Wednesday, 1 April 2026

စစ်ဘေးရှောင် (IDP) များ၏ ဒုက္ခနှင့် ပိတ်ဆို့ခံထားရသော အိမ်ပြန်လမ်း"

 မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ...

ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရပ်ရပ်မှာ အဖြစ်များနေတဲ့၊ စိတ်မကောင်းစရာ အကောင်းဆုံး မြင်ကွင်းတစ်ခုကို ပြပါဆိုရင် အထုပ်အပိုးကိုယ်စီနဲ့ အိမ်ပစ်ရာပစ် ထွက်ပြေးနေကြရတဲ့ "စစ်ဘေးရှောင်" မိဘပြည်သူတွေကိုပဲ ပြရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော် ဆက်လက်တင်ပြပေးမှာကတော့ "စစ်ဘေးရှောင် (IDP) များ၏ ဒုက္ခနှင့် ပိတ်ဆို့ခံထားရသော အိမ်ပြန်လမ်း" အကြောင်းပဲ ဖြစ်ပါတယ်။

၄။ လက်နက်ကိုင်တို့ အင်အားပြိုင်ပွဲကြားက မြေစာပင်များ

စစ်ပွဲဆိုတာ ခလုတ်တစ်ခုကို နှိပ်လိုက်သလို  အလွယ်တကူ စတင်လို့ ရပေမယ့်၊ အဲဒီစစ်ပွဲရဲ့ အကျိုးဆက်ကိုတော့ ပြည်သူတွေက နှစ်ပေါင်းများစွာ ခါးစည်းခံကြရတာပါ။ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ နယ်မြေစိုးမိုးရေးအတွက်၊ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အပြန်အလှန် အင်အားပြိုင်ကြတယ်၊ တိုက်ပွဲတွေ ဖန်တီးကြတယ်။ အဲဒီလို အင်အားပြိုင်ကြတဲ့အခါမှာ မြေစာပင် ဖြစ်ရတာကတော့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။

မြို့ရွာတွေထဲမှာ တိုက်ပွဲတွေ ဖြစ်လာပြီဆိုရင် အိမ်နီးနားချင်းတွေနဲ့ စကားလက်ဆုံ ကျနေရမယ့်အစား၊ ဗုံးခိုကျင်းထဲမှာ တုန်တုန်ရင်ရင်နဲ့ ပုန်းနေကြရပါတယ်။ လက်နက်ကြီးသံ တစ်ချက်ကြားတိုင်း "ငါ့အိမ်လေးတော့ မှန်ပြီလား"၊ "ငါ့မိသားစုဝင်တွေကော ဘေးကင်းရဲ့လား" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တမမ ဖြစ်နေကြရတာပါ။ နောက်ဆုံးတော့လည်း မတတ်သာတဲ့အဆုံးမှာ ကိုယ်တစ်သက်လုံး စုဆောင်းခဲ့သမျှ ပိုင်ဆိုင်မှုတွေကို ကျောခိုင်းပြီး၊ အသက်ရှင်ကျန်ရစ်ရရင်တော်ပြီဆိုတဲ့ စိတ်နဲ့ တခြားမြို့ရွာတွေဆီကို ခြေဦးတည့်ရာ ပြေးကြရပါတယ်။


မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ...

ဒီကနေ့ မြို့ပြရဲ့ လူစည်ကားရာ လမ်းမတွေပေါ်မှာ ကျွန်တော်တို့ ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါ။ အဲဒီလူအုပ်ကြီးထဲမှာ ကိုယ့်ရပ်ရွာကို စွန့်ခွာပြီး မြို့ပေါ်မှာ ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင် မိဘပြည်သူတွေ အများကြီး ရှိနေပါတယ်။ သူတို့ဟာ မြို့ပေါ်ရောက်လာရင် ဘေးကင်းမယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်း မြေပြင်မှာ ရင်ဆိုင်နေရတဲ့ ဘဝတိုက်ပွဲကတော့ အင်မတန် ခါးသီးလှပါတယ်။

ပထမဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ "အိမ်ငှားဘဝ" ပါပဲ။ ကိုယ့်ရွာမှာတုန်းကတော့ ခြံဝန်းကျယ်ကျယ်၊ အိမ်အိုလေးပဲဖြစ်ဖြစ် ကိုယ့်ပိုင်ဆိုင်မှုနဲ့ကိုယ် စိတ်အေးလက်အေး နေခဲ့ကြတာပါ။ အခု မြို့ပေါ်ရောက်တဲ့အခါမှာတော့ ကျဉ်းမြောင်းလှတဲ့ အခန်းလေးတစ်ခန်း ရဖို့အတွက်တောင် တစ်လတစ်လ အိမ်ငှားခကို မနည်းရုန်းကန် ပေးဆောင်နေကြရပါတယ်။ အိမ်ရှင်မျက်နှာ ကြည့်နေရတဲ့ဘဝ၊ လကုန်ရင် ဘယ်ကပိုက်ဆံနဲ့ အိမ်လခပေးရမလဲဆိုတဲ့ သောကတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝကို ဝါးမြိုနေပါတယ်။

ဒါတင်မကသေးပါဘူး... မြို့ပေါ်မှာ အလုပ်အကိုင်ကလည်း အင်မတန် ရှားပါးလှပါတယ်။ ရွာမှာတုန်းက လယ်လုပ်၊ ကိုင်းလုပ်နဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ခဲ့ပေမယ့် မြို့ပြရဲ့ လုပ်ငန်းခွင်တွေထဲမှာ သူတို့အတွက် နေရာက သိပ်မရှိပါဘူး။ အသက်အရွယ်ရလာတဲ့လူကြီးတွေဆိုရင် ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဘဝတစ်လျောက်လုံးလယ်ပိုင် ယာပိုင်ဘဝကနေ စားဝတ်နေရေး ကျပ်တည်းလွန်းလို့ ရရာအလုပ်ကို ပေးရာဈေးနဲ့ လုပ်နေကြရတဲ့အတွက် လူဂုဏ်သိက္ခာတွေလည်း တစ်ဖြည်းဖြည်း နိမ့်ပါးလာသလို ခံစားနေကြရပါတယ်။

နောက်ထပ် အဆိုးဆုံးအချက်ကတော့ "လူမှုရေး အထီးကျန်မှု" ပါပဲ။ မြို့ပြဆိုတာ လူတွေစည်ကားပေမယ့် တစ်ယောက်နဲ့တစ်ယောက် အေးစက်ကြပါတယ်။ ရွာမှာတုန်းကလို အိမ်နီးနားချင်း အချင်းချင်း ဟင်းပန်းကန် လှည့်ပေးတာမျိုး၊ တစ်ယောက် ဒုက္ခရောက်ရင် ဝိုင်းကူကြတာမျိုးတွေ မြို့ပေါ်မှာ မရှိသလောက်ပါပဲ။ သူစိမ်းတရံစာ အရပ်မှာ စကားလုံးအသုံးအနှုန်း အခက်အခဲ၊ ဓလေ့စရိုက် အခက်အခဲတွေကြားမှာ သူတို့ဟာ လူအုပ်ကြီးထဲက အထီးကျန်လူသားတွေ ဖြစ်နေကြရပါတယ်။ နေမကောင်းဖြစ်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါမျိုးမှာ တိုင်ပင်ဖော် တိုင်ပင်ဖက်မရှိဘဲ အခန်းကျဉ်းလေးထဲမှာ တီဗွီကြည့်လိုက် ဖုန်းကြည့်လိုက်နဲ့ ကြိတ်မှိတ်ခံစားနေကြရတာပါ။

ညဘက်တွေမှာဆိုရင် ကိုယ့်ရဲ့ ကျေးရွာလေးကို လွမ်းတဲ့စိတ်က တားမရ ဆီးမရပါပဲ။ ရွာဦးကျောင်းက ခေါင်းလောင်းသံ၊ လယ်ကွင်းထဲက လေပြေညင်း၊ အိမ်ရှေ့က သရက်ပင်ကြီးတွေ တမာပင်ကြီးတွေ ဒါတွေအားလုံးဟာ အခုတော့ အိပ်မက်ထဲမှာပဲ မြင်မက်ခွင့်ရှိတော့တဲ့ အရာတွေ ဖြစ်နေပါပြီ။  တွေးကြည့်ရင် ရင်နာစရာ ကောင်းလှပါတယ်။ လက်နက်ကိုင်သူပုန်လုပ်ကြသူတွေကတော့ သူတို့ရဲ့ အာဏာပြမှု‌တွေ၊ ပြည်သူ့အတွက်ဆိုတဲ့ အတုအယောင်တွေနဲ့ အလုပ်ရှုပ်နေကြချိန်မှာ...ကျနော်တို့ ပြည်သူတွေကတော့ သူစိမ်းအရပ်မှာ မျက်နှာငယ်ငယ်နဲ့ ကိုယ့်ရပ်ရွာကို လွမ်းဆွတ်ရင်း ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေကြရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မေးခွန်းထုတ်ရမှာက... ဒီပြည်သူတွေရဲ့ ဘဝကို ဘယ်သူက တာဝန်ယူမှာလဲ? သူတို့ရဲ့ အိမ်ပြန်လမ်းကို ဘယ်သူတွေက ဖျက်ဆီးခဲ့တာလဲ? ဆိုတာ ကျနော်တို့ မေးခွန်းထုတ်အ‌ေဖြရှာကြည့်ကြဖို့ လိုအပ်ပါတယ် ။ 


