ဒီကနေ့ ကျွန်တော် တင်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ ကြားရုံနဲ့တင် ရင်နာစရာကောင်းလှတဲ့ "ဘယ်တော့မှ အိမ်မပြန်နိုင်တော့တဲ့ စစ်ဘေးရှောင်များ" အကြောင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံးအတွက် "အိမ်" ဆိုတာ နွေးထွေးမှုရှိတဲ့နေရာ၊ လုံခြုံတဲ့နေရာ၊ ကိုယ့်ရဲ့ ဘဝအမောတွေကို ဖြေဖျောက်တဲ့နေရာပေါ့။ ဒါပေမဲ့ ဒီကနေ့ မြန်မာပြည်အနှံ့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက မိဘပြည်သူတွေအတွက်တော့ "အိမ်" ဆိုတာဟာ မှေးမှိန်လုနီးပါးဖြစ်နေတဲ့ အိပ်မက်တစ်ခု ဖြစ်နေပါပြီ။ ဘာကြောင့် သူတို့ အိမ်မပြန်နိုင်ကြတာလဲ? ဘယ်သူတွေက သူတို့ရဲ့ အိမ်ပြန်လမ်းကို ပိတ်ဆို့ထားတာလဲ? မေးခွန်းတွေ အများကြီး ထွက်ပေါ်လာပါတယ် ။
ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ မြေပြင်မှာ အဆိုးရွားဆုံး ခံစားနေရတဲ့ ဖြစ်ရပ်တစ်ခုကတော့ အိမ်ပစ်ရာပစ်၊ မိသားစုလိုက် တကွဲတပြားနဲ့ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေရဲ့ ဘဝပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်သူမှ ကိုယ့်အိမ်၊ ကိုယ့်မြေ၊ ကိုယ့်ခြံကို စွန့်ခွာပြီး သူစိမ်းပြင်ပြင် မြို့ပြတွေပေါ်မှာ ဒုက္ခခံပြီး မနေချင်ကြပါဘူး။ ဒါပေမဲ့ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ?
အဓိက အကြောင်းရင်းကတော့ တောမီးပမာ ပြန့်နှံ့လာတဲ့ တော်လှန်ပုန်ကန်မှုတွေနဲ့ သူပုန်ထမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ နယ်မြေဒေသအသီးသီးမှာ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်လာပြီဆိုရင် နောက်ဆက်တွဲကတော့ ရှောင်လွှဲလို့မရတဲ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေပါပဲ။ ဒီတိုက်ပွဲတွေဟာ တောထဲတောင်ထဲမှာတင် မဟုတ်တော့ဘဲ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ ကျေးရွာတွေထဲအထိ ရောက်ရှိလာပါတယ်။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကြားမှာ ကိုယ့်အသက်ဘေး လုံခြုံဖို့အတွက် မိဘဘိုးဘွားပိုင်တဲ့ မြေယာတွေကို စွန့်ခွာပြီး လုံခြုံရေး အားကောင်းမယ်လို့ ယူဆရတဲ့ မြို့ကြီးတွေပေါ်ကို တဖွဲဖွဲ တက်လာကြရပါတယ်။
