နိုင်ငံ့ပုံရိပ်နဲ့ သတင်းမှားများနောက်ကွယ်က အမှန်တရား
မင်္ဂလာပါ ခင်ဗျာ။
ဒီနေ့ ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ နေ့စဉ်ဘဝတွေနဲ့ အင်မတန် နီးကပ်နေပြီးတော့၊ တကယ့်ကို သတိထားသင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အခုလို နည်းပညာတွေ အရမ်းတိုးတက်လာတဲ့ ခေတ်ကြီးမှာ ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ လက်ထဲမှာ စမတ်ဖုန်းလေးတွေ ကိုယ်စီရှိနေကြပြီလေ။ အင်တာနက်ဆိုတာလည်း နေရာတိုင်းမှာ ရနေတော့ ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းက သတင်းတွေကိုတောင် ချက်ချင်းသိနိုင်တဲ့ အနေအထား ဖြစ်နေပါပြီ။
ဒါပေမယ့် မိတ်ဆွေတို့ စဉ်းစားကြည့်ဖူးလား... ကျွန်တော်တို့ နေ့တိုင်း မြင်နေ၊ ကြားနေရတဲ့ အရာတွေထဲမှာ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုး ဆိုတာတွေက ဒွန်တွဲနေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ အသိဉာဏ်ပညာ၊ ဗဟုသုတအပေါ် မူတည်ပြီး ဘယ်အရာကတော့ အမှန်ပဲ၊ ဘယ်အရာကတော့ အမှားပဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်လာနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့ တိုးတက်မှု တစ်ခုပါ။
ဒါပေမယ့် ပြဿနာက ဘယ်မှာစလဲဆိုတော့... မြန်မာနိုင်ငံအပေါ်မှာ တကယ်ကို အကောင်းမြင်တဲ့စိတ် ထားရှိသူတွေ ရှိသလို၊ အပြုသဘောမဆောင်ဘဲ အဆိုးမြင်နေတဲ့သူတွေ ကြားမှာ သတင်းတု၊ သတင်းမှား (Fake News) တွေ၊ မမှန်ကန်တဲ့ သတင်းတွေကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိနေသူတွေရဲ့ နှောင့်ယှက်မှုတွေကို ကျွန်တော်တို့နိူင်ငံက နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတာပါပဲ။
ဒီနေရာမှာ ကျွန်တော် တစ်ခု မေးချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ဆိုတာ ဘာလဲ။
ကိုယ့်နိုင်ငံရဲ့ ပုံရိပ် ကောင်းမွန်မှသာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာ ဆိုတာလည်း ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့ပုံရိပ်ကို ထိခိုက်အောင် နှောင့်ယှက်နေမှုတွေကို ကျွန်တော်တို့အားလုံးက ရှောင်ရှားရမယ်၊ လိုအပ်ရင် တုံ့ပြန်ရမယ်၊ အားလုံး ဝိုင်းဝန်းပြီး ဆန့်ကျင်တိုက်ဖျက်ကြရမယ့် အချိန်ရောက်နေပါပြီ။
ဒီနေ့ခေတ် လူမှုကွန်ရက် (Social Media) တွေပေါ်မှာ ကြည့်လိုက်ရင် အင်မတန် စိတ်မကောင်းစရာ တစ်ခုကို သွားတွေ့ရတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်အောင် အဓိက လုပ်နေကြတာက တခြားသူတွေ မဟုတ်ပါဘူး... မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဖြစ်နေတာပါပဲ။
