Saturday, 26 July 2025

 အခန်း (၃)

ဉာဏ်ပညာဆိုတာဟာ တစ်ခုတည်းဖြစ်ခြင်းဖြစ်ပြီး သူနဲ့ထပ်တူညီတာ ဘာမှမရှိ

++++++++++


ဒါက လူအားလုံးနဲ့ သက်ဆိုင်တယ်

သူတို့ကိုယ်သူတို့ သိဖို့ရာပေါ့

ပြီးတော့ မျှတဖို့ရာ


မျှတဖို့ရာဟာ အကြီးမြတ်ဆုံး ကိုယ်ကျင့်


ဉာဏ်ပညာဟာ သစ္စာစကား၊ မှန်ကန်တဲ့အပြုအမူတွေနဲ့ ဖွဲ့စည်းထားတယ်

အရာရာရဲ့ သဘာဝကို သတိပြုမိခြင်းနဲ့ ဖွဲ့စည်းထားတယ်


ငါပြောတာနားထောင်ပါ .. ဒေဝတာတွေပြောတာ နားမထောင်နဲ့

အရာအားလုံးဟာ တစ်ခုတည်းပဲ ဆိုတာကိုသိခြင်းက 

ဉာဏ်ပညာရှိခြင်းပဲ


ဉာဏ်ပညာဆိုတာ တစ်ခုတည်းဖြစ်ခြင်းပဲ

အဲ့ဒါကိုသိခြင်းအားဖြင့်

အရာအားလုံးဟာ အရာအားလုံးကို ထိန်းကျောင်းပေးနေတယ်


ဉာဏ်ပညာဆိုတာဟာ တစ်ခုတည်းဖြစ်ခြင်းဖြစ်ပြီး သူနဲ့ထပ်တူညီတာမရှိ

သူဟာ ဆန္ဒမရှိဘဲ ဆန္ဒရှိနေတယ်

ဇုစ်ရဲ့ အမည်နာမကို တပ်ပြီးခေါ်ရမယ်


ဟီရာကလိုက်တပ်စ်ရဲ့ ဒီသုတ္တံကိုမလေ့လာခင်မှာ ငါတို့သိထားစရာအနည်းငယ်ရှိတယ်။


ပထမ - ကိုယ့်ကိုယ်ကိုယ်သိဖို့ဆိုတာဟာ အခက်ခဲဆုံးကိစ္စဖြစ်တယ်။ အဲ့သလိုမဖြစ်သင့်ဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဖက်ဖြစ်သင့် တယ်။ အရိုးရှင်းဆုံးကိစ္စ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် တကယ်တန်းတော့ အဲ့သလိုဟုတ်မနေဘူး။ အကြောင်းရင်း အတော် များများရှိတယ်။ အဲ့ဒါက ရှုပ်ထွေးလာနေပြီး ခင်ဗျားဟာ နောက်ပြန်လှည့်လို့မရလောက်သည်အထိ ကိုယ့်ကိုယ်ကိုယ် လျှစ်လျှူရှုမှုတွေအတော်များများလုပ်ခဲ့တယ်။ မူလအရင်းအမြစ်ဆီကို ခင်ဗျားပြန်မသွားနိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် မထိတွေ့နိုင်တော့ဘူး။ 


ခင်ဗျားရဲ့အခုလက်ရှိ ဘဝတစ်ခုလုံးဟာ ခင်ဗျားရဲ့ ကိုယ့်ကိုယ်ကိုယ်မသိမှု အဝိဇ္ဇာအပေါ် အခြေတည်ပြီး လူ့အဖွဲ့အစည်း၊ နိုင်ငံတော်၊ ဘုရားကျောင်း စတာတွေက အတည်ပြုပေးထားတဲ့ဘဝဖြစ်တယ်။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ်သိမြင်မှုမရှိဘဲ ရှင်သန်နေထိုင်နေတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းက ခင်ဗျားကိုယ်ကိုယ်ကိုယ်သိမှာကို မလိုလားလို့ပဲ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်သိသွားရင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်သိလာတဲ့ လူတစ်ယောက်ဟာ သူပုန်ဆန်လာလိမ့်မယ်။ 


အသိပညာဆိုတာ အကြီးမားဆုံးပုန်ကန်မှုကြီးပဲ။ ကျုပ်ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ်သိတဲ့ အသိပညာပဲ။ ကျမ်းစာတွေထဲ ကနေရလာတဲ့ အသိပညာကို မဆိုလိုဘူး။ တက္ကသိုလ်မှာတွေ့လာတဲ့အသိပညာကို မဆိုလိုဘူး။ ခင်ဗျားရဲ့ ကိုယ်ပိုင် ဖြစ်တည်မှုကို ခင်ဗျားထိတွေ့လိုက်တဲ့အချိန်မှာ ရလာတဲ့အသိပညာကိုဆိုလိုတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဝစ်လစ်စလစ်နဲ့ တုံးလုံးကျွတ်တွေ့လိုက်ရတဲ့အချိန်မှာ သိလာတဲ့အသိပညာကိုဆိုလိုတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဘုရားသခင်အဖြစ် သိလိုက် တဲ့အသိပညာကိုဆိုလိုတယ်။ လူ့အဖွဲ့အစည်းက ခင်ဗျားကိုသိမြင်စေချင်တဲ့ပုံစံအတိုင်း ခင်ဗျားသိမြင်နေတာမျိုးကို မဆိုလို ဘူး။ ခင်ဗျားကိုယ်ခင်ဗျား ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ အခြေအနေထဲသွပ်သွင်းခံထားရမှုတွေ၊ ရိုကျိုးသိမ်မွေ့မှုတွေ၊ အရောင်ဆိုးထားမှုတွေမပါတော့ဘဲနဲ့ လုံးဝအပြည့်အဝဖူးပွင့်နေတဲ့ ခင်ဗျားရဲ့သဘာဝဖြစ်တည်မှုကို သိလိုက်ရတဲ့ အသိပညာ မျိုးကိုဆိုလိုတယ်။ 


လူ့အဖွဲ့အစည်းက ခင်ဗျားကိုစက်ရုပ်တစ်ရုပ်အဖြစ်ပဲ မြင်ချင်ကြတယ်။ တော်လှန်ပုန်ကန်တဲ့ သူပုန်တစ်ယောက်အဖြစ် မမြင်ချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ စက်ရုပ်တစ်ရုပ်က အကူအညီရလို့ပဲ။ စက်ရုပ်တစ်ရုပ်ကို လွှမ်းမိုးထိန်းချုပ်ရတာက လွယ်တယ်။ ကိုယ့်ကိုယ်ကိုယ်သိမြင်သွားတဲ့လူတစ်ယောက်ကို ထိန်းချုပ်ဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်တော့သလောက် ဖြစ်တဲ့အလုပ်တစ်ခုပဲ။ ခင်ဗျားယေရှုခရစ်ကို ဘယ်လိုထိန်းချုပ်လွှမ်းမိုးမလဲ။ ခင်ဗျား ဗုဒ္ဓ ဒါမှမဟုတ် ဟီရာကလိုက်တပ်ကို ဘယ်လိုလွှမ်းမိုးထိန်းချုပ်မလဲ။ သူဟာ သူများအလိုလိုက်အကြိုက်ဆောင်တာမျိုး လုပ်မှာမဟုတ်တော့ဘူး။ အာဏာနဲ့ အမိန့် ပေးစေခိုင်းတာမျိုးကို လိုက်နာမှာမဟုတ်တော့ဘူး။ သူဟာ သူ့ကိုယ်ပိုင်ဖြစ်တည်မှုအရပဲ ရွေ့လျားတော့မှာဖြစ်တယ်။ သူဟာ လေလို၊ တိမ်လို၊ မြစ်တစ်စင်းလို ရွေ့လျားစီးဆင်းတော့မှာပဲ။ သူဟာ ကြမ်းရိုင်းနေလိမ့်မယ်။ ဒါပေမယ့် လှပတယ်၊ သဘာဝ ဆန်တယ်။ အတုအယောင်လူ့အဖွဲ့အစည်းတစ်ခုအတွက်တော့ အဲ့သလိုလူမျိုးဟာ အန္တရာယ်ရှိနေလိမ့်မယ်။ သူဟာ အဲ့သလို လူ့အဖွဲ့အစည်းနဲ့ အံကျမှာမဟုတ်ဘူး။ ကမ္ဘာလောကထဲမှာ သဘာဝကျတဲ့လူ့အဖွဲ့အစည်းတစ်ခုကို မထူထောင်နိုင်မချင်း တော့ ဗုဒ္ဓဟာ အံမဝင်တဲ့သူတစ်ယောက်ဖြစ်နေဦးမှာပဲ။ ယေရှုဟာ ကားစင်တင်ပြီး ကွပ်မျက်ခံနေရဦးမှာပဲ။ 


လူ့အဖွဲ့အစည်းက လွှမ်းမိုးချုပ်ကိုင်ချင်ကြတယ်။ အခွင့်ထူးခံလူတန်းစားတွေဟာ လွှမ်းမိုးချုပ်ကိုင်ချင်ကြတယ်။ ဖိနှိပ်ချင်ကြ တယ်။ ကိုယ်ကျိုးအတွက် အသုံးချချင်ကြတယ်။ သူတို့ဟာ ခင်ဗျားကို ကိုယ့်ကိုယ်ကိုယ်လုံးဝမသိတဲ့အဖြစ်နဲ့ ရှိနေစေချင်ကြ တယ်။ ဒါက ပထမအခက်အခဲပဲ။ ပြီးတော့ လူဆိုတာကလဲ လူ့အဖွဲ့အစည်းအတွင်းမှာပဲ မွေးဖွားလာကြရတာပဲဖြစ်တယ်။ မိဘတွေဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဆရာတွေဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်။ ဘုန်းတော်ကြီးတွေဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ လူ့အဖွဲ့အစည်းဆိုတာဟာ နေရာတိုင်းမှာရှိနေတယ်။ ခင်ဗျားရဲ့ဝန်းကျင်မှာ ဝိုင်းပတ်နေကြတယ်။ လူ့အဖွဲ့အစည်းကနေ ဘယ်လိုလွတ်မြောက်နိုင်ပါ့မလဲ။ တကယ့်ကို မဖြစ်နိုင်တဲ့ပုံပါပဲ။ သဘာဝဆီကိုပြန်သွားရမယ့်တံခါးကို ဘယ်လိုရှာဖွေကြမလဲ။ ခင်ဗျားကို ဘေးပတ်ပတ်လည် ကနေဝိုင်းဆို့ပိတ်ဆီးထားကြတယ်။ 


ဒုတိယအခက်အခဲကတော့ ခင်ဗျားကိုယ်တိုင်ဆီကလာတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားကိုယ်တိုင်ကလည်း ဖိနှိပ်ချင် နေတယ်။ လွှမ်းမိုးချင်နေတယ်။ ပိုင်ဆိုင်ချင်နေတယ်။ တန်ခိုးအာဏာရှိချင်နေတယ်။ ကိုယ့်ကိုယ်ကိုယ်သိမြင်တဲ့သူ တစ်ယောက်ဟာ ဘယ်သူ့ကိုမှကျွန်မပြုချင်သလို ဘယ်သူ့ရဲ့ကျွန်ပြုမှုကိုမှလည်းမခံချင်ကြဘူး။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုရှိတဲ့သူတစ်ယောက်ကို ဖိနှိပ်လို့မရသလို သူဟာလည်းဘယ်သူ့ကိုမှမဖိနှိပ်ဘူး။ သူ့ကိုလွှမ်းမိုးလို့မရသလို သူကလည်း ဘယ်သူ့ကိုမှမလွှမ်းမိုးဘူး။ အဲ့ဒီ တာ ကိုရောက်နေတဲ့သူအဖို့အတွက် လွှမ်းမိုးခြင်းဆိုတာဟာ ချုပ်ဆုံးနေတယ်။ ခင်ဗျားသူ့ကိုပိုင်ဆိုင်ချင်လို့မရသလို သူကလည်းဘယ်သူ့ကိုမှ မပိုင်ဆိုင်ချင်ဘူး။ သူဟာလွတ်လပ်နေသလို တခြားသူတွေ လွတ်လပ်ဖို့ရာကိုလည်း သူ အကူအညီပေးတယ်။ ဒါက ပထမအချက်ထက်တောင် ပိုခက်ခဲတဲ့ အခက်အခဲတစ်ခုဖြစ်တယ်။ ခင်ဗျားဟာ လူ့အဖွဲ့အစည်းကိုရှောင်ဖယ်လို့ရချင်ရလိမ့်ဦးမယ်။ ခင်ဗျားရဲ့ကိုယ်ပိုင်အတ္တကိုတော့ ဘယ်လိုရှောင်ဖယ်မလဲ။ ခင်ဗျားကြောက်ရွံ့နေတယ်။ ဘာကြောင့်လဲဆိုတော့ အသိပညာရှိတဲ့သူတစ်ယောက်ဟာ ပိုင်ဆိုင်မှု၊ လွှမ်းမိုးမှု၊ တန်ခိုး အာဏာ ဆိုတဲ့ အချက်တွေနဲ့ မစဉ်းစားလို့ပဲ။ သူဟာ ကလေးတစ်ယောက်လိုပဲ ရှင်းသန့်နေတယ်။ သူဟာ လုံးဝဥဿုံ လွတ်လပ်မှုနဲ့ နေထိုင်ပြီး တခြားသူတွေကိုလည်း လုံးဝလွတ်လပ်မှုနဲ့ နေထိုင်စေလိုစိတ်ရှိတယ်။ 


အဲ့ဒီလူဟာ အချင်းချင်းကျွန်ပြုတတ်ကြတဲ့ ခင်ဗျားတို့ရဲ့လူ့အဖွဲ့အစည်းကနေ လွတ်လပ်နေလိမ့်မယ်။ ခင်ဗျားကို အသုံးချတာ မခံချင်ဘူးမဟုတ်လားလို့ ခင်ဗျားကိုမေးရင် ဟုတ်ကဲ့ အသုံးချတာမခံချင်ပါဘူးလို့ ခင်ဗျားဖြေလိမ့်မယ်။ ခင်ဗျား အကျဉ်းသား အဖြစ်မနေချင်ဘူးမဟုတ်လားလို့မေးရင် ဟုတ်ကဲ့ မနေချင်ပါဘူးလို့ပဲ ခင်ဗျားဖြေလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက လုပ်ဖို့ရာတော့ ခက်ခဲတယ်။ ပြီးတော့ သတိထားပါ။ ခင်ဗျားတစ်ယောက်ယောက်ကို လွှမ်းမိုးချင်ပြီဆိုတာနဲ့ ခင်ဗျားဟာလည်း လွှမ်းမိုးခံ လိုက်ရတာပါပဲ။ ခင်ဗျားတစ်ယောက်ယောက်ကို အသုံးချချင်စိတ်ဖြစ်တာနဲ့ ခင်ဗျားလည်း အသုံးချခံလိုက်ရတာပါ။ တစ်ယောက်ယောက်ကို ကျွန်ပြုချင်စိတ်ပေါ်တာနဲ့ ခင်ဗျားလည်းကျွန်ပြုခံလိုက်ရတာပါပဲ။ အဲ့ဒါတွေက တူညီတဲ့ဒင်္ဂါးပြား တစ်ခုရဲ့ မတူညီတဲ့မျက်နှာစာနှစ်ဖက်ပါပဲ။ အဲ့ဒါတွေက ကိုယ့်ကိုယ်ကိုယ်သိမြင်မှုအတွက် အခက်အခဲတွေဖြစ်အောင် လုပ်နေကြတယ်။ အဲ့သလိုမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်သိမှုဟာ အရိုးရှင်းအလွယ်ကူဆုံး ကိစ္စတစ်ခုဖြစ်ပါလိမ့်မယ်။ ဘာမှ အားထုတ်နေဖို့မလိုဘဲနဲ့ကို သိမြင်နေပါလိမ့်မယ်။ 


