Tuesday 31 March 2020

★ ❆ အလ္လာပ သလ္လာပ ❆ ★ 
_____________________

၁)
အတွေးတွေ တစ်ပိုင်းတစ်စနဲ့
အတိတ်ကို ပြေးကြည့်မိပါသေးတယ် ။
အနာဂတ် အတွက် ရပ်တန့်သွားတာကို ကျွန်တော် မသိခဲ့လိုက်ဘူး ။

၂)
အမြင့်ဆုံးဆိုတဲ့ တောင်ထွတ်ကို
တက်ဖို့ကြိုးစားရင်း ငါရဲ့
ခြေထောက် နှစ်ဖက်လုံး ကွဲအက်ဒဏ်ရာတွေ ရှိနေတာကို ကျွန်တော် သတိမထားမိခဲ့ဘူး ။

၃)
စကားလုံးအသစ် ၊ အတွေးအခေါ်အသစ် ၊
အရာရာအသစ်စက်စက်တွေ ရှိဖို့အတွက်
ရေးလိုက် မှတ်လိုက် ဖတ်လိုက် မေ့လိုက်နဲ့
စကားတွေ ထစ်ငြော့နေတာကို ကျွန်တော် သတိထားပြီး ရေရွတ်ရွတ်ဆိုနေရတယ် ။

၄)
တစ်ချို့သော အရိပ်တွေက အတိတ်ကို
မေ့ပြီး အစစ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတယ် ။
သူတိုတစ်တွေဟာ အစစ်သွားရာကို လိုက်ပါရတဲ့ အရိပ်အရောင်တွေပဲ ဖြစ်တာကို ကျွန်တော်မသိရှိခဲ့ဘူး ။

၅)
ကြည့်တဲ့လူတွေကလည်း ကြည့်တယ် ။
ပြတဲ့အရိပ်တွေကိုလည်း မြင်ကြတယ် ။
မြင်တွေ့ရတဲ့ အရိပ်အရောင်တွေကိုပဲ
အစစ်အမှန်တွေပဲလို့ မြင်နေကြတယ် ။
အရိပ်ကို အစစ်လို့ မမြင်ကြဖို့ ကျွန်တော် သတိအထပ်ထပ်ပေးနေသော်လည်း အရိပ်ကိုသာ အစစ်ထင်လို့ နေကြသေးတယ် ။

၆)
ဖိနပ်တွေ တောက်ပြောင်လာဖို့ ပွတ်တိုက်ပြရ ၊ ကိုယ်ခန္ဓာတွေ တောက်ပြောင်လာအောင် ပွတ်တိုက်နေရတာနဲ့ တစ်ချို့သော လူတွေမှာ အလုပ်တွေရှုပ်နေကြသေးတယ် ။
ရင်ထဲမှာတောက်လောင်နေသော ဒေါသမီး ၊ မောဟမီး ၊ သောကမီးတွေ ငြိမ်းချမ်းဖို့ ကိုယ့်ကျင့်သီလ နဲ့ မေတ္တာကို ပွတ်တိုက်ဖို့ကိုကြ မေ့နေကြတယ် ။

၇)
ဟိုရောင်ရောင် ၊ ဒီရောင်ရောင်နဲ့ ဟိုငေး ဒီငေး အတွေးတွေကလည်း လူရဲ့စိတ်ကို ရောင်လည်လည် ဖြစ်နေပေမယ့် တစ်ပတ်ပြည့်အောင် လည်ပတ်ခြင်းမရှိတော့လည်း ငါရဲ့ အလှည့်ကျလာဖို့ မရှိပဲ ဖြစ်နေတယ် ။

၈)
တိတ်ဆိတ်ခြင်းတွေကို အမှောင်ထဲကနေ တိတ်တဆိတ်ချောင်မြောင်းကြည့်ရင်း တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ကို လက်နဲ့ဖိပစ်ပြီး သက်ပြင်းခပ်ပြင်းပြင်း ကို တိတ်တခိုးချပစ်ခဲ့ဖူးတယ် ။

၉)
လောကရဲ့ အရူးဆန်ခြင်း များစွာကို တစ်ခါက ကြီးကြီးမားမား စောင့်မျှော်မိပါသေးတယ် ။
ရည်မှန်းချက်များစွာနဲ့လည်း ရူးသွပ်ခဲ့ဖူးတယ် ၊ အနှစ်မပါတဲ့ ရယ်မောခြင်းတွေနဲ့ စိတ်ကို ပျော်အောင် ရယ်ခဲ့ဖူးတယ် ။
အခန်းတံခါးကို ပိတ်ပြီး ကမ္ဘာအနှံလျှောက်ခဲ့သလို ကောင်းကင် တိမ်တိုက်ဖြုဖြုတွေထဲမှာလည်း ပျံဝဲဖူးခဲ့ပါသေးတယ် ။

၁၀)
မလန်းမဆန်း စိတ်ဆန္ဒကို လွယ်အိတ်နဲ့ လွယ်ပြီး သစ်ပင်ပန်းပင် မရှိသော လမ်းမတွေမှာ ခေါင်းကို ငြုတ်ပြီး လျှောက်လှမ်းသော ခြေလှမ်းတွေက တစ်ခါတစ်ရံ လေးလံလွန်းလှပါတယ် ။

