နိုင်ငံရေးဆိုတာ ဝေးလွန်းတဲ့အရာမဟုတ်ပါဘူး - ကျွန်တော်တို့ရဲ့ တည်ငြိမ်ရေးနဲ့ အနာဂတ်အကြောင်း
မင်္ဂလာပါ။ ဒီနေ့တော့ ကျွန်တော်တို့ ဒီခေတ်ကြီးထဲမှာ နိုင်ငံရေးဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့တင် လူတော်တော်များများက စိတ်ညစ်သွားကြတယ်၊ ဒါမှမဟုတ် “ငါနဲ့မဆိုင်ပါဘူး၊ ငါ့အလုပ်ငါလုပ်ဖို့ပဲ အရေးကြီးတယ်” ဆိုပြီး ရှောင်ဖယ်သွားကြတာမျိုး ရှိတတ်ကြပါတယ်။ ကျွန်တော်လည်း အဲ့ဒီခံစားချက်ကို နားလည်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ ဘာလို့ ဒီအကြောင်းကို ပြောဖြစ်တာလဲဆိုတော့... တကယ်တော့ ကျွန်တော်တို့ လ္ဘက်ရည်လေးသောက်ရင်း ပြောနေတဲ့ စကားဝိုင်းကအစ၊ မနက်ဖြန် ဘာစားမလဲဆိုတဲ့ အဆုံး၊ အားလုံးက နိုင်ငံရေးရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေလို့ပါပဲ။
အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ ပြည်သူတွေ အားလုံး လိုချင်နေကြတဲ့ “ငြိမ်းချမ်းရေး” နဲ့ “တည်ငြိမ်မှု” ဆိုတာ ဘယ်ကစမလဲဆိုတာကို အတူတူ သုံးသပ်ကြည့်ချင်လို့ပါ။
ဒီနေ့ပြောမယ့် အကြောင်းအရာက စာအုပ်ကြီးတွေထဲကအတိုင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ “နိုင်ငံရေးစနစ်” ဆိုတာ ဘာလဲ၊ ဘာလို့ ဒါဟာ ကျွန်တော်တို့ရဲ့ တည်ငြိမ်ရေးအတွက် အသက်သွေးကြောဖြစ်နေရတာလဲ ဆိုတာကို ရိုးရိုးရှင်းရှင်းလေး စကားပြောသွားမှာပါ။
လူတွေက နိုင်ငံရေးလို့ ပြောလိုက်ရင် အာဏာ၊ ထိုင်ခုံ၊ ရာထူး၊ ဒါမှမဟုတ် နိုင်ငံခြားသတင်းတွေလို့ပဲ ထင်တတ်ကြတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ “အဖွဲ့အစည်းတစ်ခုကို ဘယ်လိုစီမံမလဲ” ဆိုတဲ့ အနုပညာတစ်ခုပါပဲ။
ဥပမာလေးတစ်ခု ပေးပါ့မယ်။ ခင်ဗျားတို့ အိမ်မှာ လူ ၅ ယောက်ရှိတယ်ဆိုပါစို့။ အိမ်မှာ ဘယ်သူက ဘာလုပ်မယ်၊ ဝင်ငွေ ဘယ်လောက်ရှိမယ်၊ ဘယ်အချိန်မှာ ထမင်းစားမယ်၊ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေရင် ဘယ်သူ့စကားနားထောင်ပြီး ဖြေရှင်းမလဲ - ဒီစီမံခန့်ခွဲမှုက အိမ်ရဲ့ နိုင်ငံရေးပါပဲ။
နိုင်ငံရေးစနစ်ဆိုတာလည်း အဲ့ဒီအတိုင်းပါပဲ။ နိုင်ငံဆိုတဲ့ အိမ်ကြီးကို စီမံခန့်ခွဲတဲ့အခါ အဓိက စနစ်ကြီး နှစ်ခုလောက် ရှိပါတယ်။