ကမ္ဘာပေါ်က တခြားနိုင်ငံတွေကို တစ်ချက် လေ့လာကြည့်ရအောင်။ နိုင်ငံရေးအယူအဆ ဆိုတာ လူ့အသိုက်အဝန်းတိုင်းမှာ ကွဲပြားနိုင်ပါတယ်။ နိုင်ငံရေး ခံယူချက်တွေ မတူကြဘူး။ သဘောထားတွေ ကွဲလွဲကြတယ်။ ဒါ သဘာဝပါပဲ။ ဒါပေမယ့် သူတို့ဆီမှာ အခြေခံ စည်းမျဉ်းတစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်လောက်ပဲ သဘောထားကွဲလွဲနေပါစေ၊ ပြန်လည်တုံ့ပြန်ကြတဲ့ အခါမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ အကျိုးစီးပွားကိုတော့ ဘယ်တော့မှ အထိခိုက်မခံဘူး ဆိုတာပါပဲ။ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ဖျက်ဆီးတဲ့သူ ဆိုတာ အင်မတန်မှ ရှားပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာကျတော့ အဲဒီလို မဟုတ်ဘူး ဖြစ်နေတယ်။ ကိုယ့်နိုင်ငံသား အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ယုံကြည်ချက်တွေ၊ ခံယူချက်တွေ ကွဲပြားသွားကြတယ်။ အဲဒီကနေ တစ်ဆင့် နိုင်ငံ့ပုံရိပ် ထိခိုက်အောင်အထိ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာကြတာဟာ တကယ်ကို ရင်လေးစရာကောင်းတဲ့ အခြေအနေ တစ်ရပ်ပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုပြီးမြင်သာသွားအောင် ကမ္ဘာ့သမိုင်းထဲက သင်ခန်းစာတွေကို တစ်ချက်လောက် လှမ်းကြည့်ရအောင်။
သတင်းအမှားတွေ၊ ပြည်ပက ကြိုးကိုင်ထားတဲ့ လက်ဝေခံ မီဒီယာတွေရဲ့ ဝါဒဖြန့်မှုတွေကြောင့် နိုင်ငံတစ်ခုလုံး ပြာပုံဘဝ ရောက်သွားခဲ့ရတဲ့ တကယ့် ဖြစ်ရပ်မှန် နိုင်ငံ ၃ ခုအကြောင်းကို ကျွန်တော် နှိုင်းယှဉ်ပြီး ပြောပြချင်ပါတယ်။
၁။ လစ်ဗျားနိုင်ငံ (Libya)
မိတ်ဆွေတို့ မှတ်မိဦးမှာပါ... အရင်က လစ်ဗျားနိုင်ငံဆိုတာ အာဖရိကတိုက်မှာ အချမ်းသာဆုံး၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း အမြင့်မားဆုံး နိုင်ငံတစ်ခုပါ။ ပညာရေး၊ ကျန်းမာရေး အားလုံး အလကားရခဲ့တဲ့အပြင် အိမ်ထောင်ပြုရင်တောင် အစိုးရက ထောက်ပံ့တဲ့အထိ စီးပွားရေး တောင့်တင်းခဲ့တာ။
ဒါပေမယ့် ပြည်ပဩဇာခံ နိုင်ငံတကာ လက်ဝေခံ မီဒီယာတွေက ဘာလုပ်ခဲ့လဲ။ လစ်ဗျားအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ ပုံကြီးချဲ့၊ သတင်းတု သတင်းမှားတွေနဲ့ နေ့တိုင်း သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ကိုယ့်အစိုးရအပေါ် မုန်းတီးလာအောင် သတင်းအမှောင်ချပြီး တစ်ဖက်သတ် ဝါဒဖြန့်ခဲ့ကြတယ်။ အကျိုးဆက်ကတော့ ပြည်သူတွေ လမ်းပေါ်ထွက်လာပြီး ပြည်တွင်းစစ် ဖြစ်သွားခဲ့တယ်။ ဒီနေ့ လစ်ဗျား ဘာဖြစ်နေပြီလဲ... ကမ္ဘာ့အချမ်းသာဆုံး အဆင့်ကနေ အခုဆို နိုင်ငံတွင်းမှာ အစိုးရအဖွဲ့တွေ ကွဲ၊ လက်နက်ကိုင်တွေ သောင်းကျန်းပြီး တကယ့်ကို စုတ်ပြတ်သတ်သွားတဲ့ နိုင်ငံတစ်ခု ဖြစ်သွားခဲ့ရပါတယ်။
၂။ ဆီးရီးယားနိုင်ငံ (Syria)
ဒုတိယ ဥပမာတစ်ခုကတော့ ဆီးရီးယားနိုင်ငံပါ။ ဆီးရီးယားဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ပြည့်နှက်နေပြီး တကယ့်ကို အေးချမ်းသာယာတဲ့ ကမ္ဘာလှည့်ခရီးသွား နိုင်ငံတစ်ခု ဖြစ်ခဲ့တာပါ။