ပျက်စီးသွားသော အိုးအိမ်များနှင့် ပြာပုံအတိဖြစ်ရသော ဘဝများ

စစ်ဘေးရှောင်စခန်းကို ရောက်သွားတဲ့အခါမှာ ဒုက္ခက ပြီးသွားတာ မဟုတ်ပါဘူး။ တကယ်တော့ အဲဒါက ဒုက္ခရဲ့ အစပဲ ရှိပါသေးတယ်။ မိုးကာတဲလေးအောက်မှာ နေပူမရှောင် မိုးရွာမရှောင် နေထိုင်ကြရတဲ့ ဘဝဟာ ဘယ်လောက် ဆင်းရဲပင်ပန်းသလဲဆိုတာ ခံစားဖူးသူမှ သိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ ရင်ထဲမှာ မျှော်လင့်ချက်ကလေး တစ်ခုတော့ ရှိနေတတ်ကြပါတယ်။ အဲဒါကတော့ "တိုက်ပွဲတွေ ရပ်သွားရင် ငါ့အိမ်လေးကို ငါပြန်မယ်" ဆိုတဲ့ မျှော်လင့်ချက်ပါ။

ဒါပေမဲ့ စိတ်မကောင်းစရာ အမှန်တရားကတော့... တိုက်ပွဲတွေ ခေတ္တရပ်သွားလို့ ရွာကို ပြန်ကြည့်တဲ့အခါမှာ ကိုယ်နေခဲ့တဲ့ အိမ်လေးနေရာမှာ ပြာပုံပဲ ရှိတော့တာမျိုး၊ကိုယ်တွေကြီးပြင်းခဲ့တဲ့ ရွာလေးက ပြာပုံပဲကျန်ရှိတော့တာမျိုး၊   လက်နက်ကြီးဒဏ်ကြောင့် တစ်စစီ ပျက်စီးနေတဲ့ အုတ်ပုံမျိုးတွေကိုပဲ တွေ့ကြရတာပါ။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို အသုံးချပြီး အင်အားချဲ့ခဲ့ကြတဲ့ လက်နက်ကိုင်တွေရဲ့ အကျိုးဆက်ဟာ နောက်ဆုံးတော့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးပစ်လိုက်တာပါပဲ။ အိမ်မရှိတော့တဲ့နောက်မှာ ဘာကို အားကိုးပြီး ပြန်ကြမလဲ? ကိုယ့်ရပ်ရွာမှာ ဘာအလုပ်အကိုင်မှ မရှိတော့တဲ့နောက်မှာ ဘယ်လို ရှင်သန်ကြမလဲ? ဒါဟာ စစ်ဘေးရှောင်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော သောကပဲ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနှင့် ပိတ်ဆို့ခံထားရသော အိမ်ပြန်လမ်း

နောက်ထပ် ကြောက်စရာကောင်းတဲ့ အချက်ကတော့ "အိမ်ပြန်လမ်း" တွေကို မမြင်ရတဲ့ ရန်သူတွေနဲ့ ပိတ်ဆို့ထားတာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ စခန်းတွေ၊ နယ်မြေတွေ လုံခြုံဖို့ဆိုပြီး ရွာပတ်ပတ်လည်နဲ့ လယ်ယာမြေတွေထဲမှာ မြေမြှုပ်မိုင်းတွေကို အလုအယက် ထောင်ခဲ့ကြပါတယ်။ကျေးရွာချင်းဆက်လမ်းတွေနဲ့ မြို့ပေါ်သွားတဲ့လမ်းတွေမှာ လက်လုပ်မိုင်းတွေ အများကြီးထောင်ကြပါတယ် ။ တိုက်ပွဲတွေ ပြီးသွားရင်တောင်မှ အဲဒီမိုင်းတွေကို ဘယ်သူကမှ တာဝန်ယူ သိမ်းဆည်းပေးတာ မရှိပါဘူး။

