Saturday, 26 July 2025

 ခင်ဗျားလက်ထဲမှာ ကိုင်ထားတဲ့စာအုပ်က ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားခြင်းနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ ကျွန်တော်တို့ အားလုံး အဲ့ဒီ လှည့်ဖျားထားတဲ့ အစွဲမှားတွေထဲကို ဘယ်လို ကျရောက်ကုန်ကြသလဲ ဆိုတဲ့ အချက်အလက်တွေပါတဲ့ သံခိပ် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။


ကမ္ဘာလောကကြီး ဘယ်လိုဘယ်ပုံ အလုပ်လုပ်နေသလဲဆိုတာကို ခင်ဗျားသိတယ်လို့ ခင်ဗျား ထင်မှတ်နေပါတယ်။ ဒါပေမယ့် တကယ်တန်းမှာက ခင်ဗျား မသိပါဘူး။ ခင်ဗျားဟာ ဘဝတလျှောက်လုံးမှာ ခင်ဗျားဘယ်သူလဲဆိုတာနဲ့ ခင်ဗျား လုပ်နေတဲ့ အရာတွေကို ဘာကြောင့်လုပ်နေရတာလဲ ဆိုတဲ့အပေါ် ထင်မြင်ယူဆချက်တွေနဲ့ ယုံတမ်းပုံပြင်တွေကို ဖွဲ့စည်း နေခဲ့ပါတယ်။ အခုတော့ ဒီစာကြောင်းကို ခင်ဗျားဖတ်မိနေပါပြီ။ အားလုံးကို ခြုံကြည့်ရင်တော့ ဒါတွေဟာ အစစ်အမှန် အရှိတရားရယ်လို့ ထင်ရပါတယ်။ 


တကယ့်အမှန်တရားကတော့ စိတ်ပညာနဲ့ သိမှုဆိုင်ရာသိပ္ပံပညာ နယ်ပယ်ထဲကနေ ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ အသိအမြင်သစ်တွေအရဆိုရင် ခင်ဗျားဟာ ခင်ဗျားလုပ်နေတဲ့ အရာတွေကို ဘာကြောင့်လုပ်နေမိတယ်ဆိုတာ လုံးဝကို မသိပါဘူး၊ ခင်ဗျားရွေးချယ်လိုက်တဲ့အရာတစ်ခုကို ဘာကြောင့် ရွေးချယ်မိတယ်ဆိုတာ လုံးဝကို မသိပါဘူး၊ ခင်ဗျား တွေးနေမိတဲ့ အတွေးတွေကို ဘာကြောင့်တွေးနေမိတယ်ဆိုတာ လုံးဝကို မသိပါဘူး တဲ့။ အဲ့ဒီအစားမှာ ခင်ဗျားဟာ ဇာတ်ကြောင်းပြန်ကောက်၊ ဇာတ်လမ်းလေးတွေ ဖန်တီးလိုက်ပြီး ဒီအစားလျှော့စားတဲ့ အစီအစဉ်ကို ငါဘာကြောင့်လုပ်နေရတယ်၊ မိုက်ခရိုဆော့ဖ်ထက် အက်ပဲကို ဘာကြောင့်ပိုကြိုက်ရတယ် ဆိုတဲ့ ထိုးဇာတ်တွေကို ကိုယ့်ဟာကိုယ် ဖန်တီး ပစ်လိုက်ပါတယ်။ တကယ်တန်း အဒမ်ပြောခဲ့တဲ့ သစ်သားခြေတုနဲ့ လူရွှင်တော်အကြောင်းကို ဘက်သ်က ပြောတာပါဆိုပြီး ခင်ဗျားဦးဏှောက်က မှတ်ပစ်လိုက် တတ်ပါတယ်။ နောက် အဲ့ဒီဇာတ်လမ်းထဲက သစ်သားခြေတုနဲ့လူကလဲ လူရွှင်တော်မဟုတ်ပါဘူး။ ခင်ဗျား မှားပြီး မှတ်သားမိ တာပါ။


ခင်ဗျားအခု ဒီစာကို ဖတ်နေတဲ့ အခန်းအတွင်းကို လှည့်ပတ်ကြည့်လိုက်ပါ။ တစ်စက္ကန့်လောက်ပေါ့။ ခင်ဗျားမြင်တဲ့အရာတွေ လောက်ကိုသာ မမြင်ဘဲ အဲ့ဒီအရာတွေ ဖြစ်လာအောင် ရာစုနှစ်ချီပြီး ကြိုးစားခဲ့ရတဲ့ တီထွင်ဖန်တီးမှုတွေကိုပါ မြင်အောင် ကြည့်ကြည့်ပါ။


ခင်ဗျား ဖိနပ်ကနေပဲ စလိုက်ကြရအောင်။ ပြီးတော့ ခင်ဗျားလက်ထဲက စာအုပ်ပေါ့။ ပြီးတော့ ခင်ဗျားဘဝရဲ့ ထောင့်ချိုးတိုင်းမှာ တတီတီမြည်နေကြတဲ့ စက်တွေအကြောင်းကို တွေးကြည့်ပါ။ ပေါင်မုန့်မီးကင်စက်၊ ကွန်ပျူတာ၊ လမ်းပေါ်မှာ ပီးပေါ် ပီးပေါ်အော်ရင်း ဖြတ်မောင်းသွားတဲ့ လူနာတင်ယာဉ် စသဖြင့်ပေါ့။ သေသေချာချာစဉ်းစားကြည့်ရင် လူသားတွေ ပြဿနာရပ် အများကြီးကို ဖြေရှင်းနိုင်ခဲ့ကြတယ်ဆိုတာ အင်မတန် အံ့သြစရာကောင်းလှပါတယ်။ လူသားတွေရှင်သန်ရပ်တည် နေထိုင်ဖို့ရာ အတွက် အများကြီး တည်ဆောက်၊ အများကြီးတီထွင်နိုင်ခဲ့တာဟာလည်း အံ့သြစရာကောင်းလှပါတယ်။


အအောက်အဦတွေ၊ ကားတွေ၊ လျှပ်စစ်နဲ့ ဘာသာစကားတွေ စတဲ့ အရာတွေကို လူသားတွေက တီထွင် တည်ဆောက် နိုင်ခဲ့ကြပါတယ်။ လူသား တစ်ဦးအနေနဲ့ ဘယ်လောက် အောင်ပွဲခံချင်စရာကောင်းလိုက်မလဲ။ ဘယ်လောက် ဂုဏ်ယူဝံ့ကြွားဖို့ ကောင်းလိုက်မလဲ။ အဲ့ဒီအရာတွေ အားလုံးကို ကြည့်လိုက်မယ်ဆိုရင် ခင်ဗျားအပါအဝင် အခြားသော လူသားတွေဟာ ဘယ်လောက်တောင်မှ စမတ်ဖြစ်၊ ထက်မြက်တဲ့ မျိုးစိတ်ပါလဲဆိုပြီး ခင်ဗျား ဂုဏ်ယူဝံ့ကြွားစိတ် ဖြစ်မိပါလိမ့်မယ်။


ဒါပေမယ့် ခင်ဗျားဟာ ကားသော့ကို ကားထဲမှာ မေ့ချန်ထားခဲ့တယ်။ ပြောရတော့မယ့် အကြောင်းအရာတစ်ခုကို အစဖေါ်မရလောက်အောင် မေ့သွားတတ်တယ်။ တဖြည်းဖြည်း အဝလွန်လာတာကို မတားဆီးနိုင်ဘူး။ ငွေကြေးပြတ်လပ်မှုနဲ့ ကြံုရတယ်။ အခြားသောသူတွေလည်း ခင်ဗျားနဲ့ အလားတူပါပဲ။ ဘဏ်တွေပြိုလဲ အကြပ်အတည်းဆိုက်တဲ့ ကိစ္စတွေ ကနေစလို့ လိင်ကိစ္စအတွက် မိုက်ရူးရဲဆန်ဆန် ပြုမူတတ်ကြတာတွေကို ကြည့်ပြန်ရင်လည်း ကျွန်တော်တို့ လူသားတွေဟာ တခါတရံမှာ တကယ့်ကို မိုက်မဲကြတာကို တွေ့ရပါ လိမ့်မယ်။ 


