Tuesday 17 March 2020

စိတ်ထဲမှာချိတ်ဆွဲထားတဲ့သောကြာသက်တန့်တွေ
----------------------------------------------------------

နွေမွန်...
လောကမှာအချစ်ကိုဖယ်ထုတ်လိုက်ရင်
အရာရာလိုအပ်နေတဲ့ဟင်းလင်းပြင်ကြီးဖြစ်သွားတော့မှာ ။
ဘဝထဲကိုတန်းတူညီမျှတဲ့အချစ်ကလေးတွေထည့်ပြီး
သောကပင်လယ်တွေနဲ့ဒုက္ခတောင်တန်းတွေကို
ရင်ဆိုင်ဖြတ်ကျော်ရတာဟာ
အဲဒါဟာငရဲဆိုလည်းနိဗ္ဗာန်ဆန်တယ် ။

ချစ်ရသူတစ်ယောက်ရဲ့လက်ကိုဆွဲပြီး
ဘဝကိုဖောက်ထွက်ရရင်ဆိုတဲ့အတွေးမျိုး
ငါရဲရဲရင့်ရင့်တွေးဖူးပါတယ် ။
ဒုက္ခနဲ့တွေ့တဲ့အခါအချစ်ဟာထွက်ပြေးသွားမှာ
ငါသိပ်ကိုစိုးရိမ်တာပေါ့ ။
တဲအိုပျက်မှထမင်းရည်အတူလျက်တဲ့ဘဝမျိုး
နွေမွန့်ကိုစိတ်ကူးတောင်မှမယဉ်စေချင်တာ
ငါ့တစ်ယူသန်မေတ္တာတရားပါ ။

ငါမပါပဲမိုးလင်းရတဲ့နေ့စွဲတွေ
မင်းဘဝမှာများလာရင်
သေသေချာချာနေသားကျသွားမှာပါမိနွေမွန် ။
နောက်ထပ်ချစ်ရသူအသစ်နဲ့
အိင်္ကျီဆင်တူဝတ်ပါ
အတူလျှောက်လည်ပြီး
နှစ်ယောက်တစ်ဘဝသီချင်းကိုဆိုပါ
ငါနဲ့အတူမရခဲ့တဲ့ပျော်ရွှင်မှုမျိုးတွေ
လှလှပပမင်းပျိုးထောင်ပါ
ငြိမ်းချမ်းအေးမြတဲ့အနာဂတ်ကို
ချစ်သူ့နှလုံးသားဆီကတောင်းယူပါ ။

ငါ့ရဲ့ချစ်လှစွာသောနွေမွန်ရေ
မင်းနှလုံးသားထဲကငါအပြီးအပိုင်ထွက်ခွာသွားတဲ့အခါ
မိုးရွာထဲမှာခိုးငိုတဲ့အကျင့်ကိုဖျောက်ပါ
လောကကြီးကိုစိတ်မကောက်ဖြစ်အောင်နေပါ
မင်းဖိနပ်လှလှလေးတွေကခေါ်ဆောင်သွားမယ့်
မာယာများတဲ့လမ်းတွေကိုသတိထားဖြတ်ကျော်ပါ ။

နွေမွန်
ချစ်သောနွေမွန်
အတော်ဆုံးတွေမှအသက်ရှင်ကျန်နေရတဲ့
နိုင်ရာစားလောကကြီးကိုမင်းမြင်ကြည့်စမ်း
မင်းကသာမေတ္တာမပေးနိုင်ဘူးဆိုရင်
ဘယ်သူမှမင်းကိုအေးမြမှုပေးကြမှာမဟုတ်ဘူး
အသွားအလာအပေးအယူများတဲ့ဒီလောကကြီးမှာ
အချစ်ဆိုတာလည်းသေချာပေါက်လိုအပ်တယ်
နှလုံးသားအသစ်ခံစားမှုအသစ်တွေနဲ့
အချစ်အသစ်ကိုမင်းဘာလို့မဖန်တီးနိုင်ရမှာလဲ
သိပ်တိုတောင်းလွန်းတဲ့လူ့ဘဝမှာ
ဆွေးလျနာကျင်ခြင်းတွေနဲ့
မင်းကိုနစ်မွန်းမနေစေချင်ဘူး
ရဲရဲချစ်ရဲရဲမုန်းရဲရဲပြုံးနေနိုင်တာဟာဘဝပဲ
အဲဒါမင်းကိုငါရရှိစေချင်တဲ့ဘဝပါပဲမိနွေမွန် ။ ။

                                  saw jonathan aye

Share by ><<>အဓိပတိ ကမ္မ
       17-3-2018,8.15am

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...