Saturday, 26 July 2025

 Nyinaung

ဘာသာရေးဟာ လူသားတွေ

စိတ်နှလုံး အေးချမ်းစေဖို့

ငြိမ်းချမ်းရေးရစေဖို့

အမြဲတမ်း တိုက်တွန်းလေ့ရှိတယ်

လူသားတွေက မလိုက်နာနိုင်လို့ပဲ

မပြီးနိုင် မစီးနိုင်နဲ့

စစ်မီးတွေ တောက်လောက်နေကြရတာ


အဲဒီလို စကားမျိုးကို ကျနော်တို့

မကြာခဏ ကြားရလေ့ရှိပါတယ်

ဒါဟာ အင်မတန်မှ လွဲမှားတဲ့

အယူအဆပါပဲ

လူ့သမိုင်းတလျှောက်ကို ပြန်ကြည့်ရင်

ဘာသာတရားတို့၊ ဘုရားသခင်တို့ ဆိုတာ

စစ်မက်တွေ၊ မျိုးတုံးသ-တ်ဖြတ်ပွဲတွေ

မျိုးနွယ်စု ရှင်းလင်းရေးတွေဆီ

အဓိက ဦးတည်ခဲ့တဲ့ 

မောင်းနှင်အားလို့တောင် ဆိုနိုင်ပါတယ်


ဘယ်လို ဘာသာတရားမျိုးလဲ ဆိုရင်

မိုနိုသီယစ် ခေါ်တဲ့ ဧကနာထ (ဝါ)

ဘုရားသခင် တပါးတည်း ကိုးကွယ်တဲ့

ဘာသာတရားမျိုးတွေမှာ အဲဒီလို

ငါနဲ့မတူတဲ့ ငါ့ရန်သူတွေကို

မျိုးတုံးဖို့ ကျမ်းစာတွေထဲတောင်

တိုက်တွန်းထားတာ တွေ့နိုင်ပါတယ်


ကျမ်းစာ ဆိုတာ အဲဒီ ဘာသာဝင်တွေအဖို့

ဘုရားသခင် ကိုယ်တိုင် ရေးသားပေးထားတာ

ဒါမှမဟုတ် ဘုရားသခင်ရဲ့ စကားကို

ကမ္ဘာဦးလူတွေ မှတ်တမ်းတင်ထားတာလို့

(ဘယ်လိုပဲ ယုတ္တိမရှိစေဦးတော့)

တရားသေ မှတ်ယူထားကြတာပါ

အဲဒီကျမ်းစာတွေကို သမိုင်းတလျှောက်

လိုတိုးပိုလျှော့ လုံးဝ မလုပ်ခဲ့ပဲ

ဘုရားသခင် နှုတ်ထွက်အတိုင်း

တလုံးမကျန် မှန်ကန်တယ်လို့ ယုံကြည်ကြပါတယ်

အဲဒီတော့ ဘာသာဝင်ကောင်းမှန်ရင်

အဲဒီကျမ်းစာအတိုင်း တလုံးမကျန်

အလုံးစုံ လိုက်နာရပါသတဲ့


ငါနဲ့မတူ ငါ့ရန်သူ လို့ သတ်မှတ်စေပြီး

တပါးသော ဘုရားရယ်လို့ မရှိစေရ

ငါ့ကို ကိုးကွယ်သူတွေ တခြား ဘုရား

မကိုးကွယ်ရ၊ လာရောက် မြှူဆွယ်ခဲ့ရင်

ကိစ္စတုံးစေ လို့တောင် ရေးထားပါသေးတယ်


တရားဟောရာကျမ်း အခန်းကြီး ၁၃

အခန်းငယ် ၆ မှာ ဘယ်လို ရေးထားလဲဆို

"သင်၏ ညီအစ်ကို အရင်း၊ သင်၏ သားသမီး

သင်၏ရင်ခွင်၌နေသော မယား၊ ကိုယ်ကဲ့သို့

မှတ်တတ်သော အဆွေခင်ပွန်း တစုံတယောက်က

သွားကြစို့၊ သင်လည်း မသိ၊ ဘိုးဘေးတို့လည်း

မသိသော တခြားတပါးသော ဘုရား၊

သင့်ပတ်လည်အနီး အဝေး၌ နေသောသူ

မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်

ကိုးကွယ်သော ဘုရားကို ဝတ်ပြုကြစို့ ဟု

တိတ်ဆိတ်စွာ သွေးဆောင်လျှင် သင်သည်

ဝန်မခံရ။ သူ၏ စကားကို နားမထောင်ရ

သူ့ကို မြင်သောအခါ မသနားရ၊ နှမြေသဖြင့်

ဖွက်၍ မထားရ။ သူ့ကို အမှန် သ-တ်ရမည်။

သူသည် အ‌သေသ-တ်ခြင်းကို ခံစိမ့်သောငှာ

သင်သည် အဦးပြုပြီးမှ လူအပေါင်းတို့သည်

ပြုကြရမည်။ ကျွန်ခံရာ အဲဂုတ္တုပြည်မှ သင်တို့ကို

နုတ်ဆောင်တော်မူသော သင်၏ ဘုရားသခင်

ထာဝရဘုရားထံတော်မှ လွဲစေခြင်းငှာ

ကြံစည်သောကြောင့် ထိုသူကို ကျောက်ခဲနှင့်

ပစ်၍ အသေသ-တ်ကြရမည်။ ထိုသတင်းကို

ဣသရေလအမျိုးသားအပေါင်းတို့ ကြား၍

ထိုသို့သော အဓမ္မအမှုကို သင်တို့တွင်

နောက်တဖန် မပြုဝံ့ပဲ နေကြလိမ့်မည်"