ဒါပေမယ့် ၂၀၁၁ ခုနှစ်ကစလို့ ပြည်ပဩဇာခံ မီဒီယာတွေဟာ ဆီးရီးယားရဲ့ သေးငယ်တဲ့ ပြည်တွင်း ဆန္ဒပြမှုလေးတွေကို နိုင်ငံတကာ အဆင့်အထိ ရောက်အောင် သတင်းတွေကို လုပ်ကြံဖန်တီး၊ ပုံကြီးချဲ့ပြီး ထုတ်လွှင့်ခဲ့ကြတယ်။ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင်၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာအောင် မီဒီယာတွေကနေ စနစ်တကျ သွေးထိုးပေးခဲ့တာပါ။ ရလဒ်ကတော့ ဆီးရီးယားနိုင်ငံဟာ နိုင်ငံတကာ စစ်တလင်း ဖြစ်သွားခဲ့ပြီး လှပတဲ့ မြို့ကြီးတွေဟာ အုတ်ကျိုးအတုံးအပဲ့တွေ ဖြစ်ကုန်တယ်။ ပြည်သူ သန်းနဲ့ချီပြီး ကိုယ့်အိမ်ကိုယ်စွန့်ခွာကာ ကမ္ဘာလှည့် ဒုက္ခသည်တွေ ဖြစ်ကုန်ကြရတဲ့အထိ ရင်နာစရာ ကောင်းခဲ့ပါတယ်။
၃။ အီရတ်နိုင်ငံ (Iraq)
နောက်ဆုံး တစ်ခုကတော့ ကျွန်တော်တို့အားလုံး ကောင်းကောင်းသိတဲ့ အီရတ်နိုင်ငံပါ။ အီရတ်နိုင်ငံကို စစ်မတိုက်ခင်မှာ နိုင်ငံတကာ လက်ဝေခံ မီဒီယာကြီးတွေက ဘာတွေကို သတင်းအဖြစ် သုံးခဲ့လဲ။ "အီရတ်နိုင်ငံမှာ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် ဧရာမ အဖျက်စွမ်းအားရှိတဲ့ အဏုမြူလက်နက်တွေ (Weapons of Mass Destruction) ရှိနေပါတယ်" ဆိုပြီး သတင်းအတု သတင်းမှားတွေကို တစ်ကမ္ဘာလုံး နားပူအောင် နေ့စဉ်ရက်ဆက် ဝါဒဖြန့်ခဲ့ပါတယ်။
ကမ္ဘာ့ပြည်သူတွေကလည်း မီဒီယာတွေ ပြောတာကို ဟုတ်လှပြီမှတ်ပြီး ယုံကြည်ခဲ့ကြတယ်။ ဒါနဲ့ပဲ စစ်ပွဲတွေ ဖြစ်လာပြီး အီရတ်နိုင်ငံတစ်ခုလုံး အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ရတယ်။ စစ်ပွဲပြီးလို့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရှာဖွေလိုက်တဲ့အခါမှာ အဲဒီ မီဒီယာတွေ ပြောခဲ့တဲ့ ဧရာမ အဖျက်စွမ်းအားရှိတဲ့ လက်နက်ဆိုတာ လုံးဝ မရှိခဲ့ပါဘူး။ အမှန်တရား ပေါ်လာချိန်မှာတော့ အီရတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ စီးပွားရေးတွေနဲ့ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာဟာ ပြာပုံဘဝ ရောက်သွားခဲ့ရပါပြီ။
မိတ်ဆွေတို့ စဉ်းစားကြည့်ပါ... ဒီနိုင်ငံ ၃ ခုလုံးဟာ ပြည်ပက သွေးထိုးပေးတဲ့၊ ကြိုးကိုင်ထားတဲ့ မီဒီယာတွေရဲ့ သတင်းစစ်ပွဲ (Information Warfare) မှာ ရှုံးနိမ့်သွားခဲ့လို့ နိုင်ငံတွေပါ ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။ မီဒီယာဆိုတာ သေနတ်တစ်လက်ထက်တောင် ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခု ဖြစ်နေတာကို ဒီသမိုင်းတွေက သက်သေပြနေပါတယ်။
ကဲ... ဒါဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဒီလိုပုံစံမျိုးတွေ ဖြစ်မလာအောင် ဘာတွေက နောက်ကွယ်မှာ ရှိနေလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။
ဒီလိုတွေ ဘာလို့ ဖြစ်နေရတာလဲ ဆိုတာကို ကျွန်တော်တို့ သေချာလေး ပြန်သုံးသပ်ကြည့်ဖို့ လိုပါတယ်။
တစ်ချက်ကတော့ ပြည်ပကနေ သွေးထိုးမြှောက်ပင့်ပေးမှုတွေ၊ ထောက်ပံ့ပေးမှုတွေကြောင့် နိုင်ငံကို ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိ လုပ်နေသူတွေ ရှိပါတယ်။ နောက်တစ်ချက်ကကျတော့ ကိုယ်တိုင်က ယုံကြည်ချက်၊ ခံယူချက် လွဲမှားနေတာ၊ အသိအမြင် ဗဟုသုတနဲ့ ပညာအခြေခံ နည်းပါးမှုတွေကြောင့် အသုံးချခံရပြီး နိုင်ငံကို ပျက်စီးအောင် လုပ်ဆောင်နေကြသူတွေလည်း ရှိနေပါတယ်။ ဒီလိုလူတွေ အနေနဲ့ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ အထူးသတိပြု ဆင်ခြင်ကြဖို့ အချိန်တန်နေပါပြီ။
မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်အောင် လုပ်ခြင်းအားဖြင့် ဘယ်သူတွေ နစ်နာသွားမလဲ။ နောက်ဆုံးတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူရဲ့ အကျိုးစီးပွားေတွပဲ ထိခိုက်ပျက်စီးသွားတာ မဟုတ်ဘူးလား။
ဒီနေ့ ကမ္ဘာပေါ်မှာ အရင်က လုံးဝ မဖွံ့ဖြိုးခဲ့တဲ့ နိုင်ငံတွေတောင်မှ အခုဆိုရင် အတော်လေး ဖွံ့ဖြိုးတိုးတက်လာကြတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲ။ သူတို့ဆီမှာလည်း ယုံကြည်ချက်၊ ခံယူချက် ကွဲပြားမှုတွေ ရှိတာပါပဲ။ ဒါပေမယ့် နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လာရင်တော့ သူတို့က စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းဆောင်ရွက်ကြတဲ့အတွက် အခုလို တိုးတက်လာကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု အနေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင် ရှေ့ကို တက်လှမ်းဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဒီလို နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စည်းလုံးညီညွတ်မှု အားနည်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် အရေးကြီးတဲ့ အချက်တစ်ခုကို ထည့်ပြောချင်ပါတယ်။
အခုဆိုရင် တိုင်းရင်းသားပြည်သူတွေ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲပြားသွားအောင်၊ အကြမ်းဖက်မှုတွေကို အားပေးအားမြှောက် ပြုလုပ်လာအောင်၊ နောက်ပြီး နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက် (Social Media) အမျိုးမျိုးကို အသုံးပြုပြီး သွေးထိုးလှုံ့ဆော်နေကြသူတွေ ရှိပါတယ်။ သူတို့အနေနဲ့ ကိုယ့်နိုင်ငံအကျိုးကို ထောက်ထားပြီး အမြင်မှန်ရဖို့ လိုအပ်သလို၊ တမင်သက်သက် ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေသူတွေကိုလည်း သက်ဆိုင်ရာက တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။
မဟုတ်မမှန်တဲ့ သတင်းတွေ၊ နိုင်ငံပျက်စီးရာပျက်စီးကြောင်း သတင်းတွေကို ဖြန့်ချိနေသူတွေကိုဆိုရင် ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀၊ ၅၂ တို့နဲ့ သော်လည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) တို့နဲ့ သော်လည်းကောင်း ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့အပြင် အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတွေ တင်တာ၊ လူ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ မဖွယ်မရာတွေ တင်တာ၊ နိုင်ငံရေးအရ အခြေအမြစ်မရှိ တိုက်ခိုက်ပြောဆိုတာတွေကိုလည်း ဥပဒေကြောင်းအရ တားမြစ်ဆောင်ရွက်နိုင်ဖို့ ကော်မတီတွေ ဖွဲ့စည်းပြီးတော့ အမှုဖွင့် အရေးယူတာတွေ၊ အသိပညာပေးတာတွေကို စနစ်တကျ လုပ်ဆောင်နေတာကိုလည်း သတိပြုမိကြမှာပါ။