အကြီးကျယ်ဆုံး သိပ္ပံပညာရှင်ကြီးကနေ အနိမ့်ကျဆုံး လက်လုပ်လက်စားတစ်ယောက်အထိ လူတိုင်းရဲ့ ဦးခေါင်းထဲမှာရှိတဲ့ ဦးဏှောက်တိုင်းဟာ အဲ့ဒီဦးဏှောက်ကိုယ်တိုင်က မသိဘဲနဲ့ တွေးခေါ်ဆင်ခြင်မှုကို လမ်းမှားရောက်သွားစေမယ့် ကြိုတင် ထည့်သွင်းခံထားရတဲ့ အသိတွေ၊ တွေးခေါ်ဆင်ခြင်မှု ပုံစံတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့သလို ဖြစ်နေတာက ခင်ဗျားအပါအဝင် လူတိုင်းပါ။ စိတ်မပူပါနဲ့ အဖေါ်အပေါင်းတွေ အများကြီးရှိပါတယ်။ ခင်ဗျားစံထားရတဲ့ ဘယ်သူမဆို၊ ခင်ဗျားကို သွန်သင် လမ်းညွှန်မယ့် ဘယ်ဆရာသမားမဆို သူတို့အားလုံးဟာလည်း ပုံမှန်မဟုတ်တဲ့ အစွဲမှား အသိမှားတွေ ပြည့်နှက်နေတဲ့ သူတွေပဲ ဖြစ်ပါတယ်။


ခင်ဗျားမှာ သဘောတရားတွေကို ကောင်းကောင်းနားလည်နေပြီး လက်တွေ့အခြေအနေမှာတော့ အစွဲမှားတွေထဲ ရောက်ရောက်သွားတတ်တဲ့ ယုံကြည်မှုတွေ၊ တွေးခေါ်ဆင်ခြင်မှုအမှားတွေ အများအပြားရှိနေပါတယ်။ အဲ့သလို အစွဲမှားတွေထဲကို ခင်ဗျား တကယ်ရောက်သွားတဲ့အချိန်ကျရင်လည်း ခင်ဗျားဟာ ရောက်သွားလို့ရောက်သွားမှန်း သိမနေတတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တိုင်းမှန်ကန်စွာတွေးခေါ်ဆင်ခြင်တတ်သူ တစ်ယောက်ဖြစ်တယ်လို့ ယူဆချင်နေတဲ့ စိတ်ဆန္ဒ ခင်ဗျားမှာနက်နက်ရှိုင်းရှိုင်းကို ရှိနေပါတယ်။ ခင်ဗျားရဲ့ ကျင့်ဝတ်နှုန်းစံတွေနဲ့အပြုအမူတွေဟာ အမြဲတမ်း ကောင်းမွန်မှန်ကန်ပြီး အပြုသဘောဆောင်နေတယ်လို့ ယူဆချင်နေတဲ့စိတ်ဆန္ဒလည်း နက်နက်ကြီးကိုရှိနေပါတယ်။ ဒီလိုမျိုးဖြစ်ဖို့ကိုလည်း ခင်ဗျား အပြင်းအထန်ကြိုးစားမိ နေပါလိမ့်မယ်။


ဒီစာအုပ်မှာပါတဲ့ အဓိက အကြောင်းအရာ သုံးရပ်ကတော့ သိမှုဆိုင်ရာ အစွဲမှားတွေ၊ ဆရာလွတ် အသင့်သုံး နည်းလမ်းတွေနဲ့ ယုတ္တိအမှားတွေပဲ ဖြစ်ပါတယ်။ ဒီဟာတွေက ခင်ဗျားစိတ်ရဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ခင်ဗျား ကိုယ်ခန္ဓာမှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပေါ့။ အဲ့ဒီအစိတ်အပိုင်းတွေဟာ အကောင်းဆုံးအနေအထားမှာရှိမှသာ ခင်ဗျားကို ကောင်းကောင်း အလုပ်အကျွေးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဘဝဆိုတာကအကောင်းဆုံး အနေအထားနဲ့ အမြဲနေရတာမျိုး ရှိမနေပါဘူး။ မျက်လှည့်ပညာရှင်တွေ၊ ကြော်ငြာသမားတွေ၊ စိတ်စွမ်းအားရှင်တွေနဲ့ ပစ္စည်းလှည့်လည် ရောင်းချသူတွေဟာ အဲ့ဒီ အစွဲမှားတွေ၊ ယုတ္တိအလွဲတွေကို နားလည်နေကြပြီး သိပ္ပံအတုအယောင် ကုစားနည်းတွေကို သူတို့ရဲ့ လုပ်ငန်းတွေမှာ ထည့်သွင်းအသုံးချနေခဲ့တာ ရာစုနှစ်များစွာရှိနေပါပြီ။ စိတ်ပညာက ကောင်းမွန်တဲ့သိပ္ပံနည်းကျ နည်းစနစ်တွေကို အသုံးပြုပြီး ဒီ ကိုယ့်ကိုယ်ကိုယ်လှည့်ဖျားနေတဲ့ အစွဲမှား ယုတ္တိအမှားတွေကို ဖေါ်ထုတ်ပြီး အမျိုးအစားခွဲမပြမီအချိန်အထိ နားလည်မှု အလွဲအမှားတွေကိုသုံးပြီး လိမ်လည်လှည့်ဖျားနေကြတဲ့ကိစ္စတွေက အတော်လေးကို အားကောင်းကောင်းနဲ့ ရှိနေခဲ့ကြတာပါ။


သိမှုဆိုင်ရာ အစွဲမှားတွေဟာ ကြိုတင်ခန့်မှန်းလို့ရတဲ့ တွေးခေါ်စဉ်းစားမှုနဲ့ အပြုအမူဆိုင်ရာ ပုံစံတွေဖြစ်ပါတယ်။ အဲ့ဒါတွေက ခင်ဗျားကို မှားယွင်းတဲ့ကောက်ချက်တွေ ချမိစေမှာဖြစ်ပါတယ်။ ခင်ဗျားအပါအဝင် လူတိုင်းဟာ ဒီလောကထဲကို ဒီလိုမျိုးအရာရာကိုလုံးဝမှားယွင်းစွာ ရှုမြင်တတ်ပြီး အနှောက်အယှက်ဖြစ်စေနိုင်တဲ့အပြင် ခင်ဗျားကိုယ်တိုင်လည်း လုံးဝ သတိပြုမိနိုင်ခြင်းမရှိတဲ့ ကြိုတင်ထည့်သွင်းခံထားရတဲ့အစွဲမှားတွေတပုံတပင်နဲ့ ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအစွဲမှား တွေထဲက အတော်များများက ကိုယ့်ထင်မြင်ယူဆချက်နဲ့ပတ်သက်ရင် ခင်ဗျားအနေနဲ့ ကိုယ့်ကိုယ့်ကို်ယ်ခိုင်ခိုင်မာမာ ယုံကြည်တတ်သူတစ်ယောက် ဖြစ်အောင်လုပ်ပေးပါတယ်။ ပြီးတော့ ဒီအစွဲမှားတွေက ခင်ဗျားကိုယ်ခင်ဗျား လူရွှင်တော်၊ လူပြက်တစ်ယောက်အဖြစ် ပြန်မြင်စေခြင်းကနေလည်း အကာအကွယ်ပေးထားကြပါတယ်။ ကိုယ့်ရဲ့ အပြုသဘောဆောင်တဲ့ ပုံရိပ်ကို ကိုယ်ပြန်မြင်စေတာကို ထိန်းသိမ်းထားဖို့ဟာက လူ့စိတ်အတွက်အတော်လေး အရေးပါပုံရပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့စိတ်ဟာ ကိုယ့်ကိုယ်ကိုယ်အရမ်းကောင်းတယ်လို့မြင်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာယန္တယား ဒီဇိုင်းတစ်ခု ဖြစ်အောင်အထိကို ဆင့်ကဲ တိုးတက်လာခဲ့ရပါတယ်။ သိမှုအစွဲမှားတွေဟာ တစ်ဖက်ကလည်း ဆိုးရွားတဲ့ရွေးချယ်မှုတွေ၊ ညံ့ဖျင်းတဲ့ ဆုံးဖြတ်သုံးသပ်ချက် တွေနဲ့ တစ်ခါတစ်ရံမှာ လုံးဝမှားယွင်းနေတဲ့ သိမြင်မှုတွေကို ဖြစ်စေပြန်ပါတယ်။ ဥပမာအားဖြင့် ခင်ဗျားဟာ ခင်ဗျားယုံကြည်လက်ခံယူဆထားတဲ့ ယုံကြည်ချက်ကိုအထောက်အပံ့ပြုနေတဲ့ သတင်းအချက်အလက်တွေကိုသာ ရယူလေ့ရှိပြီး ခင်ဗျားရဲ့ ယုံကြည်ချက်ကို ထိခိုက်ပျက်ပြားစေမယ့် သတင်းအချက်အလက်တွေကိုတော့ မသိကျိုးကျွံပြုလိုက်တတ်ပါတယ်။ ဒါကို အတည်ပြုမှုအစွဲမှားလို့ခေါ်ပါတယ်။ ခင်ဗျားစာအုပ်စင်မှာရှိတဲ့ စာအုပ်တွေနဲ့ ခင်ဗျား သိမ်းဆည်းမှတ်သားထားတဲ့ အင်တာနက်မှာ ရှာဖွေမှု မှတ်တမ်းတွေဟာ အဲ့ဒီ အချက်ရဲ့ တိုက်ရိုက် ရလဒ်တွေဖြစ်ပါတယ်။


ဆရာလွတ်အသင့်သုံးနည်းလမ်းတွေကတော့ ယေဘုယျပြဿနာတွေကို ဖြေရှင်းရာမှာ ခင်ဗျားအသုံးပြုတဲ့စိတ်ပိုင်းဆိုင်ရာ အရံသင့်နည်းစနစ်တွေ ဖြစ်ပါတယ်။ သူတို့တွေက ခင်ဗျားဦးဏှောက်ရဲ့ လုပ်ငန်းစဉ်ကို မြန်ဆန်သွက်လက်စေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာခင်ဗျားကို မြန်မြန်စဉ်းစားအောင်တွန်းအားပေးရင်းနဲ့ အရေးကြီးတဲ့အချက်တွေလွတ်ပြီး ကျန်သွားတတ်ပါတယ်။ အကောင်းဆုံးလုပ်ဆောင်ချက်ရအောင် ဒါမှမဟုတ် ယုတ္တိအကျဆုံး အတွေးအမြင်ရအောင် အကြာကြီးစဉ်းစားပြီး နက်နက်နဲနဲ ဆင်ခြင်တွေးတောနေမယ့်အစား ဆရာလွတ်အသင့်သုံးအရံသင့်နည်းလမ်းတွေက ဆုံးဖြတ်စရာရှိတာတွေကို အချိန်မီ မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်စေပါတယ်။ တချို့သော အရံသင့် နည်းလမ်းတွေက တမင်လေ့လာသင်ယူရပါတယ်။ ကျန်တာတွေ ကတော့ လူ့ဦးဏှောက်က အလကားကူးယူခွင့်ရလို့ အလိုအလျှောက်တတ်မြောက်လာတဲ့အရာတွေ ဖြစ်ပါတယ်။ သူတို့ အလုပ်လုပ်တဲ့အချိန်မှာ သူတို့ဟာ ခင်ဗျားရဲ့စိတ်ကို စွမ်းအင်ပြုန်းတီးမှု မဖြစ်အောင် အကူအညီပေးကြပါတယ်။ သူတို့အလုပ်မလုပ်တဲ့အချိန်မှာတော့ ခင်ဗျားဟာ လောကကြီးကိုသူ့အမှန်တကယ်ရှိတာထက်ကိုပိုပြီး ရိုးရှင်းလွန်းစွာ ကြည့်မြင်မိ တတ်ပါတယ်။ ဥပမာအားဖြင့် သတင်းတွေမှာ ငါးမန်းကိုက်ခံရတဲ့သတင်းတွေ မြင့်တက်လာတာတွေ့ရုံနဲ့ ငါးမန်းတွေကို ထိန်းချုပ်လို့မရတော့ဘူးလို့ ထင်ပစ်လိုက်တာမျိုးပါ။ တကယ်တန်း ခင်ဗျား သိလိုက်ရတဲ့အချက်က သတင်းတွေက ငါးမန်း သတင်းကို အရင်ကထက် ပိုပြီး ထုတ်လွှင့်နေတယ် ဆိုတာလေးပါပဲ။


