Thursday, 24 September 2026

 မင်္ဂလာပါ မိတ်ဆွေတို့။

ဒီကနေ့ ဗီဒီယိုမှာတော့ ကျနော်တို့ အားလုံး မျက်ခြည်မပြတ် စောင့်ကြည့်နေကြတဲ့ မြေပြင်က အခြေအနေတွေ၊ အထူးသဖြင့် အခုရက်ပိုင်းအတွင်း သိသိသာသာ ပြောင်းလဲလာတဲ့ စစ်ရေးဗျူဟာပိုင်းနဲ့ ခေါင်းဆောင်မှု အပြောင်းအလဲတွေအကြောင်းကို နည်းနည်းလေး သုံးသပ်ဆွေးနွေးချင်ပါတယ်။

ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်ပွဲတစ်ပွဲမှာ အနိုင်အရှုံးကို ဆုံးဖြတ်တာ လက်နက်အင်အား လူအင်အား သီးသန့်မဟုတ်ပါဘူး။ ခေါင်းဆောင်မှုပိုင်းရဲ့ စိတ်ဓာတ်ရေးရာ လမ်းညွှန်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး (Logistics) စနစ်တွေက သမိုင်းကို ပြောင်းလဲစေခဲ့တာချည်းပါပဲ။ ဥပမာအနေနဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တွေ ရှုံးနိမ့်သွားရတာဟာ ရှေ့တန်းက စစ်သားတွေကို အတင်းအကျပ် တိုက်ခိုင်းပြီး နောက်တန်းကနေ လုံလောက်တဲ့ ကျည်ဆန်နဲ့ စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်စွမ်း ကျဆင်းသွားလို့ပါပဲ။ စစ်သားတစ်ယောက်ရဲ့ စိတ်ဓာတ်ဆိုတာ သူ့အထက်က အရာရှိတွေက သူ့အသက်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်နေပါတယ်။

အခု ကျနော်တို့ဆီက မြေပြင်အခြေအနေတွေကို ပြန်ကြည့်ရအောင်ဗျာ။ အခုရက်ပိုင်း ကြားနေရတဲ့ သတင်းတွေအရ စစ်တိုက်ရတဲ့ ပုံစံတွေ သိသိသာသာကြီးကို ပြောင်းလဲလာတာ သတိထားမိကြလား။ ဒါဟာ ရိုးရိုးလေး ပြောင်းလဲသွားတာ မဟုတ်ဘူး။ System တစ်ခုလုံး၊ Doctrine ဒေါက် ထရင်း"  လို့ခေါ်တဲ့ စစ်ရေးအယူအဆ တစ်ခုလုံး ပြောင်းလဲသွားတာပါ။

ပထမဆုံး ကျနော် အံ့ဩမိတဲ့ အချက်လေးတစ်ခု ပြောပြမယ်။ ရှေ့တန်းမှာ တပ်စိတ်မှူးတစ်ယောက်က အခြားတစ်ယောက်ကို "သေနတ်တွေက သိပ်မကောင်းဘူးကွာ" လို့ အချင်းချင်း ညည်းတွားလိုက်တယ်။ အဲ့ဒီအသံကို ကြားဖြတ်ဖမ်းမိတဲ့အခါ အရင်ကဆို ဘာဖြစ်မလဲ။ "မင်းတို့က သတ္တိမရှိလို့ ဆင်ခြေပေးတာ" ဆိုပြီး အဆူခံရနိုင်တယ်။ ဒါပေမယ့် အခု ဘာလုပ်သလဲ သိလား။ နောက်တစ်နေ့ မနက်မှာတင် အဲဒီ ရှေ့တန်းရင်ဆိုင်ထားတဲ့ နေရာအထိကို သေနတ်အသစ်တစ်လက် သွားလဲပေးလိုက်တယ်။

ဒါတင်မကဘူး။ တိုက်ပွဲမှာ လက်နက် ပျက်စီးသွားတာ၊ ပျောက်ဆုံးသွားတာတွေ ရှိလာရင် အရင်ခေတ်ကလို စုံစမ်းရေး ခုံရုံးဖွဲ့တာတွေ၊ လျော်ခိုင်းတာတွေ အသာထားလိုက်တော့။ ချက်ချင်း နောက်တစ်လက် ထပ်ထုတ်ပေးတယ်။ ပြီးမှ "ရန်သူ့ဆီကနေ ပြန်ရအောင်ယူခဲ့" လို့ပဲ မှာလိုက်တော့တယ်။ သေနတ်ပျက်လို့၊ ကျည်ဆန်လိုလို့ လျော်ရတယ်ဆိုတဲ့ ခေတ်ကြီး ကုန်သွားပြီဗျ။ ဒါဟာ စစ်သည်တစ်ယောက်ကို ဘယ်လောက်ထိ ယုံကြည်မှုပေးလိုက်သလဲ၊ ဘယ်လောက်ထိ စိတ်ဓာတ်ခွန်အား တက်စေသလဲ ဆိုတာ စဉ်းစားကြည့်ပါ။