၁၁)
ပတ်ဝန်းကျင်က စကားသံတွေ ၊ လေယူလေသိမ်း အသံတွေက လမ်းဘေးက ခွေးဟောင်သံလောက် ငါကို ပျော်ရွှင်မှု မပေးနိူင်ဘူး...။

၁၂)
တစ်ချိုသော ပျော်ရွှင်ခြင်းတွေက ုာကို ရှောင်ခွာထွက်သွားခဲ့တယ် ။ တစ်ချို့သော စ်တ်ဆင်းရဲစရာတွေကိုတော့ ငါက ရှောင်ခွာနေတာတောင် ငါဆီကို စိုက်စိုက်မြိုက်မြိုက် ဝင်လာပြီး ပြန်မထွက်ကြပဲနဲ့ ခိုအောင်းနေကြပါသေးတယ် ။

၁၃)
လူတွေတော်တော်များများက အနုပဘာသမားတွေ မဟုတ်ကြဘူး ၊ ဒါပေမယ့်လို့ အနုပညာသမားတွေထက် သရုပ် ၊ ဟန်ပန် ၊ နဲ့ ၊ ဟန်ဆောင်ခြင်း အတတ်ပညာတွေက တကယ်လည်း ဟန်ဆောင်ကောင်းနေကြတယ် ။ အနုပညာတွေကို သင်ယူကြပြီး အတုအရောင်အလုပ်တွေနဲ့သာ ဟန်ဆောင်ကောင်းနေကြတယ် ။

၁၄)
သောက နွံ့ထဲမှာ အတွေးတွေ လက်ပစ်ကူးခတ်ရင်း ခြေကုန်လက်ပန်း ကျသော ခံစားမှုမျိုးကို အားလုံးခံစားဖူးကြမှာပါ ၊ ဒါပေမယ့် ကျွန်တော်တို့အားလုံး အမှတ်မရှိခဲ့ကြဘူး ။

၁၅)
လည်ပတ်နေသော နာရီတစ်လုံးကို အဖော်ပြုပြီး ခရီးရှည်ထွက်လာခဲ့တယ် ။ ကျွန်တော် ခရီးမထွက်လည်း ဒီလက်ပတ်နာရီက လည်ပတ်နေတယ် ၊ ကျွန်တော်အတွေးတွေက နောက်ကို သွားနေသော်လည်း နာရီလက်တံတွေက ရှေ့ကိုပဲ လည်ပတ်နေတယ် ။

၁၆)
ရူးသွပ်ခြင်းများစွာနဲ့ ကောင်းကင်က ကြယ်တွေကို တစ်ယောက်တည်းလည်း ငေးကြည့်ခဲ့ဖူးသလို ၊ လူတွေရဲ့ အရိုင်းအဆိုင်း တစ်ယောက်လိုလည်း ထင်ခံခဲ့ရဖူးသေးတယ် ။

၁၇)
စကားလုံးလှလှလေးတွေပဲ အမြဲတမ်းသုံးနေရတော့ မျက်လုံးတွေနဲ့ပဲ ကျွန်တော်တို့ စကားပြောကြရအောင် ၊ တစ်ချို့သော လူတွေက စကားလုံးတွေနဲ့ မထိုက်တန်လှဘူး ။

၁၈)
အတွေးအခေါ်ရသလည်း မတူ ၊ စိတ်ခံစားမှုလည်း မတူ ၊ လူနေထိုင်မှု စရိုက်တွေလည်း တူညီမှု မရှကြပဲနဲ့ တစ်ယောက်နဲ့တစ်ယောက် အမှီပြုပြီး နေထိုင်နေကြတယ် ။ ဒါဟာလောက သဘာဝပါ ၊ သဘာဝမကျလှတဲ့ အတွေးတွေနဲ့ ကျွန်တော်တစ်ယောက် ကွဲပြားနေတယ် ။

၁၉)
တစ်ခါတစ်လေ လောကကြီးရဲ့ အပြင်တစ်နေရာမှာ တစ်ယောက်တည်း ခွဲထွက်ပြီး ပျံဝဲနေချင်တယ် ။ ကွဲပြားတဲ့ အတွေးတွေ ကြားထဲမှာ လုံးဝတူညီမှု မရှိပဲနေတယ် ။

၂၀)
နောက်ဆို
မမြင်ချင်တာတွေကို မကြည့်ချင်တော့ဘူး ၊
မပြောချင်တာတွေကိုလည်း ပါးစပ်ကြီးဖြဲဖြဲပြီး မပြောချင်ဘူး ။ ဘာညာအပိုတွေနဲ့ ဟန်လုပ်ပြီး နေထိုင်နေရတာ အတော်လေး ခံစားချက် ဆင်းရဲလွန်းပါတယ် ။

~~~~~ဪ~~~~~~

            လောကကြီးရယ်.....!!!! တစ်ခါတစ်လေတော့ ကိုယ်နေထိုင်ချင်သော နေထိုင်မှု ကိုယ့်ခံစားချင်သော စိတ်ခံစားမှု ၊ ကိုယ်ဖြစ်ချင်သော အဖြစ်အပျက်တွေကို စက္ကန့်ပိုင်းလေးပဲ ဖြစ်ဖြစ် ဖြတ်သန်းချင်တာပေါ့....။

‌ဆက်ရန်..........................................................................


            အဓိပတိ ကမ္မ
        31-3-2018,17.00

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...