တစ်ခုကတော့ "လူတစ်စု ဒါမှမဟုတ် လူတစ်ယောက်တည်းက အကုန်လုံးကို ဆုံးဖြတ်တဲ့စနစ်" အ-ေသာ်-ရီ-တဲရီးယန်း-နိဇမ်"(Authoritarianism) ပေါ့။ ဒါမျိုးက မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်တယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ အမှားလုပ်မိရင် ပြင်ဖို့ ခက်တယ်။ ဘာလို့လဲဆိုတော့ တိုင်ပင်ဖော် တိုင်ပင်ဘက် မရှိလို့ပါ။
နောက်တစ်ခုကတော့ "ကျွန်တော်တို့ အားလုံး ပါဝင်ပြီးမှ ဆုံးဖြတ်တဲ့စနစ်" (Democracy - ဒီမိုကရေစီ) ပေါ့။ ဒါကတော့ လူတိုင်းရဲ့ အသံကို နားထောင်တယ်။ ဘာလို့ ဒီစနစ်ကို ကမ္ဘာက အားသာချက်ရှိတယ်လို့ ပြောကြတာလဲဆိုတော့၊ အမှားလုပ်မိရင်တောင် ပြင်လို့ရတဲ့ အခွင့်အရေးရှိလို့ပါ။ အမှားလုပ်တဲ့သူကို လူတွေက “ဒါ မမှန်ဘူး” လို့ ပြောလို့ရတယ်။
ဒါပေမဲ့... ကျွန်တော်တို့ဆီမှာ ပြဿနာက ဘာလဲဆိုတော့၊ စနစ်တွေက ဘယ်လောက်ပဲ ကောင်းကောင်း၊ အဲ့ဒီစနစ်ကို သုံးတဲ့သူတွေရဲ့ စိတ်ဓာတ်၊ အဲ့ဒီစနစ်ကို နားလည်တဲ့ ပြည်သူတွေရဲ့ အသိပညာက ပိုအရေးကြီးနေတာပါ။
ကျွန်တော်တို့ အခု အလိုအပ်ဆုံးက “တည်ငြိမ်မှု” ပါ။ ငြိမ်းချမ်းရေးမရှိရင် စီးပွားရေးလုပ်လို့မရဘူး၊ ပညာသင်လို့မရဘူး၊ မိသားစုနဲ့ စိတ်ချလက်ချ နေလို့မရဘူး။ ဒါဆိုရင် တည်ငြိမ်မှုဆိုတာ ဘယ်လိုရလာမလဲ? သေနတ်နဲ့ ခြိမ်းခြောက်ထားမှ တည်ငြိမ်တာလား? မဟုတ်ပါဘူး။ အဲ့ဒါက အပြင်ပန်း တည်ငြိမ်သယောင်နဲ့ အတွင်းထဲမှာ ပေါက်ကွဲနေတဲ့ တည်ငြိမ်မှုမျိုးပါ။
တကယ့်တည်ငြိမ်မှုဆိုတာ “စည်းမျဉ်း (Rule of Law)” ပေါ်မှာ အခြေခံတာပါ။
စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ လမ်းကူးရင် မီးပွိုင့်စောင့်ရတယ်။ ဘာလို့လဲ? ဘယ်သူကမှ ကားတိုက်မခံချင်လို့ပါ။ အဲ့ဒီ မီးပွိုင့်က စည်းမျဉ်းတစ်ခုပဲ။ လူတိုင်းက အဲ့ဒီစည်းမျဉ်းကို လိုက်နာရင် တည်ငြိမ်တယ်။ ဒါပေမဲ့ မီးပွိုင့်က အနီရောင်ပြနေတာကို ကိုယ်က အရေးကြီးတယ်ဆိုပြီး ထဖောက်ရင်... ဘာဖြစ်မလဲ? ယာဉ်တိုက်မှု ဖြစ်မယ်၊ ရုန်းရင်းဆန်ခတ် ဖြစ်မယ်။ တည်ငြိမ်မှု ပျက်သွားပြီ။
နိုင်ငံရေးမှာလည်း ဒီအတိုင်းပါပဲ။ ဥပဒေဆိုတာ လူအားလုံးအတွက် တန်းတူဖြစ်ရမယ်။ ဘယ်သူကမှ ဥပဒေထက် မကြီးမားရဘူး။ “သူက ငါ့လူ၊ သူက မင်းလူ” ဆိုတဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေသရွေ့တော့ ဘယ်စနစ်နဲ့ပဲ အုပ်ချုပ်အုပ်ချုပ် တည်ငြိမ်မှုဆိုတာ ခဏလေးပဲ ခံပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ အဓိက အားနည်းချက်က အဲ့ဒီနေရာမှာပါ။ ကျွန်တော်တို့က စနစ်ကို အပြစ်တင်တတ်ကြပေမဲ့၊ ကိုယ်တိုင်က အဲ့ဒီစနစ်ရဲ့ အစိတ်အပိုင်းဖြစ်နေမှန်း မေ့နေတတ်ကြတယ်။