အဲ့သလို အရာနှစ်ခုဖြစ်နေတဲ့လူတွေအတွက်သာ အားထုတ်မှုကလိုအပ်နေတာပါ။ အဲ့ဒါတွေက အဟန့်အတားပြုနေကြတာ ပါ။ အဲ့ဒီ အဟန့်အတားနှစ်ခုကို ကြည့်ရုံလေးသာ စောင့်ကြည့်နေပါ။ ခင်ဗျားကိုယ်တိုင် အဲ့ဒါတွေကို လွှတ်ချနိုင်လာပါလိမ့် မယ်။ ပထမဆုံးအနေနဲ့ လွှမ်းမိုးနေတာတွေ၊ ပိုင်ဆိုင်သိမ်းပိုက်နေတာတွေ၊ အသုံးချအမြတ်ထုတ်နေတာတွေကို ရပ်တန့် လိုက်ပါ။ ရုတ်တရက်ဆိုသလိုပဲ ခင်ဗျားဟာ လူ့အဖွဲ့အစည်းရဲ့ ထောင်ချောက်တွေထဲကနေ လွတ်မြောက်သွားပါလိမ့်မယ်။ 


အတ္တက ပြဿနာပါ။ အဲ့ဒါကြောင့်ပဲ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ်မသိနိုင်ဘူးဖြစ်နေတာပါ။ အတ္တက ခင်ဗျားရဲ့မှားယွင်းတဲ့ ပုံရိပ်တွေ ခင်ဗျားကိုပေးပါတယ်။ အဲ့ဒီပုံရိပ်တွေကို ခင်ဗျား ကာလကြာကြာစွဲကိုင်ထားရင် ခင်ဗျားကြောက်ရွံ့စိတ်ဖြစ်လာပါ လိမ့်မယ်။ ခင်ဗျားရဲ့ အဲ့ဒီပုံရိပ်တွေပျက်ပြယ်သွားတဲ့အခါမှာ အကြောက်တရားကဝင်လာပါတယ်။ အဲ့ဒီနောက်မှာ ခင်ဗျားရဲ့ သရုပ်သကန်က ကျိုးပျက်သွားပါတယ်။ ခင်ဗျားဟာ မျက်နှာအတုအယောင်တွေကို ဖန်တီးပြီးကြောက်ရွံ့တတ်လာပါတယ်။ အဲ့ဒီမျက်နှာအတုအယောင်သာ ကွာကျသွားရင် ခင်ဗျားဟာ ဘယ်သူဖြစ်မလဲ။ ခင်ဗျားရူးသွားလိမ့်မယ်။ ခင်ဗျားဟာ အဲ့ဒီ အတုအယောင်မျက်နှာထဲမှာ အမြောက်အများရင်းနှီးမြှုပ်နှံထားခဲ့ပြီးပြီလေ။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အဲ့ဒီ ဟိတ်ဟန်ကြီး တဲ့မျက်နှာ၊ မှားယွင်းနေတဲ့မျက်နှာကြီးနဲ့ပဲ နေထိုင်နေပြီး ဘယ်သူကမှ အဲ့ဒါကြီးနဲ့ သဘောတူညီမှုမရှိတဲ့အခါ၊ ဘယ်သူကမှ အတည်ပြုမပေးတဲ့အခါမှာ ခင်ဗျားရဲ့အတ္တက လူတိုင်းကတော့မှားနေပြီဆိုပြီး စတင်တွေးတောပါတော့တယ်။ 