ဒါဟာ ပျော်လို့ ရွေ့ပြောင်းလာကြတာ မဟုတ်ပါဘူး။ "မသေရုံတမည်" အသက်ဘေးက လွတ်အောင် ပြေးလာကြတာပါ။ မြို့ပေါ်ရောက်လာတဲ့အခါမှာလည်း အရင်ကလို ကိုယ့်အိမ်၊ ကိုယ့်ခြံနဲ့ စိတ်အေးလက်အေး နေရတာမျိုး မဟုတ်တော့ဘဲ ကျပ်တည်းလှတဲ့ စားဝတ်နေရေး၊ မြင့်မားလှတဲ့ အိမ်ငှားခတွေနဲ့ သူစိမ်းအရပ်မှာ မျက်နှာငယ်ငယ်နဲ့ ရုန်းကန်နေကြရတာပါ။ ကိုယ့်ရွာမှာ ရှိစဉ်က ဂုဏ်သိက္ခာရှိရှိ နေထိုင်ခဲ့သူတွေဟာ အခုတော့ မြို့ပြရဲ့ ထောင့်တစ်နေရာမှာ စစ်ဘေးရှောင်ဆိုတဲ့ အမည်နာမနဲ့ ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေကြရပါတယ်။
ဒီလို မြို့ပေါ်ကို ရွေ့ပြောင်း အခြေချနေထိုင်ရတာတွေဟာ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုကိုလည်း ထိခိုက်စေသလို၊ လူမှုဘဝ လုံခြုံမှုကိုလည်း ပျက်စီးစေပါတယ်။ တိုက်ပွဲတွေကြောင့် ရွာပျက်ကြီးတွေ ဖြစ်ကျန်ခဲ့ပြီး၊ မြို့ပေါ်မှာတော့ ဒုက္ခသည်တွေနဲ့ ပြည့်နှက်နေတဲ့ မြင်ကွင်းဟာ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး ဆိုးတာကတော့ အဲဒီလို ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုမှ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးလှလှလေးတွေနဲ့ လှည့်စားနေကြတာပဲ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျာ...
အရင်ကဆိုရင် မိသားစုဆိုတာ စုံစုံလင်လင်နဲ့ ထမင်းဝိုင်းမှာ အတူဆုံကြ၊ လုပ်ငန်းခွင်မှာ အတူလက်တွဲခဲ့ကြတာပါ။ ဒါပေမဲ့ ဒီကနေ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေကြောင့် ကိုယ့်ရပ်ရွာမှာ လုပ်ကိုင်စားသောက်လို့ မရတော့တဲ့အခါ၊ ကုန်ဈေးနှုန်းတွေက အဆမတန် တက်လာတဲ့အခါမှာတော့ မိဘတွေဟာ သူတို့ရဲ့ ရင်သွေးတွေကို မျက်စိမှိတ်ပြီး ပြည်ပနိုင်ငံတွေကို ပို့နေကြရပါတယ်။
ကိုယ့်သားသမီးကို နွေးနွေးထွေးထွေးနဲ့ အနားမှာ ထားချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမဲ့ မြေပြင်မှာက စိုက်ပျိုးဖို့ မြေယာတွေထဲမှာ မိုင်းတွေ ရှိနေတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း စစ်ပွဲတွေကြောင့် ပျောက်ဆုံးကုန်တယ်။ ဒီတော့ မိသားစု စားဝတ်နေရေး ပြေလည်ဖို့အတွက် သားသမီးတွေကို ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတွေကို နည်းမျိုးစုံနဲ့ ပို့နေကြရပါတယ်။ တချို့ဆိုရင် တရားမဝင် လမ်းကြောင်းတွေကနေ အသက်ဘေးကို ရင်းပြီး သွားနေကြရတာပါ။
