‘နိုင်ငံရေးစိတ်ကူးစိတ်သန်း’ ကျဉ်းမြောင်းသွားခြင်းအကြောင်း
နိုင်ငံရေးစိတ်ကူးစိတ်သန်းဆိုတာ ဘာလဲ
မိတ်ဆွေတို့ အနေနဲ့ ‘နိုင်ငံရေးစိတ်ကူးစိတ်သန်း’ (Political Imagination) ဆိုတဲ့ စကားလုံးကို ကြားဖူးချင် ကြားဖူးလိမ့်မယ်။ မကြားဖူးလဲ ကိစ္စမရှိပါဘူး၊ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ နိုင်ငံရေးစိတ်ကူးစိတ်သန်းဆိုတာ လူ့အဖွဲ့အစည်းတစ်ခုမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ ပိုကောင်းတဲ့ အနာဂတ်တစ်ခု တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ စိတ်ကူးမြော်မြင်နိုင်စွမ်း၊ နည်းလမ်းပေါင်းစုံကို ရှာဖွေနိုင်စွမ်းကို ပြောတာပါ။
ပြဿနာက ဘာလဲဆိုတော့... လူ့အဖွဲ့အစည်းတစ်ခုမှာ အကျပ်အတည်းတွေ ကြုံလာရတဲ့အခါ အဲဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဟာ နိုင်ငံရေးနည်းလမ်း မဟုတ်တော့ဘူးလို့ လူတွေက သတ်မှတ်လိုက်တဲ့အချိန်ကစပြီး ဒီ ‘နိုင်ငံရေးစိတ်ကူးစိတ်သန်း’ တွေဟာ တဖြည်းဖြည်းနဲ့ ကျဉ်းမြောင်း ပျောက်ကွယ်သွားတတ်ပါတယ်။
ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ ပုံမှန်ဆိုရင် ပြဿနာတစ်ခု ရှိလာရင် နည်းလမ်းပေါင်းစုံနဲ့ စဉ်းစားလို့ရတယ်ေနာ်။ ဆွေးနေွး ညှိနှိုင်းမလား၊ စနစ်ကို ပြင်မလား၊ အပေးအယူလုပ်မလား၊ အားလုံးပါဝင်နိုင်တဲ့ လမ်းကြောင်းကို ရှာမလား။ ဒါတွေဟာ စိတ်ကူးစိတ်သန်းတွေပဲ။ ဒါပေမဲ့ အဲဒီစိတ်ကူးတွေ မရှိတော့တဲ့အခါ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေဟာ လမ်းချော်သွားတော့တာပါပဲ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပညာပေးမှု၊ ဆွေးနွေးမှု မှန်သမျှဟာလည်း တကယ့်အဖြေရှာဖို့ မဟုတ်တော့ဘဲ "ငါ့ဘက်လား၊ သူ့ဘက်လား" ဆိုတဲ့ အမြင်တစ်ခုတည်းပဲ ကျန်ပါတော့တယ်။
ဒီလိုနဲ့ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ "အဖြူမဟုတ်ရင် အမည်း" ဆိုတဲ့ အတွေးအခေါ်က စိုးမိုးလာတယ်။ ကမ္ဘာပေါ်မှာ ဒီနှစ်ရောင်တည်း ရှိတာ မဟုတ်ပါဘူး။ မီးခိုးရောင် ရှိတယ်၊ အခြား အရောင်အသွေးစုံ လက္ခဏာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီလို ကျဉ်းမြောင်းသွားတဲ့ လူ့အဖွဲ့အစည်းမှာတော့ အလယ်အလတ်လမ်းစဉ် လည်း မရှိတော့ဘူး။ ငါ့အမြင်နဲ့ မတူရင် မင်းက ရန်သူပဲ။