ကျွန်တော် အဖိုးကြီးတစ်ယောက်နဲ့သိတယ်။ အတော်လေးကို အိုမင်းနေပြီ။ သူဟာ နယ်မြို့လေးတစ်မြို့မှာနေထိုင်ပြီး ရာစုနှစ် တစ်ဝက်လောက်အထိ အိမ်လေးတစ်လုံးထဲမှာပဲနေတယ်။ အဲ့ဒီမြို့ကနေ ဘယ်တော့မှမြို့ပြင်ကို ထွက်မသွားဘူး။ တကယ်တမ်းတော့ အဲ့ဒီမြို့ထဲကိုတောင်ဘယ်တော့မှမထွက်ဘူး။ သူဟာ အဲ့ဒီအိမ်လေးထဲမှာပဲ အမြဲနေတယ်။ အတော်လည်း အထီးတည်းနေတယ်။ အတွင်းစွဲအမျိုးအစား လူတစ်ယောက်။ သူငယ်ချင်းတွေမရှိဘူး။ အိမ်ထောင်မပြုဘူး။ ထာဝရလူပျိုကြီးဖြစ်တယ်။ ကလေးတွေမရှိဘူး။ မိဘတွေကသေကုန်ပြီ။ တကယ့်ကို တစ်ယောက်တည်းပဲ။ သူဟာ အများနဲ့ မတူနဲနဲကြောင်တောင်တောင်ဖြစ်နေတယ်လို့ လူတွေကထင်ကြတယ်။ ဘယ်သူမှသူ့ဆီကို လာမလည်ဖူးဘူး။ သူကလည်း ဘယ်သူ့ကိုမှသွားမတွေ့ဘူး။ ရုတ်တရက်ဆိုသလိုပဲ သူဟာ မြို့လေးနဲ့ အိမ်အနီးအနားပတ်ဝင်ကျင်ကို စိတ်ဝင်စားလာတယ်။ သူ့ဘေးအိမ်ဆီကိုသူသွားတယ်။ လူတွေဝိုင်းအုံလာကြပြီး ဘာဖြစ်လို့လဲလို့မေးကြတယ်။ ရာစုနှစ်တစ်ဝက်လောက် အိမ်ထဲမှာနေနေပြီး အခုမှရုတ်တရက်ဘာကြောင့်ထွက်လာတာလဲပေါ့။ အဲ့ဒီလူက ပြောတယ် .. 


ကလေးတို့ .. ငါ့အတွင်းထဲမှာ ဂျစ်ပစီတစ်ယောက်ရှိပုံရပါတယ် .. တဲ့။ 


အဲ့ဒါက သူမြင်ထားတဲ့သူ့ရဲ့ပုံရိပ်ပဲ။ ခင်ဗျားသဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ အဲ့ဒါက အဓိကမဟုတ်ဘူး။ သူက သူ့ကိုယ်သူ ဂျစ်ပစီတစ်ယောက်လို့မြင်ထားတယ်။ အဲ့ဒါက ခင်ဗျားရဲ့ပုံရိပ်ကို ခင်ဗျားသယ်ဆောင်ထားတဲ့ ဥပမာပုံစံပဲ။ 


ပထမပြဿနာ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်သိချင်ရင် ခင်ဗျားရဲ့ပုံရိပ်အမှားတွေကို လွှတ်ချပစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်းကြည့်မြင်ရမယ်။ ပြီးတော့ အဲ့ဒီခင်ဗျားမြင်တဲ့ ခင်ဗျားရဲ့ပုံရိပ်အစစ်က သိပ်လှပမှာမဟုတ်ဘူး။ အဲ့ဒါက ဒုက္ခပဲ။ ခင်ဗျားရဲ့ပုံရိပ်အစစ်က မလှပဘူး။ ဒါကြောင့်ခင်ဗျားက ပုန်းအောင်းဖို့ရာအတွက် လှပတဲ့ပုံရိပ်အတုတွေဖန်တီးထားတာပဲ။ ခင်ဗျားကိုယ်ခင်ဗျား လုံးဝတုံးလုံးကျွတ်ကြီးမြင်လိုက်ရတာက ဘယ်လိုမှလှပတဲ့မြင်ကွင်းလေးဖြစ်မှာမဟုတ်ဘူး။ အဲ့ဒီနောက် မှာ ခင်ဗျား ဒေါသတွေကိုမြင်လာမယ်။ မနာလိုမှုတွေကိုမြင်လာမယ်။ အမုန်းတရားတွေကိုမြင်လာမယ်။ ပြီးတော့ ခင်ဗျား ဝန်းကျင်မှာလွှမ်းခြုံနေတဲ့ သန်းနဲ့ချီတဲ့ မှားယွင်းတဲ့အရာတွေကို ခင်ဗျားမြင်လာလိမ့်မယ်။ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား မေတ္တာတရားကြီးမားတဲ့သူကြီးအဖြစ် မြင်ထားတယ်။ ဒါပေမယ့်လည်း တကယ်တန်းမှာက ခင်ဗျားရဲ့ မနာလိုဝန်တိုမှုတွေ၊ ပိုင်ဆိုင်လိုမှုတွေ၊ အမုန်းတရားတွေ၊ ဒေါသတွေနဲ့ အဖျက်စိတ်ထားအားလုံးကို ခင်ဗျားတွေ့လိုက်တယ်။ ခင်ဗျားကိုယ် ခင်ဗျား အင်မတန်လှပသူတစ်ယောက်အဖြစ်မြင်ထားတယ်။ ဒါပေမယ့် ခင်ဗျား ကိုယ့်အတွင်းထဲကိုတိုးဝင်ကြည့်လိုက်တဲ့အခါ အကျဉ်းတန်အရုပ်ဆိုးမှုတွေကို တွေ့လိုက်ရတယ်။ ရုတ်ချဉ်းဆိုသလိုပဲ ခင်ဗျားရှေ့ဆက်မသွားရဲတော့ဘဲ နောက်ပြန်ဆုတ် လာခဲ့လိုက်တယ်။ 