လို့ ရေးထားပါတယ်


ကိုရန်ကျမ်းစာမှာဆိုရင်လည်း 

စူရက်အက်တောဘာ ကျမ်းပိုဒ် ၉:၅ မှာ

"မြင့်မြတ်သော သီတင်းလတို့ ကုန်လတ်သော်

သဘောတူညီချက်ကို ဖောက်ဖျက်သူ

ဗဟုနာထ ဘာသာဝင်တို့အား သ-တ်ဖြတ်လော့

ဖမ်းဆီးလော့၊ ဝိုင်းဝန်း လုပ်ကြံလော့

ချောင်းမြောင်း တိုက်ခိုက်လော့

သို့သော် ၎င်းတို့ အမြင်မှန်ရပါက

ဆုမွန်ကောင်းတောင်းလျက်

ဇာကတ်အခွန်တော် ကောက်ခံကာ

လွတ်မြောက်စေလော့

လို့ ရေးသားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်


လူတွေက ပြောလေ့ရှိကြပါတယ်

ဘုရားသခင် ဆိုတာ အသက်ကို

ဖန်တီးသူ တဲ့။ တကယ်တမ်း

ဟုတ်မဟုတ် မသေချာပေမယ့်

သေခြင်းတရားတွေကို အပီအပြင်

ဆောင်ကြဉ်းလာစေတာကတော့

ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး


အဲဒီတော့ ဘာသာဝင်ကောင်းရယ်လို့

မရှိတော့ဘူးလား မေးစရာ ရှိလာတယ်

ရှိတာပေါ့။ ဟိုအရင် သံခေတ် ကြေးခေတ်

၇ ရာစုဝန်းကျင်နောက်ခံနဲ့ အာရပ်တို့

ခါနန်ပြည်တို့က သဲကန္တာရနေ

သိုးကျောင်းသား၊ ဆိတ်ကျောင်းသားတွေ

ကမ္ဘာလောကအကြောင်း ထင်ရာ ရေးခဲ့တဲ့

 Goat-herders' Guide to Cosmo ကို

၂၁ ရာစုမှာ ဘာမှ လိုက်လံ ကျင့်သုံးစရာ

မလိုတော့ဘူးလို့ ယူဆတဲ့သူတွေ ဆိုပါတော့ 


အဲဒီလိုပြောတော့ ဗုဒ္ဓဘာသာဝင်တွေက

လက်ခမောင်းခတ်ကြပါတယ်

ငါတို့ ဘာသာရေးကျမ်းဂန်တွေမှာ

အဲဒီလို ရေးသား ညွှန်ကြားထားတာမျိုး

မရှိဘူး။ မကြားဖူးဘူး တဲ့

မရှိဘူးပဲ ထားပါဦး

(တကယ်က ဘာသာခြားကို သတ်ရင်

တိရစ္ဆာန်ကို သတ်တာလောက်ပဲ

အပြစ်ဖြစ်တယ် ဆိုတာမျိုး

အထင်ကရ ဘုန်းကြီးတွေတောင်

ဟောနေကြသေးတာ)

တယူသန် အစွန်းရောက် အမြင်နဲ့

ငါနဲ့မတူရင် ငါ့ရန်သူလို့ 

သတ်မှတ်ပြီး လူစုလူဝေးနဲ့

လက်သည်မပေါ်လိုက်ပဲ စီရင်ရာမှာ

သူတို့လည်း ဧကနာထ ဘာသာဝင်တွေနဲ့

သိပ်မကွာခြားလှပါဘူး


မယုံရင် မိတ္ထီလာ ပြာပုံဖြစ်သွားတဲ့

အဖြစ်အပျက်တွေ

ဘယ်ဘုန်းတော်ကြီးမှ

မကြည်ညိုလို့ ပြောမိလို့

လက်ထိပ်တန်းလန်းနဲ့

အဖမ်းခံလိုက်ရတဲ့ ဆရာဝန်လေးတွေ

ရခိုင်မှာ မတရားသဖြင့်

နိုင့်ထက်စီးနင်းလုပ်ခံရတုန်း

လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြတဲ့

မဘသနဲ့ ဗုဒ်ပေါတွေကို ပြန်သတိရလိုက်ပါ


#NyiNaung

ဖီလင် - 😏

No comments:

Post a Comment