တကယ်တော့လေ... Facebook၊ YouTube၊ TikTok စတဲ့ လူမှုကွန်ရက် တွေကို ဖန်တီးပေးထားတယ် ဆိုတာက နေ့စဉ်နဲ့အမျှ လူ့အသိုက်အဝန်း ကြားမှာ ကောင်းကျိုးတွေကို မျှဝေပေးနိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် အသိပညာတွေ၊ အတတ်ပညာတွေ ဖလှယ်နိုင်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီးတော့ ဒီလူမှုကွန်ရက်တွေကို အသုံးချကာ သတင်းတု၊ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ တင်တာ၊ နိုင်ငံ့ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ သတင်းတွေ တင်တာ၊ နိုင်ငံရေးအရ ထိခိုက်နစ်နာအောင် မမှန်မကန် ဝေဖန်တိုက်ခိုက်တာတွေကို ကျွန်တော်တို့ လုံးဝ ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။
ဒီလိုလုပ်ရပ်တွေကို ပြည်တွင်းမှာ ကျူးလွန်သူတွေကို တန်ပြန် အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ ဥပမာအနေနဲ့ ပြောရရင် သက်ဆိုင်ရာ တယ်လီဖုန်း နံပါတ်တွေကို ပိတ်သိမ်းတာ၊ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာကနေစပြီး တည်ဆဲဥပဒေတွေနဲ့အညီ တရားစွဲဆိုတာတွေအထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပကနေ မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုတွေကိုလည်း ကျွန်တော်တို့ ပြည်သူတွေက သတင်းအမှန်တွေနဲ့ ပြန်လည် တုံ့ပြန်ကြဖို့ လိုအပ်သလို၊ ကိုယ်တိုင်ကလည်း ဆင်ခြင်တုံတရားနဲ့ သတိထားပြီး ရှောင်ရှားကြဖို့ အထူးပဲ လိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာကတော့... မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ထိခိုက်ပျက်ပြားမှု မဖြစ်အောင် မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့ မြန်မာလူမျိုးတိုင်းက သတိပြု ဆောင်ရွက်ကြရမယ့် အချိန်ရောက်နေပါပြီ။
မြန်မာနိုင်ငံရဲ့ ပုံရိပ်ကောင်းမှသာ မြန်မာနိုင်ငံ ဆိုတာလည်း ကမ္ဘာ့အလယ်မှာ ခေါင်းမော့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတိုင်း၊ မြန်မာလူမျိုးတိုင်းက မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွား၊ မိမိတို့နိုင်ငံရဲ့ ပုံရိပ်ကို အားလုံး စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါလို့ ကျွန်တော့်အနေနဲ့ ဒီအစီအစဥ်လေးကနေ တစ်ဆင့် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
ဒီနေ့ ကျွန်တော် ပြောပြခဲ့တဲ့ အကြောင်းအရာတွေက မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာ တွေးတောဆင်ခြင်စရာ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ အစီအစဉ်လေးကို အဆုံးထိ ကြည့်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်တို့ နောက်ထပ် ဗီဒီယိုတွေ
မှာ ပြန်လည် ဆုံတွေ့ကြပါမယ်။ အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေ ခင်ဗျာ။

No comments:
Post a Comment