မြန်မာနိုင်ငံမှာ စစ်မဖြစ်ခဲ့ရင်
မင်္ဂလာပါ မိတ်ဆွေတို့။ ဒီနေ့ ကျွန်တော်တို့ အတူတူ စဉ်းစားကြည့်ချင်တဲ့ ကျနော်တို့ "မြန်မာနိုင်ငံမှာသာ စစ်မဖြစ်ခဲ့ရင်..." ဆိုတဲ့ မေးခွန်းပါပဲ။
ဒီမေးခွန်းကို တွေးလိုက်တာနဲ့ တချို့က ပြောကြလိမ့်မယ်၊ "ဟေ့လူ၊ အတိတ်ကို ပြန်ပြောနေလို့ ဘာထူးလဲ" လို့ပေါ့။ ဒါပေမဲ့ မိတ်ဆွေ၊ အတိတ်ကို ပြန်ကြည့်တာက နောက်ကို ဆုတ်တာ မဟုတ်ဘူး။ ရှေ့ဆက်ဖို့ လမ်းကြောင်းမှန် ရှာဖို့အတွက် ပညာနဲ့ ကြည့်တာပါ။
ကမ္ဘာ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ပါ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားချိန်မှာ ဘာမှမရှိတော့ဘဲ ပြာပုံဘဝကနေ ပြန်ထလာတဲ့ နိုင်ငံတွေ အများကြီးပဲ ရှိတယ်။ ဥပမာ- တောင်ကိုရီးယားတို့၊ စင်ကာပူတို့ပေါ့။ သူတို့မှာ ဘာတွေ ပိုပါလာလို့လဲ။ သယံဇာတဆိုရင် ကျွန်တော်တို့နိုင်ငံက သူတို့ထက် အဆပေါင်းများစွာ သာတယ်။ လူသားအရင်းအမြစ်ဆိုတာလည်း ဘယ်သူ့မှ မညံ့ပါဘူး။
ဒါပေမဲ့ ပြဿနာက ဘာလဲဆိုေတာ့။ စစ်မီးတွေ၊ နိူင်ငံရေး ပဋိပက္ခတွေ၊လူမျိုးရေးအရ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်တွေပါပဲ။
ဘယ်လို အကြောင်းပြချက်၊ ဘယ်လို ဆင်ခြေမျိုးနဲ့ပဲ ဖြစ်ပါစေ... တောခိုတာ၊ လက်နက်ကိုင်တာ၊ သူပုန်ထတာဟာ တိုင်းပြည်အတွက် ဘယ်သောအခါမှကောင်းမွန်သော အဖြေမှန် မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ မဖြေရှင်းဘဲ လက်နတ်ကိုင်ပြီး တောခိုသွားကြတဲ့အခါ အဲဒီနောက်ဆက်တွဲ ဒဏ်ရာဒဏ်ချက်တွေကို ခံစားရတာက အပြစ်မဲ့တဲ့ အောက်ခြေကအခြေခံလူတန်းစား သာမန်ပြည်သူတွေပါပဲ။ ဘယ်လို တော်လှန်ရေးခေါင်းစဉ်တပ်တပ်၊ ဘယ်လို အာဏာရှင်စနစ်တိုက်ဖျက်ရေး နာမည်လှလှပေးပေး၊ လက်နက်နဲ့ တည်ဆောက်တဲ့ လမ်းကြောင်းပေါ်မှာ တိုင်းပြည်အကျိုးဆိုတာ ဘယ်တော့မှ ငြိမ်းချမ်းစွာ ရှိမနေပါဘူး။
ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာမဆို စစ်ပွဲတွေကို၊ တိုက်ပွဲတွေကို လုံးဝမဖန်တီးသင့်ပါဘူး။ စစ်ပွဲဆိုတာ အမုန်းတရားတွေကိုပဲ ထပ်ဆင့်မွေးထုတ်ပေးပြီး၊ မျိုးဆက်ပေါင်းများစွာရဲ့ အနာဂတ်နဲ့ အိပ်မက်တွေကို မီးရှို့ဖျက်ဆီးပစ်တတ်တဲ့ ဖျက်စွမ်းအားတစ်ခုပါပဲ။