“ငါတစ်ယောက်တည်း နိုင်ငံရေးစိတ်ဝင်စားလို့ ဘာထူးမှာလဲ” လို့ မေးချင်ကြလိမ့်မယ်။
ကျွန်တော် ပြောချင်တာတစ်ခုရှိတယ်။ နိုင်ငံတစ်ခုရဲ့ အနာဂတ်ဟာ အဲ့ဒီနိုင်ငံမှာရှိတဲ့ လူတွေရဲ့ "အတွေးအခေါ်" ပေါ်မှာ မူတည်ပါတယ်။
နိုင်ငံရေး ရေချိန် နိမ့်ပါးနေတဲ့ ပြည်သူတွေ များလေလေ၊ အာဏာရှိတဲ့သူတွေက ကိုယ်ကျိုးအတွက် လုပ်ဖို့ ပိုလွယ်လေလေပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တည်ငြိမ်ရေးအတွက် အဓိက သော့ချက်က "အသိပညာ" ပါ။
သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရင် ဒါက ဘာကြောင့်ဖြစ်တာလဲ? ဘယ်သူ့အတွက် အကျိုးရှိတာလဲ? ဆိုတာကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပါတယ်။ စိတ်ခံစားချက်နောက်ကိုပဲ လိုက်နေမယ်ဆိုရင် ကျွန်တော်တို့က အသုံးချခံတွေ ဖြစ်သွားနိုင်ပါတယ်။ တည်ငြိမ်မှုကို လိုချင်ရင် စိတ်ခံစားမှုထက် "အချက်အလက် (data)" ကို ပိုဦးစားပေးရပါမယ်။
ဒါကို ပြောတဲ့အခါ ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ကိုယ့်ရဲ့ ရပ်ကွက်ထဲမှာ ဖြစ်ပျက်နေတာတွေကို သတိထားကြည့်ပါ။ တရားမျှတမှုကို တန်ဖိုးထားပါ။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူပေမဲ့ စကားပြောဆိုတဲ့ ယဉ်ကျေးမှုကို တည်ဆောက်ပါ။ ဒါဟာ နိုင်ငံရေး စနစ်ထက် ပိုအရေးကြီးတဲ့ "လူမှုရေး တည်ငြိမ်မှု" ပါ။
ခင်ဗျားတို့ရဲ့ စိတ်ထဲမှာရှိတဲ့ အငြိုးအတေးတွေ၊ အမုန်းတရားတွေနဲ့ ပုန်ကန်နေတဲ့ စိတ်ခံစားချက်တွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေ့ ပြောနေတာက “ဘယ်လို တည်ငြိမ်မှုမျိုးကို ပိုင်ဆိုင်ချင်သလဲ” ဆိုတဲ့ အနာဂတ်အကြောင်းပါ။
အခု ကျွန်တော် ပြောချင်တာက နည်းနည်းတော့ ထိရှလွယ်တဲ့ အကြောင်းအရာပါ။ ဒါပေမဲ့ ပြောပြမှ ဖြစ်တော့မှာမို့လို့ပါ။ ကျွန်တော်တို့ဆီမှာ အခုတလော နိုင်ငံရေးဆိုရင် “တော်လှန်ရေး = Revolution” နဲ့ “ပုန်ကန်ခြင်း = Rebellion ” ဆိုတာကိုပဲ ပြေးမြင်နေကြတယ်။
