေကလည်း တပ်မတော်အပေါ် ယုံကြည်မှုတွေကို အများကြီး ပျက်ပြားသွားစေတယ်။


တစ်ဖက်မှာတော့ NLD ပါတီဝင်ေတွနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြတဲ့ NUG PDF အကြမ်းဖက်သမားတွေက "ကြောက်ရွံ့မှု" ကို အခြေခံပြီး စိုးမိုးထားတာ။ ဆက်ကြေးပေးရမယ်၊ ထမင်းချက်ပို့ရမယ်၊ မလုပ်ရင် အသက်အန္တရာယ်ရှိမယ်။


 ဒီတော့ အညာကကျေးရွာတိုင်းမှာ PDF ရဲ့ ထောက်ပို့အမာခံတွေ စစ်ကြောင်းသတင်းပေး‌ေတွ ရှိနေတယ်။ 

ကျနော်တို့တပ်မတော်ကတော့ အဲဒီလိုမျိုး သတင်းပေးကွန်ယက် မတည်ဆောက်နိုင်တော့ဘူး။

သတင်းပေးတွေလည်း မလုံခြုံလို့ တခြားမြို့ရွာတွေကို ‌ထွက်ပြေးတိမ်းရှောင်နေကြရတော့ မြေပြင်အခြေအနေတွေကို တိုက်ရိုက်မသိနိူင်တော့ဘူး ။ 


အမှန်အတိုင်းဝန်ခံရရင် ပြည်သူ‌ေတွက တပ်ကို အားမကိုးရဲတော့သလို၊ NLD ပါတီဝင်ေတွနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြတဲ့ NUG PDF အကြမ်းဖက်သမားတွေ ကိုလည်း အသေကြောက်နေရတဲ့ အခြေအနေမျိုးပါ။ 



တတိယအချက်က စစ်နည်းဗျူဟာပါ။ အခု PDF တွေက ပျောက်ကျားစစ်ကို ကျင့်သုံးတယ်။ သာရင်တိုက်၊ မသာရင်ဆုတ်တယ်။ ချောင်းမြောင်းပစ်ခတ်တယ် ၊ လုပ်ကြံသတ်ဖြတ်တယ် ၊ပစ်ပြေးလုပ်တယ် ၊ ရန်ငါပြတ်တယ် ။  


အဓိကကတော့ ရွာထဲက လူငယ်တွေကို စည်းရုံးတယ်။ ဘောလုံးကန်၊ ခြင်းခတ်ရင်းနဲ့ သူတို့ဆီ ဆွဲခေါ်တယ်။ သားသမီး PDF ထဲ ပါသွားပြီဆိုရင် မိဘတွေကအစ အဲဒီရွာတစ်ခုလုံးက PDF ရွာတွေ ဖြစ်ကုန်တယ်။


တပ်မတော်ကတော့ ဒီလိုလူထုအခြေပြု စည်းရုံးရေးမျိုး မလုပ်နိုင်တော့ပါဘူး။


 ရှိပြီးသား ပြည်သူ့စစ်တွေကိုတောင် လက်နက်ကောင်းကောင်း မထောက်ပံ့နိုင်၊ ရိက္ခာမပေးနိုင်တဲ့အခါ သူတို့လည်း ဒုက္ခရောက်ကုန်တယ်။ 


ကိုယ့်ဘက်က ရွာတွေကိုတောင် မကာကွယ်ပေးနိုင်ရင် တိုင်းပြည်တစ်ခုလုံးကို ဘယ်လို ငြိမ်းချမ်းအောင် လုပ်ပေးမလဲဆိုတဲ့ မေးခွန်းက တပ်မတော်အပေါ် ပိုပြီး အမြင်စောင်းသွားစေမယ် ထင်ပါတယ်။


မြင်းခြံတို့၊ပခုက္ကူတို့ တခြားနယ်မြေတွေမှာ စစ်ကြောင်းထိုးလို့ အေးချမ်းသွားပြီလို့ ပြောပေမယ့် ဒါဟာ ခဏတာပါပဲ။ စစ်ကြောင်းပြန်ထွက်သွားတာနဲ့ PDF တွေက ပြန်ရောက်လာပြီး ဂိတ်ပြန်ထိုင်တာပါပဲ။


ဒါကြောင့် ဒီပဋိပက္ခက ချက်ချင်းပြီးဆုံးဖို့ဆိုတာ မလွယ်‌ေသးပါဘူး။ ဗကပ (ကွန်မြူနစ်ပါတီ) လက်ထက်ကလို နှစ်ပေါင်း ၄၀၊ ၅၀ ကြာမသွားဖို့ပဲ ကျနော်အနေနဲ့ ဆုတောင်းပါတယ်။ 


အကယ်၍သာ NLD ပါတီဝင်ေတွနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြတဲ့ NUG PDF အကြမ်းဖက်သမားတွေက ပြည်ပက အထောက်အပံ့တွေ ၊ လက်နက်ကြီးတွေ လေယာဉ်ပစ်တွေပါ ရလာခဲ့မယ်ဆိုရင်၊ တပ်မတော်အနေနဲ့ တော်တော်လေး ရုန်းကန်ရမယ့် အခြေအနေဖြစ်ပါတယ်။ 


စစ်ပွဲကြာရှည်လေလေ၊ ပြည်သူတွေရဲ့ ဒုက္ခက ပိုများလေလေပါပဲ။



ကဲ... ကျွန်တော် ပြောပြသွားတဲ့ အချက်တွေကို ခြုံငုံကြည့်ရင် အဖြေတစ်ခု ထွက်လာပါလိမ့်မယ်။


 နည်းဗျူဟာမပြောင်းရင်၊ ပြည်သူ့ရဲ့ ယုံကြည်မှုကို ပြန်မယူနိုင်ရင်၊ နယ်မြေစိုးမိုးမှုမှာ အခုလို အသာစီးမရရင်တော့ ဒီစစ်ပွဲက တိုတိုနဲ့ပြီးသွားဖို့ မမြင်ပါဘူး။


ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်က စစ်ပွဲတွေပေါ်မှာပဲ တည်နေတာ အရမ်းစိတ်မကောင်းစရာပါ။

သွေးညီနံ့တွေ ယမ်းနံ့တွေနဲ့ ကျနော်တို့ရဲ့ အမိမြေကို မတည်ဆောက်ချင်ပါဘူး ။ မိတ်ဆွေတို့ကော ဘယ်လိုမြင်လဲ? ကျွန်တော် ပြောတဲ့အချက်တွေထဲမှာ ဘာတွေများ ထပ်ဖြည့်စရာရှိမလဲ။ မှတ်ချက်မှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦး။

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ အားလုံးပဲ ဘေးကင်းလုံခြုံကြ

ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment