Tuesday, 16 June 2026

ပညာရေး

  "ကျွန်တော်တို့ကလေးတွေရဲ့ ကျောင်းပညာရေး - အခက်အခဲနဲ့ အဖြေရှာခြင်း"


"မင်္ဂလာပါ။ ဒီနေ့တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးတွေရဲ့ ပညာရေးအကြောင်း၊ အထူးသဖြင့် မိဘတိုင်း ရင်ခုန်၊ စိုးရိမ်၊ ခေါင်းစားနေကြရတဲ့ 'အစိုးရကျောင်းလား၊ ကိုယ်ပိုင်ကျောင်းလား' ဆိုတဲ့ မေးခွန်းကို အခြေခံပြီး အကြံပေးစကား‌နည်းနည်း‌ေပြာချင်ပါတယ်။

တကယ်တော့ ဒါဟာ ပညာရေးမူဝါဒတွေ၊ စာသင်ခန်းတွေအကြောင်းတင်မကဘူး၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အကြောင်း ပြောနေတာပါ။ ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင်ကျောင်းတွေ ခေတ်စားလာတယ်၊ အစိုးရကျောင်းတွေမှာလည်း အခက်အခဲတွေ ရှိနေတယ်။ ဘာလို့ ဒီလိုဖြစ်လာတာလဲ၊ ကျွန်တော်တို့ ဘာတွေ ပြင်ဆင်နိုင်မလဲဆိုတာကို ဒီနေ့ အတူတူ ဆွေးနွေးကြည့်ရအောင်။ 


"ပထမဆုံးအနေနဲ့၊ ဘာကြောင့် ကျောင်းသား မိဘတွေက ကိုယ်ပိုင်ကျောင်းတွေကို ပိုပြီး အားကိုးလာကြတာလဲ? တစ်ချက်ချင်း ကြည့်ရအောင်ပါ။

ပထမအချက်က 'စနစ်တကျရှိမှု' ပါ။ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းသားဦးရေ နည်းတယ်။ ဆရာတစ်ယောက်နဲ့ ကျောင်းသားဦးရေ အချိုးညီတော့ ကလေးတစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်ကို ဆရာတွေ ပိုဂရုစိုက်နိုင်တယ်။ ပြီးတော့ သင်ခန်းစာတွေအပြင် အပိုသင်တန်းတွေ၊ အားကစား၊ အနုပညာ စတဲ့ ဘက်စုံဖွံ့ဖြိုးမှုတွေကို အချိန်ပေး လုပ်ဆောင်နိုင်တာမျိုးက မိဘတွေကို စိတ်ချလက်ချ ဖြစ်စေတယ်။

နောက်တစ်ခုက 'ဆက်သွယ်ရေး' ပါ။ မိဘနဲ့ကျောင်းကြားမှာ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်တယ်။ ကလေးရဲ့ အခြေအနေကို ချက်ချင်း သိနိုင်တယ်။ အုပ်ချုပ်မှုပိုင်းမှာလည်း ပိုပြီး ပြောင်းလွယ်ပြင်လွယ် ရှိတော့ ပြဿနာတစ်ခုခု ရှိရင် အမြန်ဆုံး ဖြေရှင်းနိုင်တယ်။ ဒါတွေကို မြင်တဲ့အခါ မိဘတွေက ငွေကြေး အကုန်အကျခံပြီးတော့တောင် ကိုယ်ပိုင်ကျောင်းကိုပဲ ရွေးချယ်လာကြတာ ဖြစ်ပါတယ်။"


"ဒါဆို အစိုးရကျောင်းတွေမှာရော ဘာတွေ အားနည်းနေလို့လဲ? ကျွန်တော်တို့ အစိုးရကျောင်း ဆရာ၊ ဆရာမတွေကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး။ သူတို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေကြတာပါ။ ဒါပေမဲ့ 'စနစ်' အရ အခက်အခဲတွေ အများကြီး ရှိနေတာလည်း ဖြစ်နိူင်ပါတယ်။


ကျနော်အမြင်အရဆိုရင်တော့ 

တစ်ခုက '‌ေကျာင်းသားဦးရေ များလွန်းခြင်း' ပါ။ စာသင်ခန်းတစ်ခန်းမှာ ကလေး ၅၀၊ ၆၀ လောက် ရှိနေတဲ့အခါ ဆရာတစ်ယောက်အနေနဲ့ ကလေးအားလုံးကို စိတ်ပါဝင်စားဖို့၊ နားလည်အောင် သင်ပေးဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါဟာ အုပ်ချုပ်မှုပိုင်းမှာသာမက ဆရာတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ပြောရရင်ဗျာ ဆရာ ဆရာမအင်အားနဲ့ ကျောင်းသားဦးရေ မညီမှျခြင်းပါပဲ ။


ပြီးတော့ 'အရင်းအမြစ်' လိုအပ်ချက်။ သင်ထောက်ကူ ပစ္စည်းတွေ မလုံလောက်တာ၊ စာသင်ခုံနဲ့ စာသင်ဆောင် အဆောက်အအုံ‌ေတွ မလုံလောက်တာတွေက သင်ကြားရေးအရည်အသွေးကို ကျဆင်းစေပါတယ်။

 နောက်ဆုံး တစ်ချက်ကတော့ 'ဆရာတွေရဲ့ လုပ်ခလစာ' ပါ။ စီးပွားရေး အခြေအနေအရ ဆရာတွေရဲ့ လစာဟာ သူတို့ရဲ့ ရပ်တည်မှုအတွက် လုံလောက်မှု မရှိတဲ့အခါ၊ သူတို့ရဲ့ စိတ်ဓာတ်နဲ့ အာရုံစိုက်မှုတွေဟာ စာသင်ခန်းထဲမှာ အပြည့်အဝ မရှိနိုင်တော့ပါဘူး။ ဒါဟာ အစိုးရကျောင်းတွေရဲ့ အဓိက အားနည်းချက်တွေပဲ ဖြစ်ပါတယ်။"


"နောက်တစ်ခုက ဒီဘက်ခေတ်မှာ အမြဲကြားနေရတဲ့ ကျွန်တော်တို့ စိတ်မကောင်းစရာ အဖြစ်ရဆုံးဖြစ်တဲ့ ကျောင်းတွင်း အကြမ်းဖက်မှုတွေ၊ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုတွေပါပဲ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ?

ပထမဆုံးအနေနဲ့ 'ကျောင်းတွင်း စည်းကမ်းနဲ့ ပတ်ဝန်းကျင်' ကို ပြန်ကြည့်ရမယ်။ ကျောင်းသားတွေကြားမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ များလာတာဟာ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ အတုယူစရာ ပုံစံကောင်း မရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ကျောင်းတွေမှာ ကောင်စီစနစ်တွေ၊ ကျောင်းသားရေးရာ အကြံပေးအဖွဲ့တွေ ထူထောင်ပြီး ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။

'ဆရာ၊ ဆရာမတွေရဲ့ လုပ်ခလစာ' နဲ့ 'သင်ထောက်ကူပစ္စည်း' အားနည်းချက်တွေအတွက်တော့ ဒါဟာ အစိုးရပိုင်းက တာဝန်ယူရမယ့်ကိစ္စပါ။ 

ဒါပေမဲ့ ကျွန်တော်တို့ လူမှု့ အသိုင်းအဝိုင်းအနေနဲ့ ဘာလုပ်ပေးနိုင်မလဲ? မိဘဆရာအသင်း (PTA) ကို ပိုပြီး အသက်ဝင်အောင် လုပ်‌ေဆာင်‌ေပးရပါမယ်။ ကျောင်းအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို လူထုအခြေပြုစနစ်နဲ့ ဝိုင်းဝန်း ဖြည့်ဆည်းပေးတာမျိုးတွေ ကျောင်းသားတွေတင်မက ဆရာဆရာမတွေကို ဂုဏ်ပြုတဲ့ အစီအစဉ်တွေ လုပ်တာမျိုးကတစ်ဆင့် အခက်အခဲတွေကို ဖြေရှင်းနိုင်ပါတယ်။

 အဓိကကတော့ စာသင်ကျောင်းဟာ ကျွန်တော်တို့ ရပ်ကွက်အများပြည်သူတွေ ပိုင်ဆိုင်တဲ့ နေရာဆိုတဲ့ စိတ်ဓာတ်နဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ လိုအပ်အပ်ပါတယ် ။"


"နိုင်ငံတကာမှာဆိုရင် 'Parent-Teacher Partnership' PTP က တကယ့်ကို ထိရောက်ပါတယ်။ အဲဒီမှာ မိဘဆိုတာ ကျောင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျောင်းမှာ ဘာ‌ေတွသင်နေလဲ၊ ကလေးက ဘာကို စိတ်ဝင်စား‌ေနလဲဆိုတာ‌ေတွကို ဆရာနဲ့ မိဘက အမြဲတမ်း ဆွေးနွေးကြတယ်။ တိုင်ပင်ကြတယ် ။ ဘယ်လိုဖြေရှင်းကြမလဲ ဆိုပြီး အဖြေရှာတတ်ကြပါတယ် ။ 

ကျွန်တော်တို့ဆီမှာကျတော့ 'စာမေးပွဲနီးမှ၊ အမှတ်စာရင်းထွက်မှ' ဆရာနဲ့ မိဘ တွေ့ကြတာမျိုး ဖြစ်နေတယ်။ ဒါ‌ေတွကို ပြောင်းလဲနိူင်ရင် အခြေအနေတစ်ခုတော့ ပြောင်းလာမယ် ထင်ပါတယ်။

 မိဘဆရာ ပုံမှန် ဆွေးနွေးခြင်း:ဆိုတာက လစဉ် သို့မဟုတ် သုံးလတစ်ကြိမ် ကလေးရဲ့ အခြေအနေကို စာသင်ခန်းအပြင်ဘက်မှာပါ ဆွေးနွေးသင့်ပါတယ်။

 မိဘတွေအနေနဲ့ ကျောင်းလှုပ်ရှားမှုမှာ ပါဝင်ဖို့လိုအပ်ပါတယ်: ကလေးရဲ့ ကျောင်းပွဲတွေ၊ အားကစားပွဲတွေကို မိဘတွေက တက်တက်ကြွကြွ ပါဝင်ပေးပါ။ ဒါဟာ ကလေးကို အားပေးရာရောက်သလို၊ ဆရာ‌ေတွနဲ့လည်း ပိုပြီးရင်းနှီးစေပါတယ်။

 မိဘတွေ‌ေရာ ဆရာတွေကပါ အပြန်အလှန် လေးစားမှု ရှိဖို့လိုအပ်ပါတယ် ။: ဆရာတွေကို လေးစားမှုရှိခြင်းဟာ ကလေးကို ပညာရေးအပေါ် စိတ်ဝင်စားစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ မိဘက ဆရာကို လေးစားရင် ကလေးကလည်း ဆရာကို လေးစားလာမှာပါ။"


"ဒီနေရာမှာ ကျွန်တော် အလေးအနက်ထားပြီး ပြောချင်တဲ့ အချက် ၃ ချက် ရှိပါတယ်။ 

၁။ အစိုးရကိုပဲ မျှော်ကိုးမနေကြပါနဲ့တော့ - ကျွန်တော်တို့ ရပ်ရွာရဲ့ ကျောင်းဟာ ကျွန်တော်တို့ အားလူံးရဲ့ ပိုင်ဆိုင်မှုပါပဲ

"အစိုးရတစ်ဖွဲ့တည်း၊ ပညာရေးဌာနတစ်ခုတည်းကနေ အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ လက်ရှိအခြေအနေမှာ အင်မတန် ခက်ခဲပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်အတွက် အစိုးရလုပ်ဆောင်ပေးတာကိုပဲ စောင့်ဆိုင်းနေလို့ ရပါ့မလား? မရပါဘူး။

ကျွန်တော်တို့ ရပ်ရွာမှာ ရှိတဲ့ ကျောင်း၊ ကျွန်တော်တို့ ကလေးတွေ တက်နေတဲ့ စာသင်ဆောင်တွေဟာ ကျွန်တော်တို့အားလံုးရဲ့ ပိုင်ဆိုင်မှု‌ေတွပါ။ မိဘတွေ၊ ရပ်မိရပ်ဖတွေ စုပေါင်းပြီးတော့ ကိုယ့်ဒေသက စာသင်ကျောင်းလေး လှပဖို့၊ စာသင်ခုံလေးတွေ ပြုပြင်ဖို့၊ ပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ကျနော်တို့ တစ်ယောက်ချင်းစီက နီးစပ်ရာ စာသင်ကျောင်းကို နိုင်သလောက်လေး ဝိုင်းကူကြမယ်ဆိုရင် ကျွန်တော်တို့ကျောင်းလေးတွေဟာ မနေ့ကထက် ပိုကောင်းလာမှာ အသေအချာပါပဲ။"


"ကျွန်တော်တို့နိုင်ငံမှာ အားကောင်းတဲ့ ပရဟိတအသင်းအဖွဲ့တွေ အများကြီး ရှိပါတယ်။ သူတို့ကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ တစ်ခုလောက် မေတ္တာရပ်ခံချင်တာက - ပညာရေးကို ကျွန်တော်တို့ရဲ့ 'ပထမဦးစားပေး' အဖြစ် သတ်မှတ်ပေးကြပါ။