ဟုတ်ပါတယ်... ကိုယ်မကြိုက်တဲ့အရာကို တွန်းလှန်တာ၊ ဆန့်ကျင်တာဟာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ အမုန်းတရားတစ်ခုတည်းနဲ့ တည်ဆောက်တဲ့ နိုင်ငံရေးလမ်းကြောင်းဟာ တကယ့်ကို အန္တရာယ်များပါတယ်။
ကျွန်တော်တို့ကို မေးကြည့်ပါဦး။ အမုန်းတရားက ကျွန်တော်တို့ကို ဘာပေးလိုက်သလဲ? စိတ်ပင်ပန်းမှု၊ ဒေါသ၊ ပြီးတော့ အချိန်တွေပဲ ကုန်သွားတာပါ။ အမုန်းတရားနဲ့ ပုန်ကန်တာဟာ မီးကို မီးနဲ့ ငြိမ်းသလိုပါပဲ။ နောက်ဆုံးမှာ ဘာမှ မကျန်ခဲ့ဘဲ ပြာပဲ ကျန်ခဲ့တတ်ပါတယ်။
ကျွန်တော်တို့ တစ်ချက်လောက် စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ တကယ် လိုချင်တာက “အနိုင်ရဖို့” လား၊ ဒါမှမဟုတ် “ငြိမ်းချမ်းပြီး တည်ငြိမ်ေအးချမ်းတဲ့ နိုင်ငံ ဖြစ်ဖို့” လား။
ဒါမှမဟုတ် တစ်ခုခုကို ဖြိုချဖို့လား ဖျက်ဆီးဖို့အတွက်လား ။
အကယ်၍ ကျွန်တော်တို့က တဖက်ကို အမုန်းတရားနဲ့ပဲ တိုက်ခိုက်နေမယ်ဆိုရင်၊ တစ်နေ့ကျရင် ကိုယ်တိုင်လည်း အဲ့ဒီအမုန်းတရားရဲ့ အကျဉ်းသား ဖြစ်သွားနိုင်ပါတယ်။ အမုန်းတရားနဲ့ တည်ဆောက်တဲ့ အိမ်ဟာ ဘယ်တော့မှ ခိုင်ခံ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုန်ကန်ခြင်း၊ ဖျက်ဆီးခြင်းထက် ပိုအရေးကြီးတဲ့ လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ ရှာဖို့ လိုနေပါပြီ။ အဲ့ဒါကတော့ “တိုင်းပြုပြည်ပြု” ဆိုတဲ့ တိုင်းပြည်တည်ဆောက်ရေး လမ်းကြောင်းပါပဲ။
ဒါဆို တိုင်းပြုပြည်ပြု နိုင်ငံရေးဆိုတာ ဘာလဲ? နိုင်ငံရေးဆိုတာ လမ်းမပေါ်မှာ အော်ဟစ်နေတာ၊ သို့မဟုတ် တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေတာ သက်သက်မဟုတ်ပါဘူး။
ဦးမင်းအောင်လှိုင်ကို ထိုင်ဆဲနေတာ နိူင်ငံရေးမဟုတ်ပါဘူး ၊ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူထုအပေါ်ချနင်းချတာတွေ ပြည်သူကို လမ်းမှားရောက်အောင် တွန်းပို့ခဲ့တာတွေ အပြစ်ပြောနေတာတွေကလည်း နိူင်ငံရေးမဟုတ်ပါဘူး ။
တိုင်းပြုပြည်ပြု နိုင်ငံရေးဆိုတာ “ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပြီး နိုင်ငံအတွက် လက်တွေ့ အလုပ်လုပ်ပြဖို့” ပါ။ ဥပမာတစ်ခု ပြောပြမယ်။ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ အမှိုက်တွေ ရှုပ်နေတယ်ဆိုပါစို့။ အစိုးရကိုပဲ ထိုင်စောင့်နေမလား? သို့မဟုတ် အမုန်းတရားနဲ့ အစိုးရကိုပဲ ထိုင်ဆဲနေမလား? ဒါဟာ အမုန်းတရားနဲ့ ပုန်ကန်တဲ့ပုံစံပါ။