နောက်တစ်ချက်က ပစ်ကူနဲ့ ထောက်ပံ့မှု။ ရန်သူဘက်က ပစ်အားများလာလို့ လက်နက်ကြီး ပစ်ကူတောင်းလိုက်ရင် အရင်လို တွန့်ဆုတ်နေတာ မရှိတော့ဘူး။ လေယာဉ်ပါ ရောက်လာတယ်။ ခေတ်သစ်စစ်ပွဲတွေရဲ့ အသက်ဖြစ်တဲ့ FPV ဒရုန်းတွေပါ ပလူပျံအောင် ရောက်လာတယ်။ မြေပြင်က တောင်းဆိုတာကို အထက်က ချက်ချင်း တုံ့ပြန်ဖြည့်ဆည်းပေးတယ်ဆိုတာ တပ်တစ်တပ်ရဲ့ အသက်သွေးကြောပဲ။

ဒီနေရာမှာ သတင်းအချက်အလက် လုံခြုံရေးကိုလည်း သူတို့ အတော်လေး အလေးထားလာတာ တွေ့ရတယ်။ အရင်က သုံးနေတဲ့ ဆက်သွယ်ရေး အိုင်ကွန်တွေ ကြားဖြတ် နားထောင်ခံရတယ်ဆိုတာ သိတာနဲ့ ချက်ချင်းကို ဖုန်းကတ်နဲ့ပြောရတဲ့ အိုင်ကွန်တွေ ပြောင်းထုတ်ပေးလိုက်တယ်။ ပြဿနာတစ်ခုကို သိတာနဲ့ ချက်ချင်း ဖြေရှင်းတဲ့ ပုံစံမျိုးကို သွားနေတာပါ။ လေကြောင်းကနေဆိုရင်လည်း တိုက်ပွဲနယ်မြေကို မပြတ် ကင်းထောက်ပေးတယ်။ ရန်သူ့နောက်ပိုင်းက စစ်ကူ၊ ပစ်ကူ လမ်းကြောင်းတွေကိုပါ အဆက်မပြတ် ဖြတ်တောက်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ခမောင်းတောနဲ့ ငပိကျွန်းဘက်ကို လေကြောင်းကနေ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့လဲဆိုတာ သတင်းတွေ စောင့်ကြည့်နေသူတိုင်း သိကြမှာပါ။

ဒါပေမယ့် အဲဒီအချက်တွေ အားလုံးထက် ကျနော့်ကို အများကြီး တွေးစရာဖြစ်သွားစေတဲ့ အချက်တစ်ချက် ရှိတယ်။

အဲဒါကတော့ "ခေါင်းဆောင်မှု စိတ်ဓာတ် (Leadership Mindset)" ပြောင်းလဲသွားတာပါပဲ။

အရင်ကဆိုရင် တိုက်ပွဲတစ်ခုမှာ "ဒီနေ့ အဲဒီကုန်းကို မရရင် မင်းကို အရေးယူမယ်" ဆိုတဲ့ အမိန့်မျိုးတွေ ကြားဖူးကြမှာပါ။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။

"မလောနဲ့... မလိုအပ်ဘဲ အချည်းနှီး မစွန့်စားနဲ့။ နေရာဆိုတာ ရန်သူမရှိရင် သေနတ် နောက်ပြန်ထမ်းပြီး ဝင်သွားလို့ရတယ်။ အဓိကက ကိုယ့်လူတွေ အကျအဆုံးမရှိဘဲ ရန်သူကို ပြုန်းတီးအောင်လုပ်။ တိုက်ပွဲအောင်နိုင်ဖို့ လိုအပ်တာ အကုန်ပြော၊ ချက်ချင်း ရစေရမယ်။ လောဘကြီးပြီး စွတ်မလုပ်နဲ့" ဆိုတဲ့ လမ်းညွှန်မှုတွေ ဖြစ်လာတယ်။

ဒီစကားက သာမန်စကား မဟုတ်ဘူးဗျ။ လူ့အသက်ကို တန်ဖိုးထားလာတာ။ အသေခံပြီး ကုန်းတစ်ခုကို သိမ်းတာထက်၊ ဉာဏ်သုံးပြီး ရန်သူကို ချေမှုန်းဖို့ အားပေးလာတာ။ ပြီးခဲ့တဲ့ ညတိုက်ပွဲတစ်ခုမှာ တပ်စုမှူးနဲ့ စစ်သည်နှစ်ယောက် ရန်သူ့နယ်မြေထဲ ကျွံဝင်သွားပြီး တစ်ညလုံး အဆက်အသွယ် ပြတ်သွားတယ်။ နောက်နေ့ကျမှ တပ်စုမှူးက ရန်သူ့ကြားထဲကနေ ဖောက်ထွက်ပြီး ပြန်ပေါင်းလာနိုင်တဲ့အခါ အရင်ကလို သံသယနဲ့ စစ်ဆေးတာတွေ မလုပ်တော့ဘူး။ တိုင်းမှူးကိုယ်တိုင် ချက်ချင်း ချီးကျူးဂုဏ်ပြုပေးလိုက်တယ်။ တိုက်ပွဲမှာ ရဲရဲဝံ့ဝံ့တိုက်လို့ အကျိုးအမြတ်ထွက်ရင်လည်း နေ့မကူးဘဲ အဆင့်ချက်ချင်း တိုးပေးလိုက်တယ်။

မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ တပ်ဖွဲ့တစ်ခုဟာ သူ့ရဲ့ အားနည်းချက်တွေကို သေချာသုံးသပ်ပြီး၊ အောက်ခြေအထိ နားလည်မှုအပြည့်နဲ့ ဒီလိုမျိုး Support ပေးလာပြီဆိုရင် အဲဒီတပ်ရဲ့ စိတ်ဓာတ်ရေးရာက ဘယ်လိုဖြစ်လာမလဲ။

ဒါတွေက အိပ်မက် မက်နေတာ မဟုတ်ဘူးဗျ။ တကယ် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေပါ။ တချို့က ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် လက်လှမ်းမီတဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါတယ်။ ကျနော်ကတော့ အရပ်သား တစ်ယောက်ဖြစ်တဲ့အတွက် အများကြီး ခရေစေ့တွင်းကျ ဗီဒီယိုတွေ၊ သက်သေတွေတော့ ထုတ်မပြရဲဘူးပေါ့ဗျာ။ ကျနော်က ငါးပိကြော်နဲ့ မတည့်ဘူးလေ။ ပဲပုတ်တို့၊ ဂျူးမြစ်တို့၊ မြေပဲကြော်လောက်ပဲ စားနိုင်တာမို့ အဆင်မပြေဘူးဗျ။ (ရယ်လျက်)

ဒီကနေ့ ကျနော် ပြောခဲ့တဲ့ အကြောင်းအရာတွေကို နားထောင်ပြီးတဲ့အခါ မိတ်ဆွေတို့ စိတ်ထဲမှာ မေးခွန်းတစ်ခုတော့ ကျန်ရစ်ခဲ့စေချင်တယ်။

"အဖွဲ့အစည်းတစ်ခုဟာ သူတို့ရဲ့ အတိတ်က အမှားတွေကို ရဲရဲဝံ့ဝံ့ ဝန်ခံပြီး၊ စနစ်တစ်ခုလုံးကို အခုလို မြန်မြန်ဆန်ဆန်နဲ့ လူကိုဗဟိုပြုတဲ့ စနစ်မျိုး ပြောင်းလဲပစ်နိုင်ပြီဆိုရင်... ရှေ့ဆက်သွားမယ့် ခရီးကြမ်းမှာ ရလဒ်တွေက ဘယ်လိုပုံစံ ထွက်ပေါ်လာနိုင်သလဲ" ဆိုတာပါပဲ။ စစ်ပွဲတစ်ခုမှာ လက်နက်ဆိုတာ အရာဝတ္ထုပါ။ တကယ်တမ်း အဆုံးအဖြတ်ပေးတာက အဲဒီလက်နက်ကို ကိုင်ဆောင်ထားတဲ့ လူတွေရဲ့ စိတ်ဓာတ်နဲ့ သူတို့ကို နောက်ကနေ ကျောထောက်နောက်ခံ ပေးထားတဲ့ ယုံကြည်မှုပါပဲ။

ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ရမှာပါ။ သမိုင်းက အမြဲတမ်း သင်ခန်းစာတွေ ပေးလေ့ရှိပါတယ်။ အဲဒီ သင်ခန်းစာကို မြန်မြန်ယူနိုင်သူက အသာစီး ရသွားစမြဲပါပဲ။

ကျနော် အခုလိုမျိုး အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က သဘောတရားတွေကို ဆက်ပြီး လေ့လာတင်ဆက်နိုင်ဖို့၊ ဒီအလုပ်ကို ဆက်လုပ်နေဖို့အတွက် မိတ်ဆွေတို့ရဲ့ နားထောင်ပေးမှု၊ ဝေဖန်အကြံပြုပေးမှုနဲ့ တွန်းအားတွေက ကျနော့်အတွက် အမြဲတမ်း လိုအပ်နေပါတယ်လို့ ပြောကြားရင်း... ဒီကနေ့ ဆွေးနွေးတင်ဆက်မှုကို ဒီနေရာမှာပဲ ရပ်နားခွင့်ပြုပါ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျ

န်းမာ ရှိကြပါစေဗျာ။

No comments:

Post a Comment