ကလေးငယ်တွေရဲ့ ပညာရေးအတွက်၊ သူတို့ လုံလုံခြုံခြုံနဲ့ စာသင်နိုင်ဖို့အတွက် လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ၊ စာကြည့်တိုက်တွေ၊ ကျောင်းအဆောက်အအုံတွေကို ပြုပြင်မွမ်းမံပေးတဲ့နေရာမှာ အားတက်သရော ပါဝင်ပေးကြပါ။ ငွေကြေးတတ်နိူင်တဲ့ မိဘတွေက 

စာသင်ခုံတွေ လှုတန်းပေးတာမျိုး စာသင်ကျောင်းအတွက်လိုအပ်တဲ့ အားကစားပစ္စည်းတွေ လှုတန်းပေးတာမျိုး 

ဒါဟာ အရေးပေါ် ကူညီတာထက် ပိုပြီး ရေရှည်အကျိုးရှိတဲ့ အရင်းအနှီးပါ။ 

ကျွန်တော်တို့ရဲ့ ကလေးတွေကို အဆင့်အတန်းမြင့်မြင့်၊ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ စာပေကို သင်ယူစေချင်တယ်ဆိုရင် ဒါဟာ ပရဟိတအဖွဲ့အစည်းတွေအနေနဲ့ အခုချက်ချင်း ဆောင်ရွက်သင့်တဲ့ အလုပ်ပါ။"


"နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါ။ ကျွန်တော်တို့က 'ကမ္ဘာ့အဆင့်မီ' ဖြစ်ဖို့ အခုချက်ချင်း မလိုသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရပ်ရွာမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ အဆင့်အတန်း တူညီအောင်၊ တန်းတူယှဉ်နိုင်အောင် လုပ်လို့ရပါတယ်။ ဘယ်လိုလုပ်မလဲ?

အဲဒါကတော့ 'မိဘနဲ့ ဆရာ' စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခြင်းပါပဲ။ ဆရာတွေက စာသင်ပေးတယ်၊ မိဘတွေက ကျောင်းကို အားပေးတယ်။ ကလေးရဲ့ အားနည်းချက်ကို ဆရာနဲ့ မိဘ ညှိနှိုင်းပြီး ချက်ချင်း ကုစားကြတယ်။ ဒီလို စည်းစည်းလုံးလုံးနဲ့ အပြန်အလှန် ပူးပေါင်းမှုသာ ရှိမယ်ဆိုရင် အစိုးရကျောင်းတွေဟာ အံ့ဩစရာကောင်းလောက်အောင် အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာမှာပါ။ ကျွန်တော်တို့ အားလုံး လုပ်နိုင်ပါတယ်။ စိတ်တူကိုယ်တူနဲ့ စုပေါင်းအင်အားကို သုံးမယ်ဆိုရင် ကိုယ်ပိုင်ကျောင်းတွေရဲ့ အားသာချက်ကို ကျွန်တော်တို့ အစိုးရကျောင်းတွေမှာလည်း ရယူနိုင်ပါတယ်။"

"နိဂုံးချုပ်ပြောရရင်၊ အစိုးရကျောင်းပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကျောင်းပဲ ဖြစ်ဖြစ်၊ အဓိကကတော့ 'အရည်အသွေးရှိတဲ့ ပညာရေး' နဲ့ 'လုံခြုံတဲ့ ပတ်ဝန်းကျင်' ပါပဲ။

အစိုးရကျောင်းတွေမှာ အားနည်းချက်ရှိနေတာကို အပြစ်တင်နေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့ မိဘတွေ၊ ဆရာတွေ၊ ပြည်သူတွေအားလုံးက အသိတရားနဲ့ ဝိုင်းဝန်းကူညီမှသာ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။

ကိုယ်ပိုင်ကျောင်းတွေ တိုးတက်နေတာကို အတုယူစရာရှိတာယူပြီး၊ အစိုးရကျောင်းတွေကိုလည်း ကျွန်တော်တို့အားလံုးရဲ့ အားထုတ်မှုနဲ့ ပြန်လည်မြှင့်တင်ကြရင် မဖြစ်နိူင်စရာမရှိပါဘူး။ 

ဒီနေ့ ဆွေးနွေးချက်လေးက မိဘတွေအတွက် စဉ်းစားစရာလေးတွေ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

 သားသမီးတွေရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ အတူတူ ကြိုးစားကြမယ်လေနော်။ နောက်ထပ်လည်း ပညာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာတွေကို အမြဲတမ်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။ 

အားလုံးပဲ ကျေးဇူးတင်ပါတယ်။ နောက်

အစီအစဥ်‌ေတွမှာ ပြန်လည်တွေ့ကြပါ့မယ်!"


No comments:

Post a Comment