Saturday, 26 July 2025

 နှစ်သစ်ကူးတာ သက်သက်နဲ့တော့ ကောင်းကျိုး ချမ်း သာတွေ ရလာမှာ မဟုတ်ဘူးတဲ့...


နှစ်သစ်မှာ ပိုပြီး ကောင်းချင်ရင် ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်၊ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်၊ စွန့် လွှတ်မှုတွေ ခိုင်မာလာအောင်၊အသိဉာဏ်တွေ ကြွယ်ဝလာအောင်လုပ်ဖို့လိုပါတယ်။


အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ်ဆိုရင် တဏှာ လောဘရဲ့အမြင်နဲ့ မျှော်လင့်နေတာသာဖြစ်ပါတယ်။ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး..

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


လောကရှိ လူသားတွေအားလုံးဟာ နှစ်ဟောင်းကုန် တိုင်း နှစ်ဟောင်းကုန်တိုင်း နှစ်သစ်ကို ကြိုဆိုကြပြီး နှစ်သစ်မင်္ဂလာအခါသမယမှာ ကောင်းကျိုးချမ်းသာတွေကို မျှော်လင့်တောင်းတကြတာ ဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်။


မည်သည့် လူမျိုးပဲဖြစ်ဖြစ် နှစ်ဦးကာလ အခါ၊သမယ မှာ“ကောင်းကျိုးချမ်းသာတွေ ရကြပါစေကောင်း ကျိုး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ”တစ်ဦးနဲ့တစ်ဦး တောင်းဆုခြေကြတယ်။ 


ရောက်ရှိလာမယ့်နှစ်သစ်အခါသမယမှာစီးပွားရေး၊ပညာရေး၊လူမှုရေး၊မိမိတို့ဘဝနေထိုင်ရေးတွေအားလုံး အဆင်တပြေဖြစ်ဖို့အတွက် မျှော်လင့်ကြီးစွာ ရှိကြပါတယ်။


လူသားတိုင်း အားလုံးရဲ့ တညီတည်းသောတစ်ခု တည်း သော ဆန္ဒကတော့ သုခကာမာ- ချမ်းသာချင် ကြတယ်။


ဒုက္ခပဋိကူလ-ဆင်းရဲဒုက္ခကို ရွံ့မုန်းကြတယ်။ 


ချမ်းသာချင်ကြသည့် အတွက်ကြောင့် ချမ်းသာဖို့ နည်းလမ်းအမျိုးမျိုးကို ရှာကြံပြီးတော့ချမ်းသာသုခရရှိရေးအတွက် ကြိုးပမ်းအားထုတနေကြတာဖြစ်ပါတယ်။


သို့သော်လည်း ချမ်းသာသုခကို ဆိုင်ရာဆိုင်ရာစစ်မှန် တဲ့ အကြောင်းတရားကသာ ပေးနိုင်တာဖြစ်တယ်။


အချို့အချို့သော အကြောင်းတရားများဟာချမ်းသာ သုခကို မပေးနိုင်ဘူး။


မပေးနိုင်တဲ့ အကြောင်းတရားများကို လက်ခံကျင့် သုံး နေမယ် ဆိုလို့ရှိရင်မိမိတို့ မျှော်မှန်းတဲ့ ချမ်းသာသုခကို မရဘဲနဲ့ ဒုက္ခတွေပင်လယ်ဝေကြရမှာ။


သတ္တဝါတွေရဲ့ အခြေအနေတွေဒီလိုရှိပါတယ်။ 


ဒါကြောင့်မို့လို့ မြတ်စွာဘုရားကချမ်းသာသုခရချင်တဲ့ ပုဂ္ဂိုလ်တွေ တကယ့်စစ်မှန်တဲ့ချမ်းသာသုခကို ပေးနိုင်တဲ့ အကြောင်းတရားများကိုအရင်းကျကျ ထိုထိုသုတ္တန် တွေမှာဟောပြောထားတာရှိတယ်။


နှစ်သစ်အခါသမယမှာ ပိုပြီး ကောင်းလာစေချင်လို့ ရှိရင် ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်၊ပိုပြီးကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်၊ပိုပြီး စွန့် လွှတ်မှုတွေ ခိုင်မာလာအောင်၊ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင်လုပ်ဖို့လိုပါတယ်။


အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ဆုတောင်းတွေ၊တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။ ။


အေး .. နှစ်သစ်ကူးတာ သက်သက်နဲ့တော့ ကောင်း ကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူးတဲ့။


လောကမှာ အသစ်အသစ်ဆိုတာ ရှည်တဲ့ကာလအပိုင်း ကလေးတစ်ခုကိုကြည့်ပြီးတော့ အဟောင်းကုန်ပြီးရင် အသစ်ကူးတယ်လို့ ဒီလိုပြောကြတာ။


ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် စက္ကန့်ပိုင်း အတိုင်း အသစ်ကူးနေတာပါ။


အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါ။ ဒီလကုန်ရင် နောက်လရောက်လာတာလည်း လအသစ် ကူးနေတာပါပဲ။


ဒီကနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ

ရက်အသစ်ကူးနေတာပါ။


ဒီနာရီကုန်လို့ နောက်နာရီဆိုတာလည်း အသစ်ကူးနေတာပါ။


နောက်ဆုံး ဒီစက္ကန့်လေးကုန်သွားလို့ နောက်စက္ကန့်လေး ဆိုတာလည်း ကူးနေတာပါ။


နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေချည်းပါပဲ။


အဲသလို အဟောင်းအဟောင်းတွေ ချုပ်သွားပြီး အသစ်အသစ်တွေ ပေါ်လာနေတယ်ဆိုတာလောကရဲ့ မမြဲတဲ့၊ရပ်တည်မနေတဲ့၊အစဉ်ထာဝရရွှေ့ပြောင်း နေတဲ့ သဘာဝတရားကြီးမျှသာဖြစ်ပါတယ်။


တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် အသစ်ကို

မျှော်တာဟာ တဏှာလောဘရဲ့ သွေးဆောင်မှုတစ်ခု

သာ ဖြစ်ပါတယ်။


အသစ်ကိုမျှော်လင့်ခြင်းသည် တဏှာမကင်း သူတို့ရဲ့ အတွေးတစ်ခုမျှသာဖြစ်ပါတယ်။


နေ့စဉ်နဲ့အမျှကြည့်လေ၊ဒီကနေ့ နေကြီးထွက်လာပြီးတော့ဝင်သွားလို့ရှိရင် မနက်ဖြန်ခါ နေအသစ်ပေါ့။ 


နက်ဖြန်ခါ ထွက်လာတဲ့နေဟာ အသစ်ပဲ။အဲတော့

ဒီလိုလတွေနေ့တွေ အသစ်အသစ်ပြောင်းနေတဲ့ အချိန်ကိုတော့အသစ်လို့မထင်ဘူး။


နည်းနည်းလေး ကြာလာတဲ့အခါ ကျတော့ လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက်ကြာညောင်းလာတဲ့အခါကျတော့ နှစ်ဟောင်းကုန်လို့နှစ်သစ်ရောက်လာပြီလို့ လူတွေက သတိထားမိလာတာပါ။


ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးသပ်မယ် ဆိုလို့ ရှိ ရင် စက္ကန့်ပိုင်းမှာ အသစ်အသစ် ပြောင်းနေတယ်လို့သိလာနိုင်ပါတယ်။


အဲဒီတော့ အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ်ဆိုရင် တဏှာ လောဘရဲ့အမြင်နဲ့ မျှော်လင့်နေတာသာဖြစ်ပါတယ်။


ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး။


ဘာကြောင့်တုန်းဆိုလို့ရှိရင် လောကမှာ မိမိတို့ လုပ် ဆောင်နေတာအကောင်းလည်း လုပ်သလို အဆိုးတွေလည်း လုပ်ဆောင်နေကြတာ ဖြစ်သောကြောင့်

အဆိုးတွေလည်း ပါနေတာ ဖြစ်သောကြောင့် အကောင်းတွေချည်း ဖြစ်လာဖို့ဆိုတာ သံသရာထဲမှာ မမျှော်လင့်နိုင်ပါဘူး။


ဒါကြောင့်မို့ နောက်ဆုံး အသစ်ကိုမျှော်တာကို ရုပ် သိမ်းလိုက်တယ်။


တရားအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် အသစ်ရော အဟောင်းရော အတူတူပါပဲတဲ့။အသစ်မမျှော်တော့ဘူး။


ဒါကြောင့်မို့ မြတ်စွာဘုရားကတရားဓမ္မ ရပြီးတဲ့အခါ “အယမန္တိမာ ဇာတိ၊နတ္ထိ ဒါနိပုနဗ္ဗဝေါ” “ငါ့ဘဝဟာ ဒါနောက်ဆုံးပဲ၊နောက်ထပ်မရှိတော့ဘူး” လို့ မိန့်တော်မူပါတယ်။


“အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် ဒါဟာ

သံသရာမှာ ဒုက္ခတွေချုပ်ငြိမ်းသွားခြင်းသာဖြစ်ပါတယ်။


အသစ်မျှော်နေသေးသမျှ သံသရာထဲမှာ ဒုက္ခတွေနဲ့

ဆုံကြ၊ကြုံကြရဦးမှာ ဖြစ်ပါတယ်။


ဒါကြောင့်မို့ တဏှာရဲ့ မျှော်လင့်ချက်မျိုး မဖြစ်ဘဲ

နဲ့ မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလ အခါသမယမှာ 


သဒ္ဓါတရားအသစ်တွေ၊မဖြစ်သေးတဲ့ သဒ္ဓါတရားတွေဖြစ်လာအောင်၊ မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေကြီးထွားလာအောင်၊ မဖြစ်သေးတဲ့ စာဂတရားတွေများပြားလာအောင်၊ မဖြစ်သေးတဲ့ ပညာတရားတွေအသစ်ဖြစ်လာအောင် ကြိုးစားခြင်းသည်သာလျှင်တကယ့်အစစ်အမှန် ဖြစ်တယ်ဆိုတာ ယုံကြည်ပြီး..


အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်

တို့သည် နှစ်သစ်ကူးပြီးစ နှစ်ဦးကာလ အခါသမယမှာဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဓမ္မလက်ဆောင်ပေးတဲ့အနေနဲ့ ဒီတရားကို ဟောကြားအပ်ပါတယ်။


အားလုံးသော သူတော်စင် အပေါင်းတို့သည် ကိုယ် စိတ်နှစ်ဖြာ ချမ်းသာ၍ နှစ်သစ်မင်္ဂလာ အခါသမယ မှာ ချမ်းသာသုခရကြောင်း သူတော်ကောင်းတရား ကို ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။


ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာနန္ဒမာလာဘိဝံသ


Khin Sandar Soe Htut

No comments:

Post a Comment