ဒါဟာ မိသားစုတွေ တကွဲတပြား ဖြစ်ကုန်ကြတာပါပဲ။ အဖေနဲ့အမေက စစ်ဘေးရှောင်စခန်းမှာ ဒါမှမဟုတ် မြို့ပြရဲ့ ကျဉ်းမြောင်းတဲ့ အခန်းလေးထဲမှာ ကျန်ရစ်ခဲ့ပြီး၊ သားသမီးတွေကတော့ သူတစ်ပါးနိုင်ငံမှာ အောက်ခြေသိမ်း အလုပ်ကြမ်းတွေ လုပ်ပြီး မိသားစုဆီ ငွေပြန်ပို့နေကြရပါတယ်။ အဲဒီငွေလေးတွေနဲ့ပဲ မိဘတွေက ဆန်ဖိုး၊ ဆီဖိုး ဖြေရှင်းနေကြရတာပါ။
တကယ့်ကို စဉ်းစားကြည့်ရင် ဒါဟာ တိုင်းပြည်အတွက် အင်မတန် နစ်နာပါတယ်။ နိုင်ငံကို တည်ဆောက်ရမယ့် လူငယ်တွေဟာ ကိုယ့်နိုင်ငံမှာ အလုပ်မလုပ်နိုင်တော့ဘဲ သူတစ်ပါးနိုင်ငံတွေမှာ သူတို့ရဲ့ လုပ်အားနဲ့ အချိန်တွေကို ပေးဆပ်နေရတယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး စစ်ပွဲတွေ ဖန်တီးနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒီတိုင်းရင်သားပြည်သူတွေရဲ့ ဘဝကို တစ်ချက်လောက် ငဲ့ကြည့်ကြပါဦး။ ခင်များတို့ရဲ့ အာဏာပြိုင်မှုတွေကြောင့် မိသားစုတွေ ဘယ်လောက်တောင် ကွဲကွာကုန်ကြပြီလဲ? မိဘနဲ့ သားသမီး ဘယ်နှစ်နှစ်လောက် ခွဲခွာနေကြရပြီလဲ?
ဒီ စစ်ပွဲသံသရာကနေ မလွတ်မြောက်သရွေ့တော့ ကျွန်တော်တို့ရဲ့ သားကောင်းရတနာ လူငယ်မျိုးဆက်တွေဟာ သူတစ်ပါးနိုင်ငံမှာပဲ ဘဝကို မြှုပ်နှံနေကြရဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ဆက်လက်ပြီး သုံးသပ်ကြည့်ရမှာကတော့...
၁။ ငြိမ်းချမ်းရေးဆိုတဲ့ အိပ်မက်တုနဲ့ အပလီချခံရခြင်း
စစ်ဘေးရှောင်တွေ အိမ်မပြန်နိုင်ရတဲ့ ပထမဆုံး အကြောင်းရင်းကတော့ "ငြိမ်းချမ်းရေးအယောင်ဆောင်မှု" တွေကြောင့်ပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်၊ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ကြပါတယ်။ ဒီအချိန်မှာ ပြည်သူတွေက စစ်ပွဲမရှိတော့ဘူးအထင်နဲ့ ကိုယ့်ရပ်ရွာကို ပြန်ကြတယ်၊ အိမ်လေးတွေ ပြန်ပြင်ကြတယ်၊ လယ်ယာတွေ ပြန်လုပ်ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီငြိမ်းချမ်းရေးကာလဟာ လက်နက်ကိုင်တွေအတွက် လူသစ်စုဆောင်းဖို့နဲ့ လက်နက်ခဲယမ်း အင်အားဖြည့်ဖို့ "ဗျူဟာမြောက် အသက်ရှူချောင်တဲ့အချိန်" သက်သက်ပဲ ဖြစ်နေပါတယ်။ သူတို့ အင်အားတောင့်တင်းလာလို့ တိုက်ပွဲတွေ ပြန်စလိုက်တဲ့အခါမှာတော့ ပြည်သူတွေဟာ အရင်ကထက် ပိုပြီး ဆိုးဆိုးဝါးဝါး ထွက်ပြေးကြရပါတယ်။ ဒီတစ်ခါ ပြေးရတဲ့အခါမှာတော့ အရင်ကလို အိမ်လေးတွေ ကျန်မနေတော့ဘဲ ပြာပုံဘဝနဲ့ပဲ တွေ့ကြရပါတော့တယ်။တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေအများစုက ငြိမ်းချမ်းရေးကို အယောင်ပြပြီး စစ်တိုက်ဖို့ ပြင်ဆင်နေကြသရွေ့ မြန်မာနိူင်ငံသူ/သားတွေရဲ့ အိမ်ပြန်ခရီးလမ်းဟာ အလှမ်းဝေးနေဦးမှာပါပဲ။
၂။ မြို့ရွာတွေကို စစ်တလင်းပြင် လုပ်ကြခြင်း
ဒုတိယအချက်ကတော့ တိုက်ပွဲဖော်ဆောင်တဲ့ ပုံစံတွေ ပြောင်းလဲလာတာပါပဲ။ အရင်ကဆို တိုက်ပွဲတွေဟာ တောထဲတောင်ထဲမှာပဲ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ မြို့တွေကို သိမ်းပိုက်ဖို့ ကြိုးစားတာ၊ ရွာတွေကို သူပုန်အခြေစိုက်စခန်းလုပ်ပြီး တိုက်ပွဲဖော်တာတွေ ပိုများလာပါတယ်။
လက်နက်ကိုင်တွေက မြို့ရွာတွေကို စစ်မြေပြင်အဖြစ် အသုံးချလိုက်တဲ့အခါမှာတော့ ပြည်သူတွေရဲ့ နေအိမ်တွေဟာ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်တွေကြောင့် တစ်စစီ ပျက်စီးသွားကြရပါတယ်။ တိုက်ပွဲပြီးလို့ ရွာကို ပြန်ကြည့်တဲ့အခါမှာ ကိုယ့်အိမ်နေရာမှာ ပြာပုံပဲ ရှိတော့တယ်၊ ကိုယ့်ရပ်ကွက် နေရာမှာ အုတ်ပုံပဲ ရှိတော့တယ်။ အိမ်မရှိတော့တဲ့ ဘဝတွေက ဘာကို အားကိုးပြီး ပြန်ကြမလဲ? ဒါဟာ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုေတွကြောင့် ပြည်သူတွေရဲ့ ဘဝတွေ ရင်းနှီးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
၃။ မြေမြှုပ်မိုင်းနဲ့ အကြွင်းအကျန် လက်နက်များရဲ့ အန္တရာယ်
တိုက်ပွဲတွေ ရပ်သွားရင်တောင်မှ အိမ်ပြန်ဖို့ မဖြစ်နိုင်တဲ့ တကယ့် အတားအဆီးကတော့ လက်လုပ်မိုင်းနဲ့ မြေမြုပ်မိုင်းတွေက "မမြင်နိူင်တဲ့ ရန်သူ " တွေပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကြောင်းပြပြီး အင်အားချဲ့ထွင်ခဲ့တဲ့ ကာလတွေမှာ နယ်မြေစိုးမိုးရေးအတွက်ဆိုပြီး ရွာပတ်ပတ်လည်၊ လယ်ယာတွေထဲမှာ မြေမြှုပ်မိုင်းတွေ အလုအယက် ထောင်ခဲ့ကြပါတယ်။
စစ်ပွဲတွေပြီးသွားရင်တောင် ဒီမိုင်းတွေကို ဘယ်သူကမှ တာဝန်ယူ သိမ်းဆည်းပေးတာ မရှိပါဘူး။ အိမ်ပြန်ပြီး လယ်ယာလုပ်ကိုင်ဖို့ ကြိုးစားတဲ့ မိဘပြည်သူတွေဟာ မိုင်းနင်းမိပြီး ခြေပြတ်လက်ပြတ် ဘဝတွေ ရောက်ကုန်ကြပါတယ်။ ဒီတော့ "အိမ်ပြန်ရင် သေနိူင်တယ်" ဆိုတဲ့ ကြောက်စိတ်က သူတို့ကို စစ်ဘေးရှောင်စခန်းတွေထဲမှာပဲ သက်ဆုံးတိုင် နေသွားဖို့ တွန်းပို့နေသလို ဖြစ်နေပါတယ်။ လက်နက်ကိုင်တွေရဲ့ နယ်မြေလုပွဲဟာ ပြည်သူတွေရဲ့ မြေပေါ်မြေအောက် ဘဝလုံုံခြုံမှုကို အမြစ်ပြတ် ဖျက်ဆီးလိုက်တာပါပဲ။
၄။ မျိုးဆက်ပြတ်သွားတဲ့ လူမှုဘဝများ