ယုတ္တိအလွဲတွေကတော့ သင်္ချာပြဿနာတွေပါဝင်တဲ့ ဘာသာစကားတစ်ခုလိုပါပဲ။ အဲဒီမှာ ခင်ဗျားဟာ ပုစ္ဆာကို သေချာနားမလည်ဘဲ အဆင့်တွေကို ကျော်ချတာ၊ နီးစပ်တာတွေကို ခန့်မှန်း ကောက်ယူပြီးလုံးချလိုက်တာမျိုးတွေ လုပ်မိတတ်ပါတယ်။ သူတို့ဟာ ခင်ဗျားက သက်ဆိုင်တဲ့အချက်အားလုံးကို မကြားချင်လို့၊ ဒါမှမဟုတ် ခင်ဗျားရတဲ့ သတင်းအချက်အလက်ရဲ့ အကန့်အသတ်ဟာ ဘယ်လောက်အထိပဲ ရှိလို့ ဆိုတာတွေကို မသိလို့ သက်ဆိုင်ရာ အချက်အလက်တွေကို ပြည့်စုံအောင် မစိစစ်တော့ဘဲ ကောက်ချက် ချပစ်လိုက်လို့ ဖြစ်လာတဲ့ ခင်ဗျားစိတ်ထဲက ပဋိပက္ခတွေပါပဲ။ ခင်ဗျားဟာ အမှုမှန်မဖေါ်ထုတ်တတ်ဘဲ မရေမရာတွေ လျှောက်ပြောနေတဲ့ စုံထောက်တစ်ယောက်လို ဖြစ်လာပါတယ်။ ယုတ္တိအလွဲတွေဟာ ကိုယ်လိုတာကိုပဲ အမှန်ဖြစ်တယ်လို့ ကွက်တွေးလို့ ဖြစ်ပေါ်လာရတာတွေလည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာ မှားယွင်းတဲ့ အဆိုတွေကိုတောင်မှ ယုတ္တိကောင်းကောင်းနဲ့ ပြသမိနေတတ်ပါတယ်။ ဒါ့အပြင် အမှန်တရားတစ်ခုကိုလည်း ညံ့ဖျင်းတဲ့ ယုတ္တိကြောင့် ငြင်းပယ်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် အဲဘက် အိုင်စတိုင်းက ကြက်ဥမွှေကြော် မစားဘူးလို့ ခင်ဗျားကြားဖူးတာနဲ့ပဲ ကြက်ဥမွှေကြော်ဟာ ခင်ဗျားအတွက်လည်း ကောင်းမှာမဟုတ်ဘူးလို့ ထင်မိတတ်တာမျိုးပါ။ ဒါကို အာဏာပိုင် များကို ဦးညွတ်မှု အစွဲမှားလို့ ခေါ်ပါတယ်။ လူတစ်ယောက်ကို တအားတော်တယ်လို့ ခင်ဗျားထင်မိရင် အဲ့ဒီလူဆုံးဖြတ်သမျှတွေအားလုံးဟာ ကောင်းမှာပဲလို့ ထင်မိတတ်တာမျိုးပါ။ ဒါပေမယ့် တကယ်တန်းမှာ အိုင်စတိုင်းက အရသာခံ အာရုံကြော ကြောင်နေတာလည်း ဖြစ်နေနိုင်ပါတယ်။


ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာအသစ်တစ်ခုစီတိုင်းကို ဖတ်သွားလိုက်တိုင်းမှာ ခင်ဗျားကိုယ်ခင်ဗျား အမြင်သစ်နဲ့ စတင်မြင်နိုင်လာပါလိမ့်မယ်။ အဲ့ဒီနောက်မှာ ခင်ဗျားဟာလည်း ထင်သလောက် စမတ်ဖြစ်မနေဘူးဆိုတာကို သိလာပါလိမ့်မယ်။ ပြီးတော့ လိုတာထက်ပိုနေတဲ့ သိမှုအစွဲမှားတွေ၊ မှားယွင်းတဲ့ အသင့်သုံးနည်းလမ်းတွေနဲ့ ယေဘုယျ ယုတ္တိအလွဲ တွေကို ကျေးဇူးတင်လာမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ တကယ့်အရှိတရားနဲ့ လိုက်လျှောညီထွေရှိနိုင်ဖို့ ခင်ဗျားကိုယ်ခင်ဗျား တစ်မိနစ်ပြီး တစ်မိနစ် လှည့်ဖျား နေရတယ်ဆိုတာကို နားလည်သွားမှာမို့ပါ။ 


သောကမရောက်ပါနဲ့ .. အဲ့ဒါက ပျော်စရာကောင်းမှာပါ။


You are not so smart 

David McRaney 


စာအုပ်မှာရန် - The Book Town

No comments:

Post a Comment