ဒါပေမဲ့ တိုင်းပြုပြည်ပြုတဲ့သူကတော့... “ဒီအမှိုက်တွေကို ဘယ်လိုရှင်းမလဲ၊ ရပ်ကွက်ထဲမှာ စည်းကမ်းရှိရှိနဲ့ ဘယ်လိုနေမလဲ” ဆိုတာကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပြတယ်။ ဒါဟာ သေးငယ်တဲ့ ရပ်ကွက် နိုင်ငံရေးပါပဲ။ ဒါပေမဲ့ အဲ့ဒီလို လူငယ်တွေ၊ လူလတ်ပိုင်းတွေက ကိုယ့်အလုပ်ကိုယ်ကျွမ်းကျင်အောင်၊ ကိုယ့်ပညာရပ်မှာ ထူးချွန်အောင် ကြိုးစားပြီး အပြန်အလှန် လေးစားမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်သွားမယ်ဆိုရင်... အဲ့ဒါကပဲ တကယ့် အနာဂတ်နိုင်ငံရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်လာမှာပါ။
အချင်းချင်းကြားထဲ အမုန်းပွားလာအောင် ဟိုလူအပြစ်တင် ဒီလူအပြစ်ပြောနဲ့ လုပ်နေတဲ့ နိူင်ငံရေးကတော့ အောက်တန်းစားနိူင်ငံရေးပါပဲ ။
နိုင်ငံရေးဆိုတာ အထက်ကလူတွေ စီမံတာကိုပဲ ထိုင်စောင့်နေရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်က ကိုယ့်ဘဝ၊ ကိုယ့်အလုပ်၊ ကိုယ့်အသိပညာနဲ့ ကိုယ်နိုင်ငံကို ကိုယ်ကိုတိုင် တည်ဆောက်နေရတာပါ။
ကျနော်တို့ မြန်မာပြည်က ပညာတတ် လူငယ်လူရွယ်တွေအနေနဲ့
“တော်လှန်ခြင်း” ကနေ “တည်ဆောက်ခြင်း” ဘက်ကို ကူးပြောင်းဖို့ အချိန်တန်ပါပြီ။ ဒါဟာ ဘယ်သူအတွက်မှမဟုတ်ပါဘူး ကျနော်တို့တိုင်းပြည်အတွက် ကျနော်တို့ရဲ့ နိူင်ငံအတွက်ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ့ ခွန်အားတွေကို အမုန်းတရားနဲ့ လောင်ကျွမ်းပစ်ေနကြမယ့်အစား၊ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့် အသိပညာ၊ အတတ်ပညာ၊ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြရအောင်။ ဒါမှသာ ကျွန်တော်တို့ လိုချင်တဲ့ “တည်ငြိမ်မှု” ငြိမ်းချမ်းမှု နဲ့ အေးချမ်းသာယာသော လူမှု့အသိုက်အဝန်း ဆိုတာ ခိုင်ခိုင်မာမာ ရလာမှာပါ။
ကဲ... စကားတွေ အများကြီး ပြောမိသွားပါပြီ။
ကျွန်တော်တို့ မြန်မာနိုင်ငံကြီးက သမိုင်းကြောင်းအရ အလှည့်အပြောင်းတွေ များခဲ့ပါတယ်။ ပမညတ ဖဆပလ ပထစ မဆလ နဝတ နအဖ ဒီမိုကရေစီခေတ် ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် ဦးမင်းအောင်လှိုင် အစိုးရတွေ အဆက်ဆက်ပါပဲ ။ ဘာတွေပြောင်းလဲသွားလဲ ဘာမှပြောင်းလဲလာတာမရှိဘူး ။ ခေတ်အဆက်ဆက်မှာ သူပုန်သူကန် ကွန်မြုနစ်သောင်းကျန်းသူတွေ အလံဖြုအလံနီ တောခိုလက်နက်ကိုင်ကြတာတွေ လူမျိုးစု လက်နက်ကိုင်သောင်းကျန်းသူတွေ ခေတ်အဆက်ဆက် အဖျက်သမားတွေ အများကြီးပေါ်ခဲ့ပါတယ် ။ နောက်ဆုံးဘုရာဒကာကြီး ဦးနုတောင် လက်နက်ကိုင်တောခိုတာတွေ လုပ်ဆောင်ခဲ့သေးတာပဲ ။ ဒီလိုပဲ စစ်ပွဲတွေ တိုက်ပွဲတွေနဲ့ သေကြေပျက်ဆီးမှုတွေကိုပဲ မျိုးဆက်သစ်တွေကို အမွေပေးခဲ့ကြပါ ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်ဖို့ လိုပါတယ်။
ကျနော်တို့ရဲ့ နောက်ထပ်မျိုးဆက်တွေ ကျနော်တို့အားလုံးက ဂုဏ်သိက္ခာရှိရှိ နိူင်ငံရေးလုပ်ဆောင်တတ်အောင် အသိပညာတွေ အမွေပေးခဲ့ချင်ပါတယ် ။
ထစ်ကနဲ့ရှိ လက်နက်စွဲကိုင် တော်လှန်သူပုန် လုပ်နေကြတဲ့ ဒုတ်ဆွဲဓားဆွဲ လူမိုက်နိူင်ငံရေးကိုတော့ ကျနော်ခေတ်မှာပဲ အဆုံးသတ်ပေးကြဖို့ မျှော်လင့်ပါတယ်ဗျာ ။
ငြိမ်းချမ်းရေးဆိုတာ တစ်ယောက်တည်း လုပ်လို့မရပါဘူး။ အားလုံး ဝိုင်းလုပ်မှ ရတာပါ။ နိုင်ငံရေးစနစ်တွေကတော့ ပြောင်းလဲသွားနိုင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေကြားထဲက နားလည်မှု၊ စာနာမှုနဲ့ တရားမျှတမှုကို တန်ဖိုးထားတဲ့ စိတ်ဓာတ်ကတော့ ဘယ်စနစ်ထက်မဆို ပိုပြီး အသက်ဝင်နေသင့်ပါတယ်။
ဒီနေ့ကစပြီး နိုင်ငံရေးကို စိတ်ပျက်စရာအဖြစ် မမြင်ပါနဲ့။ နိုင်ငံရေးဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်၊ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်ကို တည်ဆောက်နေတာလို့ပဲ သဘောထားပေးပါ။
အဓိကပြောချင်တာက လူငယ်လူရွယ်တိုင်း ဒီနေ့ကစပြီး
ပိုပြီး စူးစမ်းပါ၊ ပိုပြီး ဆင်ခြင်ပါ၊ ပိုပြီး တည်ငြိမ်အောင် ကြိုးစားပါ။
ကျွန်တော်တို့ အားလုံး အတူတူ ကျနော်တို့ နိူင်ငံကို ငြိမ်းချမ်းေရးရရှိအောင် တည်ဆောက်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည် မျှော်လင့် ပါတယ်။ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ နားခွင့်ပြုပါ မိတ်ဆွေတို့
နောက်တစ်ပတ်မှာလည်း ဒီထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့၊ ကျွန်တော်တို့ ဘဝနဲ့ နီးစပ်တဲ့ န်ူင်ငံရေး အကြောင်းအရာတွေနဲ့ ပြန်လာခဲ့ပါမယ်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမ
ာခြင်းနဲ့ ပြည့်စုံကြပါစေ။
မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေခင်ဗျာ။


No comments:
Post a Comment