စစ်ဘေးရှောင်စခန်းတွေထဲမှာ ၅ နှစ်၊ ၁၀ နှစ်လောက် နေလိုက်ရတဲ့အခါမှာ လူငယ်တွေ၊ ကလေးငယ်တွေဟာ ကိုယ့်ဇာတိရွာရဲ့ ယဉ်ကျေးမှု၊ ကိုယ့်ဒေသရဲ့ ဓလေ့ထုံးတမ်းတွေကို မေ့လျော့ကုန်ကြပါတယ်။ သူတို့အတွက်တော့ စစ်ဘေးရှောင်စခန်းကပဲ သူတို့ရဲ့ ကမ္ဘာ ဖြစ်နေပါပြီ။
အိမ်ပြန်နိုင်ဖို့ဆိုတာ အဆောက်အဦးရှိရုံနဲ့ မရပါဘူး။ အဲဒီဒေသရဲ့ စီးပွားရေး၊ ပညာရေးနဲ့ လူမှုပတ်ဝန်းကျင်တွေ ပြန်လည် နာလန်ထူနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်သူပုန် တွေက စစ်ပွဲတွေကိုပဲ အစဉ်တစိုက် ဖန်တီးနေကြတဲ့အတွက် ဒေသတွင်း ဖွံ့ဖြိုးရေးဆိုတာ လုံးဝ မရှိတော့ပါဘူး။ ဒီတော့ လူငယ်တွေဟာ အိမ်ပြန်ဖို့ထက် တခြားနိုင်ငံတွေကို ထွက်ခွာဖို့ ဒါမှမဟုတ် မြို့ပေါ်မှာပဲ ဖြစ်သလို ရှင်သန်ဖို့ပဲ ရွေးချယ်လာကြပါတယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန် ကြောက်စရာကောင်းတဲ့ "မျိုးဆက်ပြတ် အိမ်ယာမဲ့ခြင်း" ပြဿနာပဲ ဖြစ်ပါတယ်။
၅။ နိဂုံးချုပ် သုံးသပ်ချက်
မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ...
"ဘယ်တော့မှ အိမ်မပြန်နိုင်တော့တဲ့ စစ်ဘေးရှောင်များ" ဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် တကယ့်ကို အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ခုပါ။ တိုင်းရင်သားလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးကို အသုံးချပြီး အင်အားတောင့်တင်းအောင် လုပ်၊ ပြီးရင် တိုက်ပွဲတွေ ပြန်ဖော်ဆိုတဲ့ ဒီသံသရာဆိုးကို မရပ်တန့်သရွေ့တော့ ပြည်သူတွေဟာ စစ်ဘေးရှောင်စခန်းတွေထဲမှာပဲ ဘဝကို အဆုံးသတ်နေကြရဦးမှာပါ။
ကျွန်တော်တို့ လိုချင်တာက ယာယီအပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ သူပုန်အမြစ်ပြတ်ရေး လူမျိုးစုလက်နက်ကိုင်ချုပ်ငြိမ်းရေးဖြစ်ပါတယ် ။ ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ ကိုယ့်အိမ်ကိုကိုယ် ပြန်နိုင်မယ့်၊ ကိုယ့်လယ်ကိုယ် ထွန်နိုင်မယ့်၊ ကိုယ့်သားသမီးကို ကျောင်းထားနိုင်မယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုပဲ လိုချင်တာပါ။ အာဏာနဲ့ နယ်မြေအတွက် တော်လှန်ပုန်ကန်အကြမ်းဖက် လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
နားဆင်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံတဲ့ မိမိရပ်ရွာ မိမိနေအိမ်ကလေးတွေဆီ အမြန်ဆုံး ပြန်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

No comments:
Post a Comment