Monday, 14 September 2026

 

"အမြင်မတူရင် သတ်ဖြတ်တဲ့ လမ်းစဉ်နဲ့ သမိုင်းတရားခံတွေရဲ့ အမှန်တရား"


"ပြည်သူ့မျက်ရည်နဲ့ တည်ဆောက်နေတဲ့ ဒီမိုကရေစီလား... တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်မှုလား"



မိတ်ဆွေတို့... ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ "ပြည်သူ့အတွက်" ဆိုတဲ့ စကားလုံးနောက်ကွယ်က အမှန်တရားကို ဒီနေ့ ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောဖို့ အချိန်တန်နေပါပြီ။ စကားလုံးလှလှလေးတွေနဲ့ ပြည်သူလူထုကို လှည့်စားပြီး လက်တွေ့မှာ တိုင်းပြည်ကို ချောက်ထဲတွန်းချနေတဲ့ လုပ်ရပ်တွေအကြောင်း ကျွန်တော်တို့ မျက်ကွယ်ပြုထားလို့ မရတော့ပါဘူး။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အသက်တမျှ အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါပဲ။


မိတ်ဆွေတို့ တွေးကြည့်ဖူးမှာပါ ... "ပြည်သူ့အတွက်" "ဒီမိုကရေစီအရေးအတွက်" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် အစစ်အမှန်က ဘာလဲဆိုတာကိုပေါ့။

ဒီမိုကရေစီရဲ့ အနှစ်သာရ အစစ်အမှန်က အမြင်မတူ ကွဲလွဲမှုတွေကို သည်းခံလက်ခံနိုင်စွမ်း ရှိခြင်းပါပဲ။ ဒါပေမယ့် လက်တွေ့မှာ ကိုယ်နဲ့ အမြင်မတူတာနဲ့ ရန်သူလို သဘောထားပြီး အုပ်စုဖွဲ့ တိုက်ခိုက်တာတွေ၊ သံဃာတော်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဟာ ဒီမိုကရေစီနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ ဒါဟာ လွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်သူတိုင်းကို အသေသတ်မယ်ဆိုတဲ့ အင်မတန် အရုပ်ဆိုးတဲ့ အကြမ်းဖက်လုပ်ရပ် သက်သက်ပဲ ဖြစ်ပါတယ်။

ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် လူသတ်တယ်ဆိုတာ ကြီးလေးတဲ့ ရာဇဝတ်မှုပါပဲ။ ကိုယ့်ပြည်သူအချင်းချင်းကို ပစ်မှတ်ထားတဲ့ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်နေသူတွေဟာ ဘယ်တော့မှ သူရဲကောင်းတွေ ဖြစ်မလာပါဘူး။ တိုင်းပြည်ကို သွေးချောင်းစီးစေခဲ့တဲ့၊ လူ့အဖွဲ့အစည်းကို ဖျက်ဆီးခဲ့တဲ့ သမိုင်းတရားခံတွေအဖြစ်နဲ့သာ နောင်လာနောက်သားတွေရဲ့ သမိုင်းမှတ်တမ်းမှာ အစဉ်အဆက် ကျန်ရစ်နေခဲ့မှာ အသေအချာပါပဲ။


ခေတ်အဆက်ဆက်မှာ ကြွေးကြော်သံတွေ အများကြီး ကြားခဲ့ဖူးကြမှာပါ။ လှပတဲ့ စကားလုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ အပြောအဆိုတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် လက်တွေ့ မြေပြင်မှာ တကယ် ဖြစ်ပျက်နေတာတွေနဲ့ အဲဒီစကားလုံးတွေ တိုက်ဆိုင်မှု ရှိ၊ မရှိ ဆိုတာကို သေချာလေး ပြန်သုံးသပ်ကြည့်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

ယုတ္တိဗေဒအရ အင်မတန် ရိုးရှင်းတဲ့ အချက်လေး တစ်ချက်ကနေ စလိုက်ရအောင်။ တကယ်လို့သာ လူတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုဟာ "ပြည်သူအတွက်" ဆိုတဲ့ စိတ်ရင်းအမှန်သာ တကယ်ရှိမယ်ဆိုရင်... သူတို့ဟာ ဘယ်တော့မှ ကိုယ့်နိုင်ငံကို မီးဟုန်းဟုန်းတောက်အောင် လုပ်မယ့်၊ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းချမယ့် တောခိုသူပုန် လမ်းစဉ်ကို ရွေးချယ်မှာ မဟုတ်ဘူးဗျ။

စဉ်းစားကြည့်ပါဗျာ။ အိမ်တစ်လုံး ယိုယွင်းနေတယ်၊ ပြင်ချင်တယ် ဆိုပါစို့။ အိမ်ကို ပိုကောင်းအောင် ပြင်ချင်တဲ့သူဟာ အိမ်ကို မီးရှို့ပြီးမှ ပြင်ရိုးထုံးစံ ကမ္ဘာမှာ မရှိဘူး။ အိမ်ကို မီးရှို့တဲ့သူဟာ အိမ်ဖျက်သမားပဲ ဖြစ်ရမယ်။ တကယ် ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုင်းပြည်ကို တိုးတက်စေချင်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် လက်နက်ကိုင်လမ်းစဉ်ကို ဘယ်တော့မှ မလျှောက်ဘူး။