ကိုယ့်ရဲ့ ခံယူချက် ဘယ်လောက်ပဲ မှန်တယ်လို့ ထင်နေပါစေဦး... အဲဒီ ရည်မှန်းချက်ကို ရောက်ဖို့အတွက် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်နဲ့ သွေးချွေးကို ရင်းနှီးပေးရတယ်ဆိုရင် အဲဒီအောင်မြင်မှုဟာ တကယ်တမ်းမှာ လူသားချင်းစာနာမှု ကင်းမဲ့သွားတဲ့ ကျဆုံးခြင်းတစ်ခုသာ ဖြစ်ပါလိမ့်မယ်။
စဉ်းစားကြည့်ပါဦး... မြန်မာနိုင်ငံမှာသာ ဒီလောက်ကြီးမားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ စစ်ပွဲတွေသာ မရှိခဲ့ဘူးဆိုရင်... ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အနေအထားက ဘယ်လောက်အထိ ရောက်နေမလဲ။
၁။ စီးပွားရေးနဲ့ အရင်းအမြစ်များရဲ့ တကယ့်မျက်နှာစာ
စီးပွားရေးဘက်ကနေ စဉ်းစားကြည့်ရအောင်။ တကယ်လို့များ စစ်မီးမရှိဘဲ ငြိမ်းချမ်းခဲ့မယ်ဆိုရင်... ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေတင် မကဘူး၊ တနင်္သာရီကမ်းရိုးတန်းကနေ ကချင်တောင်တန်းတွေအထိ... သယံဇာတတွေက ပြည်သူ့အတွက် အကျိုးရှိရှိ ထွက်ပေါ်နေမှာ။ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားနေမယ့် ပုဂံ၊ အင်းလေး၊ ငပလီတွေဟာ အာရှရဲ့ ထိပ်တန်း ခရီးသွားဒေသတွေ ဖြစ်နေလောက်ပြီ။
စစ်ပွဲတွေသာ မရှိခဲ့ရင်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများမယ်။ ဒီနေ့လို လူငယ်တွေဟာ နိုင်ငံရပ်ခြားကို ထွက်ဖို့အတွက် အလုအယက် ကြိုးစားနေရမယ့်အစား၊ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လုပ်အားနဲ့ ဂုဏ်ယူစွာ ရပ်တည်လို့ ရနေလောက်ပြီ။ သယံဇာတပေါကြွယ်ဝတဲ့ တိုင်းပြည်ကနေ၊ ပြည်သူတွေပါ အေးချမ်းသာယာစွာ အလုပ်လုပ်နိုင်တဲ့ တိုင်းပြည်တစ်ခု ဖြစ်လာဖို့က တကယ်တော့ မဝေးလှပါဘူး။
၂။ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်
နောက်တစ်ချက်က လူမှုရေးနဲ့ ပညာရေးပိုင်းပါ။ စဉ်းစားကြည့်ပါ... နိုင်ငံတော်ရဲ့ ဘတ်ဂျက်အများစုဟာ စစ်ရေးအသံုးစရိတ်ဘက်ကို ရောက်မသွားဘဲ၊ စာသင်ကျောင်းတွေ၊ သုတေသနဌာနတွေ၊ ခေတ်မီဆေးရုံကြီးတွေဘက်ကို သာ ရောက်သွားမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
ကျွန်တော်တို့ရဲ့ လူငယ်တွေဟာ နိုင်ငံတကာအဆင့်မီ ပညာရေးကို ကိုယ့်နိုင်ငံထဲမှာတင် လွတ်လွတ်လပ်လပ် လေ့လာဆည်းပူးခွင့် ရနေလောက်ပြီ။ ဆေးဘက်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ ပညာရှင်တွေ ပေါများလာပြီး ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်ေမာ့ပြီး ရပ်တည်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အလမ်းတွေ အားလုံးဟာ စစ်ပွဲေတွရဲ့ မီးခိုးတွေကြားမှာ ပျောက်ကွယ်သွားခဲ့ရတယ်။
၃။ သမိုင်းပေး တာဝန်နဲ့ လက်ရှိအခြေအနေ
ဒါပေမဲ့ မိတ်ဆွေ... သမိုင်းမှာ "အကယ်၍" ဆိုတာ မရှိဘူးဆိုတာ သိပေမဲ့၊ အဲဒီ "အကယ်၍" ဆိုတဲ့ အတွေးကနေတဆင့် ကျွန်တော်တို့ လက်ရှိအခြေအနေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ ဒီနေ့ ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆင်းရဲတွင်းနက်နေတာတွေ၊ လူတွေအချင်းချင်း စိတ်ဝမ်းကွဲပြားနေတာတွေ အားလုံးရဲ့ အရင်းအမြစ်က ဘယ်လိုအေကြာင်းေကြာင့်လဲဆိုတာကို မျက်ကွယ်ပြုလို့ မရဘူး။
အားလုံးနားလည်အောင်
ပြတ်ပြတ်သားသား ပြောရရင်တော့... ကျနော်တို့ရဲ့ အဖိုးတန်အချိန်တွေကို၊ အခွင့်အလမ်းတွေကို ဝါးမျို ဖျက်ဆီးသွားတာက အခုဖြစ်နေတဲ့ ပြည်တွင်းစစ်မီးကြီးပါပဲ။
တခြားနိုင်ငံတွေက ရှေ့ကို အပြေးအလွှား ရောက်သွားချိန်မှာ၊ ကျနော်တို့နိုင်ငံကတော့ စစ်ပွဲတွေ တိုက်ပွဲတွေထဲကို ခြေစုံပစ်ပြီး နောက်ပြန်ဆုတ်နေခဲ့ကြတယ်။
ဒီဗီဒီယိုကို ကြည့်ပြီးသွားတဲ့အခါ မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုကျန်ခဲ့စေချင်ပါတယ် အဲ့ဒါကတော့ "ငါတို့ မြန်မာနိူင်ငံသားတွေ တကယ်တမ်း ဘာတွေ ဆုံးရှုံးခဲ့ရပြီလဲ" ဆိုတဲ့ မေးခွန်းတစ်ခုနဲ့အတူ၊ "ဒီလို အခြေအနေကနေ ဘယ်လို ရုန်းထွက်ကြမလဲ၊ ငြိမ်းချမ်းတဲ့ အနာဂတ်ကို ဘယ်လို ပြန်လည်တည်ဆောက်ကြမလဲ" ဆိုတဲ့ အတွေးတစ်ခု ကျန်ခဲ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ထားပါ ။
ဒီလို လေးနက်တဲ့ အကြောင်းအရာတွေကို ဆက်လက် ဆွေးနွေးေနဖို့၊ မှန်ကန်တဲ့ အတွေးအခေါ်လေးတွေ မိတ်ဆွေတတို့ကို ချပြဖို့ဆိုတာ တစ်ခါတလေ ကိုယ့်ဘက်က အားအင်အများကြီး စိုက်ထုတ်ရပါတယ်။ ဒါကြောင့်... ကျနော်ထပ်ပြီး ပြောနေဖို့ ဆက်လုပ်နေဖို့အတွက် မိတ်ေဆွတို့ရဲ့ တွန်းအားတွေ အားပေးမှုတွေ အမြဲလိုအပ်နေပါတယ်လို့ အဆုံးသတ်မှာ ပြောချင်ပါတယ်
။ အားလုံးပဲ
ကျေးဇူးအထူးတင်ပါတယ်။

No comments:
Post a Comment