ကိုယ့်အိမ်ကိုယ်ပြန်ဖို့ ကြိုးစားတဲ့ ပြည်သူတွေဟာ ကိုယ့်ခြံထဲမှာတင် မိုင်းနင်းမိပြီး ခြေပြတ်လက်ပြတ် ဖြစ်ကြရပါတယ်။ လယ်ထဲဆင်းတဲ့ တောင်သူက လယ်ထဲမှာ မိုင်းထိတယ်။ ထင်းခွေသွားတဲ့ အဖွားအိုက တောထဲမှာ အသတ်ခံရတယ်။ ဒီလိုနဲ့ "အိမ်ပြန်ခြင်း" ဆိုတာဟာ "သေမင်းထံ သွားခြင်း" နဲ့ အတူတူ ဖြစ်လာပါတယ်။ ဒီတော့ ပြည်သူတွေမှာ ကိုယ့်အိမ်ကို လွမ်းပေမယ့် ပြန်ဖို့ လမ်းမမြင်ရတော့တဲ့ အခြေအနေ ဆိုက်နေရပါတယ်။ လက်နက်ကိုင်တော်လှန်မှု‌ေ‌ကြာင့်် ပြည်သူတွေရဲ့  ဘဝလုံခြုံမှုကို မြေပေါ်မြေအောက်ထိ အမြစ်ပြတ် ဖျက်ဆီးလိုက်တာပါပဲ။


မိဘပြည်သူများခင်ဗျာ...

စစ်ဘေးရှောင် (IDP) တွေရဲ့ ဒုက္ခဆိုတာ စာနာရုံနဲ့ မပြီးပါဘူး။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ကိစ္စပါ။ လက်နက်ကိုင် အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို အကြောင်းပြပြီး အင်အားတောင့်တင်းအောင်လုပ်၊ အင်အားပြည့်တော့ တိုက်ပွဲတွေဖန်တီး၊ တိုက်ပွဲဖြစ်တော့ ပြည်သူတွေ ပြေးရ၊ ရွာတွေ ပျက်စီးရ... ဒီလို သံသရာဆိုးကြီးထဲမှာ ပြည်သူတွေဟာ မကျွတ်မလွတ်နိုင်အောင် ဖြစ်နေရပါတယ်။

လက်နက်ကိုင်တွေ အာဏာပြိုင်နေကြချိန်မှာ တကယ့်မြေပြင်က ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို ဘယ်သူတွေက ကြားပေးကြမှာလဲ? သူတို့ရဲ့ အိမ်ပြန်လမ်းတွေကို ဘယ်သူတွေက လမ်းဖွင့်ပေးကြမှာလဲ? ငြိမ်းချမ်းရေးဆိုတာဟာ လက်နက်ကိုင်တွေ အသက်ရှူချောင်ဖို့အတွက် မဟုတ်ဘဲ၊ စစ်ဘေးရှောင် ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ကိုယ့်အိမ်ကိုကိုယ် ပြန်နိုင်ဖို့အတွက်သာ ဖြစ်သင့်ပါတယ်။ ပြည်သူ့ဘဝတွေကို အရင်းအနှီးပြုပြီး အာဏာတည်ဆောက်နေကြတဲ့ တော်လှန်ပုန်ကန်သူပုန်ထတဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြရင်း ဒီကနေ့ သုံးသပ်ချက်ကို နိဂုံးချုပ်လိုက်ပါတယ်။

ကျနော်တို့ပြည်သူတွေကလည်း လက်နက်ကိုင် တော်လှန်ပုန်ကန်သူပုန်လုပ်နေဆောင်နေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဆန့်ျကင်ကြဖို့ လိုအပ်ပါတယ်  ၊ 

နားဆင်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံတဲ့ အိမ်ကလေးတွေဆီ အမြ

န်ဆုံး ပြန်နိုင်ကြပါစေ။

No comments:

Post a Comment