ကမ္ဘာ့သမိုင်းကို နည်းနည်းလေး ပြန်လှည့်ကြည့်ရအောင်။ သမိုင်းဆိုတာ အတိတ်က အဖြစ်အပျက်တွေ သက်သက်မဟုတ်ဘူးနော်၊ ကျွန်တော်တို့အတွက် အသက်တမျှ အရေးကြီးတဲ့ သင်ခန်းစာတွေပါ။ ပြင်သစ်တော်လှန်ရေးကိုပဲ ကြည့်မလား၊ ရုရှားက ဘော်လ်ရှီဗစ် တော်လှန်ရေးကိုပဲ ကြည့်မလား၊ ဒါမှမဟုတ် အာဖရိကတိုက်နဲ့ လက်တင်အမေရိက က ပြည်တွင်းစစ်တွေကိုပဲ လေ့လာကြည့်မလား။ အစပိုင်းမှာတော့ အားလုံးက "ပြည်သူ့အတွက်၊ လွတ်မြောက်ရေးအတွက်၊ တရားမျှတမှုအတွက်" ဆိုတဲ့ ခေါင်းစဉ်လှလှလေးတွေနဲ့ချည်းပဲ စခဲ့ကြတာပဲ။

ဒါပေမယ့် သွေးထွက်သံယိုဖြစ်တဲ့ လမ်း၊ လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့လမ်းစဥ်ကို ရွေးလိုက်တဲ့အခါ ဘာဖြစ်သွားလဲ။ အကြမ်းဖက်မှုဆိုတာ ထိန်းချုပ်လို့မရတဲ့ တောမီးလိုပဲဗျ။ 

နောက်ဆုံးမှာ ကိုယ်ကာကွယ်ပါမယ်ဆိုတဲ့ ပြည်သူကိုပဲ ပြန်ပြီး လောင်ကျွမ်းပစ်လိုက်တာချည်းပဲ။ 

သမိုင်းတစ်လျှောက်လုံးမှာ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်နဲ့ တည်ဆောက်ခဲ့တဲ့ ဘယ်ငြိမ်းချမ်းရေး၊ ဘယ်ဒီမိုကရေစီမှ မရှိခဲ့ဖူးဘူး။ တိုင်းပြည်တစ်ခု တည်ငြိမ်မှု ပျက်သွားပြီ၊ ဥပဒေစိုးမိုးမှု ကင်းမဲ့သွားပြီ ဆိုရင် အဲဒီတိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ဆိုတာ ဆယ်စုနှစ်ချီပြီး အချိန်ယူရတယ်။ လူ့သက်တမ်း တစ်ဆက်စာလောက် ဒုက္ခပင်လယ်ဝေသွားရတတ်တယ်။

အခု ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ပြန်ကြည့်ကြည့်ပါ။ တည်ငြိမ်မှုတွေ ပျက်ပြားအောင်၊ တရားဥပဒေစိုးမိုးမှု မရှိအောင် အဖျက်အမှောင့် လုပ်ရပ်တွေ လုပ်ကြတယ်။ လူသတ်တယ်၊ ဓားပြတိုက်တယ်၊ ဆပ်ကြေးကောက်တယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဒလန်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အလွယ်တကူ သတ်ဖြတ်ကြတယ်။ လမ်းတံတားတွေကို မိုင်းခွဲကြတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးကြတယ်။

မိတ်ဆွေတို့... ဒီလုပ်ရပ်တွေဟာ တကယ်ပဲ ပြည်သူကို ကာကွယ်နေတာလား တကယ်ပဲပြည်သူကို ကယ်တင်နေတာလား။ ဒါမှမဟုတ် ပြည်သူကို ဒုက္ခတွင်းထဲ အတင်းဆွဲချနေတာလား။

လူတစ်ယောက်ရဲ့ အသက်ကို သတ်ပစ်ဖို့၊ အဆောက်အဦးတစ်ခုကို ဗုံးခွဲဖျက်ဆီးပစ်ဖို့ ဆိုတာ စက္ကန့်ပိုင်းပဲ ကြာတယ်။ ဒါပေမယ့် အဲဒီလူတစ်ယောက် ကြီးပြင်းလာဖို့၊ အဲဒီ လမ်းတံတားတစ်ခု ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းများစွာ ရင်းနှီးတည်ဆောက်ခဲ့ရတာပါ။ ဖျက်ဆီးရတာ လွယ်သလောက် တည်ဆောက်ရတာ အင်မတန် ခက်ပါတယ်။ တကယ် ပြည်သူကို ချစ်တဲ့သူဟာ ပြည်သူ့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသေအလဲ ကာကွယ်ပေးရမယ်ဗျ။ အကြောက်တရားနဲ့ အုပ်ချုပ်ပြီး ဆပ်ကြေးကောက်နေတာဟာ တော်လှန်ရေး မဟုတ်ဘူး၊ အဲဒါ အကြမ်းဖက်ဝါဒ သက်သက်ပဲ။

လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်တွေကနေတဆင့် တိုင်းပြည်တစ်ခု အေးချမ်းသွားမယ်ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်ပါ။ အာဏာလိုချင်တဲ့ ခေါင်းဆောင်တချို့ကတော့ ဘေးကင်းရာကနေ လှပတဲ့ စကားလုံးတွေနဲ့ အမိန့်ပေးနေကြလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း မြေပြင်မှာ အသက်သေဆုံးသွားရတာ၊ မိသားစုတွေ ကွဲကွာသွားရတာ၊ အိမ်ရာမဲ့ဖြစ်သွားရတာ၊ နေ့စဉ်စားဝတ်နေရေး ကျပ်တည်းသွားရတာက အောက်ခြေက သာမန်ပြည်သူတွေပဲဗျ။


 နိုင်ငံရေးသမားတွေရဲ့ စစ်တုရင်ပွဲမှာ သာမန်ပြည်သူတွေက အသေခံနယ်ရုပ်လေးတွေ ဖြစ်သွားရတာဟာ အင်မတန် ရင်နာဖို့ ကောင်းပါတယ်။

ဒီအချိန်မှာ 

ကျွန်တော်တို့တွေ အသိတရားနဲ့ သတိတရားကို ယှဉ်ပြီး ကြည့်ဖို့လိုနေပြီ။ အမှားကို အမှားမှန်း သိဖို့လိုတယ်။ လှပတဲ့ စကားလုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ ကြွေးကြော်သံတွေအောက်မှာ ပုန်းကွယ်နေတဲ့ အကျည်းတန်တဲ့ အကြမ်းဖက်မှုတွေကို မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ သူပုန်ထတယ်၊ သောင်းကျန်းတယ်၊ ကိုယ့်နိုင်ငံကို ကိုယ်ပြန်ဖျက်ဆီးတယ်ဆိုတာ ရုပ်ရှင်တွေထဲကလို သူရဲကောင်းဆန်တဲ့ အလုပ်မဟုတ်ဘူး။ အဲဒါဟာ အင်မတန် တာဝန်မဲ့တဲ့၊ တိုင်းပြည်ကို သစ္စာဖောက်တဲ့ လုပ်ရပ်သက်သက်ပဲ။


ငြိမ်းချမ်းရေးဆိုတာ သေနတ်ပြောင်းဝကနေ ဘယ်တော့မှ ထွက်မလာဘူး။ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှု ရှိမှသာ တိုင်းပြည်က ရှေ့ကို ဆက်သွားလို့ရမှာပါ။ ပြည်သူတွေရဲ့ မျက်ရည်၊ အပြစ်မဲ့သူတွေရဲ့ သွေးတွေနဲ့ ခင်းထားတဲ့ လမ်းပေါ်မှာ လျှောက်သွားပြီးမှတော့ ရောက်လာမယ့် ပန်းတိုင်ဟာ ဘယ်လိုလုပ် သာယာလှပတဲ့ ဥယျာဉ် ဖြစ်နိုင်တော့မလဲဗျာ။

ဒီဗီဒီယိုလေး ဆုံးသွားတဲ့အခါ မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ ဒီမေးခွန်းလေး တစ်ခုတော့ သေချာပေါက် ကျန်ရစ်ခဲ့စေချင်တယ်။

"ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင် လုံခြုံရေးကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို 'တော်လှန်ရေး' ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မျက်ကွယ်ပြု ထောက်ခံနေသရွေ့... ကျွန်တော်တို့ တကယ်လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဆိုတာ ဘယ်တော့များမှ ရလာနိုင်ပါ့မလဲ"

အဖြေကတော့ မိတ်ဆွေတို့ရဲ့ နှလုံးသားထဲမှာ အသိဆုံးဖြစ်မှာပါ။ လူငယ်လူရွယ်အားလူံးနီးပါးက လမ်းမှားကို ရွေးလျှောက်နေသရွေ့တော့ လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

ဒီနေ့တော့ ကျွန်တော် ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါ။ ကျွန်တော် ထပ်ပြီး ပြောနေဖို့၊ ဒီလို အသိအမြင်တွေ ဝေမျှဖို့ ဆက်လုပ်နေဖို့အတွက် မိတ်ဆွေတို့ရဲ့ တွန်းအားတွေ အမြဲလိုအပ်နေတယ် ဆိုတာလေး ပြောရင်းနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်ဗျာ။ အားလုံးပဲ ငြိမ်းချမ်းသော နေ့ရက်လေးများကို 

အနာဂတ်မှာ ပိုင်ဆိုင်နိုင်ကြပါစေ။

No comments:

Post a Comment