မိတ်ဆွေတို့ စဉ်းစားကြည့်ပါဦး။ ကိုယ်နဲ့အမြင်မတူတဲ့သူဟာ ကိုယ့်လိုပဲ ဒီမြေပေါ်မှာ နေ၊ ဒီရေကိုသောက်ပြီး ရုန်းကန်နေရတဲ့ ဘဝတူ နိုင်ငံသားတစ်ယောက်ပါ ဆိုတဲ့အတွေး ။
ဒါပေမဲ့ အဖြူအမည်း အတွေးအခေါ်ရဲ့ မှိုင်းမိသွားတဲ့အခါ အဲဒီဘဝတူ နိုင်ငံသားကို "ရန်သူ" လို့ သတ်မှတ်လိုက်ပြီး အချင်းချင်း လက်စားချေချင်တဲ့ အယူဝါဒတွေ ထွန်းကားလာပါတယ်။
အဆိုးဆုံးက ဘာလဲဆိုတော့ "လူသားအဖြစ်ကနေ လျော့ချမြင်လာတာ" (Dehumanization) ပဲ ဖြစ်ပါတယ်။
လူတစ်ယောက်ကို လူလိုမမြင်တော့ဘဲ အမုန်းတရားရဲ့ ပြယုဂ်တစ်ခုလို မြင်လာကြတယ်။ ဒီအခါမှာ အမြင်မတူတဲ့ ဘဝတူနိုင်ငံသားတစ်ယောက် လုပ်ကြံခံရတာ၊ ဒုက္ခရောက်ေအာင်လုပ်ကြတာ၊ ဒါမှမဟုတ် အသက်ဆုံးရှုံးသွားတာကို မြင်ရင်တောင် "ဒါဟာ မတရားဘူး၊ ဒါဟာ မဖြစ်သင့်ဘူး" လို့ လက်သင့်မခံစရာအဖြစ် မမြင်တော့ဘဲ၊
"ဒါဟာ သူအနေအထိုင်မတတ်လို့ ၊ ပါးစပ်စည်းကမ်းမရှိလို့၊ ဖြစ်မှာပေါ့ ဘာကြောင့်လေ ဖြစ်မှာပေါ့ သူကဘာလေ ညာလေ" ဆိုပြီး ဝမ်းသာအားရ လက်ခုပ်တီးတဲ့အထိ လူတွေရဲ့အေခြခံ စိတ်ဓာတ်တွေ ပျက်စီးသွားကြပါတယ်။
ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အနုတ်လက္ခဏာ သဘောသဘာဝတွေပါပဲ။
ဒါက ကျနော်တို့အောက်ခြေက လူမှုအသိုက်အဝန်းရဲ့အခြေအနေတွေပါ ။ အုပ်ချုပ်သူ အုပ်ဆိုးသူ အထက်တန်းလွှာ အာဏာပိုင်တွေမှာလည်း အဲ့ဒီအတိုင်းပဲ ပြဿနာတွေက ရှိနေပါသေးတယ် ။
အေရးအကြီးဆံုး ထင်ရှားတဲ့အချက်ကတော့ သမိုင်းကို ကိုယ့်စိတ်ကြိုက် ပုံဖော်ကြတာပဲ။ ကိုယ့်လုပ်ရပ် တရားပါတယ်လို့ ပြဖို့အတွက် သမိုင်းကြောင်းတွေကို ဘက်တစ်ဘက်တည်းကနေ ဇာတ်ကြောင်းတည်ဆောက်ကြတယ်။
"ငါတို့က အမြဲတမ်း မှန်ခဲ့တယ်၊ သူတို့က အမြဲတမ်း မှားခဲ့တယ်" ဆိုတဲ့ ဇာတ်ညွှန်းတွေကို ကိုယ်စီရေးကြတာပါပဲ ။ သမိုင်းဆိုတာ သင်ခန်းစာယူဖို့ မဟုတ်တော့ဘဲ လက်ရှိလုပ်နေတဲ့ အကြမ်းဖက်မှုတွေ၊ အမုန်းတရားတွေကို အကြောင်းပြချက်ပေးဖို့ လက်နက်တစ်ခုလို သုံးလာခဲ့ကြပါတယ်။
ဒီလို နဲ့ လူ့အဖွဲ့အစည်းမျိုးမှာ "ငြိမ်းချမ်းရေး" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကော ဘာဖြစ်သွားမလဲ။
မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ အားလုံး မျှမျှတတ ရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းရေးလို့ မတွေးတတ်တော့ဘူး။
သူတို့ရဲ့ စိတ်ကူးယဉ်မှုထဲမှာ ငြိမ်းချမ်းရေးဆိုတာ "အုပ်စုတစ်စုကနေ အခြားအုပ်စုတစ်ခုကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်ခြင်း" လို့ ထင်လာကြတယ်။
တစ်ဖက်လူ အားလုံး ပျောက်ကွယ်သွားမှ ငါတို့ အေးချမ်းမယ်ဆိုတဲ့ စိတ်ကူးဟာ တကယ်တော့ ငြိမ်းချမ်းရေး မဟုတ်ပါဘူး၊ အဆုံးမဲ့စစ်ပွဲရဲ့ နိဒါန်းပဲ ဖြစ်ပါတယ်။
ထပ်ပြောမာ်နော် အဆုံးသတ်မဟုတ်တဲ့ အဆုံးမဲ့စစ်ပွဲရဲ့ နိဒါန်းပါပဲ ။ သေသေချာချာလေး စဉ်းစားကြည့်ပေးပါ
အဲဒီကြားထဲမှာ ဘက်မလိုက်ဘဲ၊ ဘယ်အုပ်စုကိုမှ သစ္စာမခံဘဲ ဓမ္မဓိဋ္ဌာန်ကျကျ တွေးချင်တဲ့၊ ငြိမ်းချမ်းစွာ နေချင်တဲ့ နိုင်ငံသားတွေကျတော့ "သစ္စာဖောက်ပဲ လောက်ကောင်ပဲ" လို့ သမုတ်ခံရတယ်။
"မင်း ငါ့ဘက်က မရပ်ရင် မင်းဟာ ရန်သူ့ဘက်တော်သားပဲ" ဆိုပြီး ရန်သူထက်တောင် ပိုပြီးအမုန်းပွားပြီး တိုက်ခိုက် ခံကြရပါတယ်။
စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ နေရာ မှန်သမျှကို အမုန်းတရားက ဝါးမြိုသွားတဲ့ သဘောပါပဲ။
ဒီလို အခြေအနေမျိုးကို မြင်ရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ ဂရိ ဂန္ထဝင်ပြဇတ်တစ်ခုဖြစ်တဲ့ အီဒီပတ်ပြဇာတ် (Oedipus Rex) ထဲက ကပ်ဆိုးသင့်နေတဲ့ လူ့အဖွဲ့အစည်းကြီးကို သွားပြီး သတိရမိပါတယ်။ အဲဒီပြဇာတ်ထဲမှာ အုပ်ချုပ်သူတွေရဲ့ အမှားေတွ၊ လူတွေရဲ့ အမုန်းတရားနဲ့ ကပ်ဆိုးကြောင့် တိုင်းပြည်ကြီး ပျက်စီးနေတဲ့ပုံကို စာသားတစ်ခုနဲ့ ဖော်ပြထားတာ ရှိပါတယ်။ အဲဒါကို ကျွန်တော် ဒီနေ့ ဖတ်ပြချင်ပါတယ်။
> “ကျုပ်တို့ရဲ့ ပေါများကြွယ်၀တဲ့ မြေကြီးဟာ ဘာမှ စိုက်ပျိုးလို့မရအောင် ပြုန်တီးနေပါပြီ။… အသက်တစ်ခုမွေးဖွားနိုင်ရင် နောက်ထပ် အသက်တစ်ခုက သူတို့ရဲ့ သန်စွမ်းတဲ့ အတောင်ပံတွေကို ခတ်ပြီး သေမင်းနတ်ဘုရားရှိရာ အနောက်ဘက် ကမ်းရိုးတန်းကို ပျံသန်းပြီး ပျောက်ကွယ်သွားတာ မြင်ရပါလိမ့်မယ်”
>
ဒီစာသားလေးကို သေချာ ပြန်တွေးကြည့်ရအောင်။ ဘယ်လောက်တောင် ရင်နာဖို့ကောင်းလဲ။ မြေကြီးက ပေါများကြွယ်ဝရဲ့သားနဲ့ ဘာမှ စိုက်ပျိုးလို့မရတော့ဘူး။