ဒါကြောင့်လည်း နိုးကြားသွားတဲ့ ဗုဒ္ဓတွေဟာ နှစ်ထောင်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ်သိ ဆိုပြီး သင်ကြားဆုံးမလာခဲ့ကြ တာဖြစ်တယ်။ ဒါပေမယ့် သူတို့စကားကို ဘယ်သူမှနားမထောင်ခဲ့ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ်သိဖို့ဆိုတာ ဘာကြောင့် အဲ့သလောက်ခက်ခဲနေရတာလဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်သိဖို့ ပြန်ကြည့်လိုက်တိုင်းမှာ အကျည်းတန် ရုပ်ဆိုးမှုတွေကို ခင်ဗျားတွေ့ရလို့ပါပဲ။ အဲ့ဒါတွေ အဲ့ဒီနေရာမှာရှိနေကြတယ်။ အဲ့ဒါတွေကို ကျော်ဖြတ်နိုင်ဖို့လိုတယ်။ ခင်ဗျားရဲ့ အတွင်းမှာ အင်မတန်လှပတဲ့ ဖြစ်တည်မှုလေးရှိနေတယ်။ ဒါပေမယ့် အဲ့ဒါလေးက အပေါ်ယံပြင်ပမှာရှိနေတာ မဟုတ်ဘူး။ အဲ့ဒါက ခင်ဗျားရဲ့အတွင်း ဗဟိုချက်မှာ ရှိနေတာ။ အဲ့ဒီဗဟိုချက်လေးဆီကို ရောက်ဖို့ရာအတွက် ခင်ဗျားဟာ အပေါ်ယံက အကာတွေကို ထိုးဖောက်ဖြတ်ကျော်သွားဖို့လိုတယ်။ အဲ့ဒါတွေကိုရှောင်လွှဲလို့မရဘူး။ အကျည်းတန်မှုတွေနဲ့ အဖျက်သဘော ဆောင်တဲ့အရာတွေအားလုံးဖြစ်တဲ့ အမုန်းတရားတွေ၊ မနာလိုဝန်တိုမှုတွေ၊ ကြမ်းတမ်းမှုတွေ၊ ရန်လိုမှုတွေ အားလုံးကို ဖြတ်ကျော်သွားဖို့လိုတယ်။ ပြီးတော့ ခင်ဗျား အဲ့ဒီအပေါ်ယံအကာတွေကို ဖြတ်ကျော်သွားဖို့ရာအတွက် အဆင်သင့်ဖြစ်ပြီး လုံလောက်တဲ့ ရင့်ကျက်မှုရှိလာတဲ့အခါမှာကျမှသာ ခင်ဗျားဟာ အလယ်ဗဟိုချက်ကိုရောက်နိုင်မှာဖြစ်တယ်။ အဲ့ဒီကိုရောက် တဲ့အခါမှာတော့ မြင်ကွင်းက လုံးဝပြောင်းလဲသွားပါလိမ့်မယ်။ 


ဗဟိုချက်မှာ ခင်ဗျားဟာ ဘုရားသခင်ပါပဲ။ 


- ပုန်းကွယ်နေတဲ့ သဟဇာတဖြစ်မှု

- အိုရှိုး

No comments:

Post a Comment