အဓိပ္ပာယ်ကတော့ သယံဇာတ အရင်းအမြစ်တွေ၊ လူသားအရင်းအမြစ်တွေ၊ ပညာတတ်တွေ ဘယ်လောက်ပဲရှိရှိ လူ့အဖွဲ့အစည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနေတဲ့အတွက် ဘာကောင်းကျိုးမှ ထွက်မလာတော့ဘူး။
ပြီးတော့ "အသက်တစ်ခု မွေးဖွားလာတိုင်း နောက်ထပ် အသက်တစ်ခုက သေမင်းရှိရာကို ပျံသန်းသွားရတယ်" ဆိုတာကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေ၊ အဖိုးတန်တဲ့ အသက်တွေဟာ ဒီအမုန်းတရား သံသရာထဲမှာပဲ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်ပျက်စီးသွားနေရတာကို ထင်ဟပ်နေပါတယ်။ တကယ့်ကို ကပ်ဆိုးသင့်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ပုံရိပ်ပါပဲ။
ကဲ... မိတ်ဆွေတို့ရေ၊ ကျွန်တော်တို့ ဒီအတိုင်းပဲ ကြည့်နေကြမှာလား။ ဒီကပ်ဆိုးကြီးကနေ ရုန်းထွက်ဖို့ဆိုရင် ပထမဆုံးအဆင့်က ကျွန်တော်တို့ စိတ်ထဲက "ကျဉ်းမြောင်းနေတဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းတွေ" ကို ပြန်ပြီး ချဲ့ထွင်ဖို့ လိုအပ်ပါတယ်။
ပြဿနာတွေကို အဖြူအမည်းတစ်ခုတည်းနဲ့ မကြည့်ဘဲ၊ တစ်ဖက်လူကိုလည်း ငါတို့လိုပဲ သွေးနဲ့ သားနဲ့၊ ခံစားချက်နဲ့၊ မိသားစုနဲ့ ရှိတဲ့ လူသားတစ်ယောက်အဖြစ် ပြန်မြင်ပေးဖို့ လိုပါတယ်။
နိုင်ငံရေးဆိုတာ တစ်ဖက်နဲ့တစ်ဖက် အမြစ်ပြတ်သုတ်သင်တာ မဟုတ်ဘဲ ကွဲပြားခြားနားမှုတွေကြားကနေ အတူတူ ရှင်သန်နိုင်မယ့် လမ်းစကို ရှာဖွေတာဖြစ်တယ်ဆိုတဲ့ အသိကို ပြန်လည်မွေးဖွားရပါမယ်။
ဒီနေ့ ဗီဒီယိုလေးကို ကြည့်ပြီး မိတ်ဆွေတို့လည်း ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ပြန်လည်သုံးသပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ အားလုံး ဂရိမြို့ပြကြီးလို ကပ်ဆိုးထဲမှာ ပျက်စီးမသွားဖို့ဆိုရင် အမုန်းတရားတွေကို ဖယ်ခွာပြီး စာနာနားလည်မှုနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ကို ရှေ့တန်းတင်ကြရပါလိမ့်မယ်။
အားလုံးပဲ စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ပြည့်စုံပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ကို ပုံဖော်
နိုင်ကြပါစေ ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment