ဒဿနကြိုးတန်းပေါ်မှာလမ်းလျှောက်ခြင်း
-------------------------------------------------------
(၁)
ကိုယ့်ကိုဘာကြောင့်များ
ရပ်တန့်နေတယ်လို့မင်းထင်သလဲကွယ်
ကိုယ့်စိတ်ကူးနဲ့ကမ္ဘာမြေအနှံ့ရောက်သွားသလိုစိတ်ကူးခွင့်ရှိတယ်
ကြယ်ရောင်နဲ့ခရီးဆက်ရတဲ့
အာရေးဗီယန်းသဲကန္တာရညချမ်းတွေမှာ
ကုလားအုတ်တွေစီးနင်းပြီးကိုယ်ခရီးဆက်နေတယ်
အာဖရိကန်မှော်ယဉ်ကျေးမှုတွေရှိရာအရပ်မှာ
အရိုင်းတို့ရဲ့ဗုံသံကိုကိုယ်သွားရောက်နားဆင်နေတယ်
ကမ္ဘာကျော်ပိုးလမ်းမကြီးကတစ်ဆင့်ဂိုဗီသဲကန္တာရကိုဖြတ်ပြီး
အနောက်ကမ္ဘာကိုကိုယ်ခရီးဆက်နေတယ်
သင်္ဘောသားဆင်းဘတ်ရဲ့ဇာတ်လမ်းထဲက
မျက်ခုံးမွှေးပေါ်ကပုလဲလုံးကလေးဆိုတဲ့ကျွန်းမြေကိုကိုယ်ရောက်နေတယ်
တောင်တရုတ်ပင်လယ်ထဲကရွက်သင်္ဘောတွေနဲ့အတူ
ဟင်းခတ်အမွှေးအကြိုင်တွေကုန်ကူးကြတဲ့ပေါ်တူဂီပင်လယ်ဓားပြတွေနဲ့အတူ
ကိုယ့်စိတ်တွေခရီးနယ်ပါယ်အဆုံးအထိရွက်လွှင့်နေတယ် ။
ကိုယ်ဘယ်မှာအထီးကျန်လို့လဲ
ရေးထားတဲ့ကဗျာလေးတွေကိုယ့်နှလုံးသားမှာရှိနေတယ်
သဘာဝတရားကြီးကနေ့စဉ်နေ့တိုင်းကိုယ့်ကိုများစွာသောစကားတွေပြောနေတယ်
သစ်ပင်တွေနဲ့ရေစီးအလျဉ်ဟာ
ကိုယ့်ကိုသဘာဝတရားရဲ့အမြင့်မားဆုံးဂီတကိုဖန်တီးပြနေတယ်
နွေဦးရာသီရဲ့သစ်ရွက်တွေရဲ့အလှတရားဟာကိုယ်နဲ့အတူရှိနေတယ်
မိုးရာသီပေါ်ကကောက်နှံစိမ်းရနံ့ဟာကိုယ့်ကိုအဖော်ပြုပေးတယ်
ဆောင်းရာသီနှင်းကချေသည်မဟာ
သူ့နှင်းမြူလွှာဝတ်ရုံနဲ့ကိုယ့်ကိုလွှမ်းအုပ်ပေးထားတယ် ။
ကိုယ့်ကိုချို့ငဲ့နေတယ်လို့များမင်းထင်နေသလား
မပြည့်စုံခြင်းသီချင်းကို
ကိုယ့်နားထဲဘယ်တော့မှအကျူးကျော်မခံဘူး
ဒုက္ခကိုကိုယ်ဘယ်တော့မှ
ဆေးဖော်ကျောဖက်တောင်ပရောပရီအလုပ်မခံဘူး
ကိုယ့်မှာသန္တသီချင်းတွေကိုနားထောင်ဖို့
တရားမျှတတဲ့နားတစ်စုံရှိတယ်
သင်္ခါရတရားတွေကိုရှုမြင်ရှင်းလင်းပြတ်ထင်တဲ့စက္ခုနှစ်ကွင်းရှိတယ်
အဆိုးအကောင်းအကျိုးအကြောင်းနဲ့
ရုပ်နာမ်ဓမ္မသင်္ခါရတွေကိုရပ်တန့်နိုင်မယ့်တရားတွေကို
ကိုယ်တိုင်ဆုံးဖြတ်အားထုတ်နိုင်မယ့်အသိဥာဏ်ရှိတယ်
ကလေးကိုပြောပြရဦးမယ်
ကိုယ့်မှာကမ္ဘာလောကကြီးကိုချစ်တတ်တဲ့နှလုံးသားလည်းရှိတယ် ။
မင်းစိတ်ထင်နေတာပဲဖြစ်မှာပါ
ငါဟာဘာကြောင့်များသိုးထိန်းတွေရဲ့
ဓမ္မတေးသံတွေကိုမကြားနိုင်ရမှာလဲ
ဘာကြောင့်များမဟာမေဒင်တွေနဲ့ထမင်းလက်ဆုံမစားနိုင်ရမှာလဲ
မဟာဘာရတနဲ့ဘဂဝါဂီတကိုဘာကြောင့်များ
ငါ့နှလုံးအိမ်ထဲမှာမရိုက်သွင်းနိုင်ရမှာလဲ
ငါဟာကမ္ဘာလောကကြီးနဲ့ဘာကြောင့်များ
တစ်သားတည်းမဖြစ်နိုင်ရမှာလဲ ။
ဟော
မင်းကိုယ့်ကိုကြောက်ရွံ့နေတယ်လို့ထင်နေပြန်ပြီ
ဟင့်အင်း
ငရဲနဲ့နတ်ပြည်ကိုအတူတူပဲသဘောထားသူထံကို
ကြောက်ရွံ့ခြင်းကဘယ်တော့မှရောက်မလာပါဘူး
ကိုယ်စိုးရိမ်နေတာလေးတွေတော့ရှိတယ်
ကျောက်လှေခါးပေါ်ကတစ်လိမ့်လိမ့်ကျသွားတဲ့ဆီးစေ့ကလေး
ပြန်မတက်လာနိုင်မှာကိုယ်စိုးရိမ်နေတယ်
မိုးမခပင်ကိုင်းတွေကြားကလရောင်ကိုကိုယ်ဘယ်တော့မှ
အပြည့်အဝမြင်တွေ့ရနိုင်မလဲဆိုတာကိုယ်စိုးရိမ်နေတယ်
ထင်းရှူးနဲ့ဆီဒါပင်တွေကပြောတဲ့စကားတွေကို
ကိုယ်မနားမလည်နိုင်မှာစိုးရိမ်နေတယ် ။
ထွက်ခွာသွားတဲ့လပြည့်ညတွေအကြောင်းမပြောတော့ဘူး
အတိတ်ဟာသင်ခန်းစာတစ်ရပ်ထက်ပိုတယ်လို့မင်းထင်နေသလား
မနက်ဖြန်ရဲ့မနက်ခင်းမှာမိုးလင်းဖို့ပဲကိုယ်တို့ကြိုးစားကြမယ်
ကိုယ်တို့ဟာနတ္ထိကတရားပေါ်မှာမတ်တပ်ရပ်ပြီး
အရာရာဖြစ်ခွင့်ရှိနေကြတာကို
မင်းနားနားကိုကပ်ပြီးကိုယ်တိုးတိုးကလေးပြောပြမယ် ။
(၂)
ကိုယ့်ကိုရွေးချယ်ရတာ
မင်းအဖို့သိပ်ခက်နေပြီလားကွယ်
စပျစ်ချုံရိုင်းတွေအင်္ဂလိပ်နှင်းဆီရိုင်းပင်တွေနဲ့
ရှုတ်ယှက်ခတ်နေတဲ့ကိုယ့်ကဗျာတွေထဲမှာ
မင်းကိုယ့်အလှတရားကိုရှာတွေ့နိုင်မှာမဟုတ်ဘူး။
ကောက်ရိုးအိပ်ယာနဲ့အိပ်ပြီး
နတ်ပြည်ကိုအိပ်မက်မက်ရတဲ့အရသာလောက်
တနုံ့နဲနဲဖြစ်ရတာဘယ်မှာရှိမလဲ
ဒါကိုပဲနှစ်ခြိုက်နေရတာပဲမဟုတ်လား ။
မင်းမှာရွေးချယ်စရာတွေသိပ်များနေသလား
လွှတ်ချထားချင်စိတ်မရှိရင်တော့
မင်းဘာကိုမှရလိုက်မှာမဟုတ်ဘူး
ကိုယ်ပြောတာကိုနားလည်ပါကွဲ့
ဒီကမ္ဘာမြေပေါ်မှာဘယ်လိုအရာကိုမဆိုကိုယ်ပိုင်ဆိုင်ရပါစေ
ကိုယ့်အတွက်အသုံးမဝင်တဲ့အရာကိုဘယ်တော့မှကိုယ်မရယူလိုဘူး
ဒါဟာကိုယ့်ရဲ့အမှန်တရားစစ်စစ်ပဲ
မင်းကိုလည်းကိုယ်မညာဘူး
ကိုယ့်ကိုကိုယ်လည်းကိုယ်မညာဘူး
မြေမှုန်ကလေးတစ်ခုကိုတောင်မှ
ကိုယ်မညာခဲ့ပါဘူး ။
မင်းကိုရစေချင်တယ်
မင်းရဲ့နှလုံးသားထဲမှာ
အညစ်အကြေးကင်းတဲ့အလင်းပြည့်ညကိုရရှိပိုင်စေချင်သလိုမျိုးပေါ့
တစ်ခုသောနေ့ရက်မှာမလွဲမသွေတွေ့ရမယ့်သေမင်းနဲ့အတူ
လက်ဖက်ရည်ကြမ်းအတူသောက်ရင်း
နတ္ထိကတရားနဲ့ပြောင်းလဲခြင်းသဘောကို
သေမင်းနဲ့အတူဆွေးနွေးနိုင်တဲ့စိတ်နှလုံးမျိုး
မင်းကိုအမှန်တကယ်ရှိစေချင်မိရဲ့ ။
မင်းကအမှန်တရားပဲပေါ့
အမှားတွေလုပ်မိနေတာကိုကအမှန်တရားနဲ့နီးစပ်ခြင်းပဲ
ဝါးကြမ်းခင်းပေါ်မင်းဖြတ်နင်းသွားလို့မြည်တဲ့အသံဟာဓမ္မပဲ
တံစက်မြိတ်ကကျလာတဲ့မိုးရေစက်ကလေးတွေဟာလည်းဓမ္မပဲ
ရွာအဝင်လယ်တောစပ်ကဗွက်ထနေတဲ့
ကောက်စိုက်သမတွေရဲ့ခြေရာခွက်တွေဟာလည်းဓမ္မပဲ
ကြားတတ်အောင်ကြားနိုင်ခြင်း
မြင်တတ်အောင်မြင်နိုင်ခြင်း
သိတတ်အောင်သိနိုင်ခြင်းဟာ
မင်းလိုချင်နေတဲ့ငြိမ်းချမ်းမှုအစစ်အမှန်ပါပဲကွယ် ။
(၃)
မင်းကိုယ်မင်းအရမ်းပြည့်စုံနေပြီလို့
ထင်နေပြန်ပြီလားကွယ်
ထင်းရှူးနဲ့ဆီဒါပင်တွေကပြောတဲ့စကားတွေကို
မကြားနိုင်သေးသ၍မင်းကိုပြည့်စုံသူလို့ကိုယ်မထင်ဘူး ။
ဘာဖြစ်လို့ရပ်တန့်ပစ်လိုက်ရတာလည်း
ငတ်မွတ်ခြင်းအတွက်ကိုယ်တို့ဟာရှာဖွေရမယ်
အချို့သောမွတ်သိပ်မှုတွေကိုအငတ်ခံပစ်လိုက်ရတာဟာ
အဆိုးဝါးဆုံးငရဲပေါ့
ပါရှန်းပြည်ဖြစ်ကော်ဇောတွေပေါ်မှာ
တစ်ထောင့်တစ်ညပုံပြင်တွေထဲက
နှင်းခဲကလေးတွေမီးလှုံနေကြတုန်းပဲ
တောင်တရုတ်ပင်လယ်ဟာရေငတ်နေတယ်
အနောက်ကမ္ဘာရဲ့ပင်လယ်အော်တွေမှာ
ကဗွီးပင်တွေဟာမုန်တိုင်းတွေကိုကြံ့ကြံ့ခံနေဆဲ
မင်းဟာဘာလို့များရပ်တန့်ပစ်ချင်ရတာလဲ?
ဒါကိုကိုယ်နားမလည်နိုင်ပါဘူး ။
မင်းသိထားတဲ့
သဲပွင့်ကလေးရဲ့အဘိဓမ္မာကို
သစ်ရွက်ကလေးရဲ့ဒဿနကို
ကျောက်တုန်းကလေးရဲ့အလင်းအမြင်ကို
ကိုယ်ဘာလို့နားမထောင်နိုင်ရမှာလဲ
ကိုယ့်နှလုံးသားထဲကိုကြားအောင်ပြောနိုင်ဖို့က
မင်းရဲ့တာဝန်ပဲမဟုတ်လား ။
ကိုယ့်ကိုပြောစမ်းပါဦးကွယ်
မင်းရရှိထားတဲ့ပြည့်စုံမှုဟာဘာလဲ
သက်ဆိုင်ရာဘုရားတွေထံမှာဝတ်ပြုတောင်းခံခြင်းလား
ဖန်ဆင်းရှင်ဆိုသူတွေကမင်းရဲ့ရုပ်နာမ်ဓမ္မသင်္ခါရတွေကို
စိတ်တိုင်းကျပြုပြင်ဖန်တီးစေခြင်းလား
ဒါမှမဟုတ်
လူပြောများတဲ့သန္တတရားတစ်စွန်းတစ်စကို
များမင်းကြားနာလိုက်ရလေသလား ။
သဘာဝတရားကပြောတဲ့စကားသံတွေကို
မင်းနားထောင်စမ်းပါကွဲ့
မိုးမခပင်အရိပ်အောက်မှာအိပ်စက်ရင်း
နွေတံလျှပ်တွေကပြောတဲ့စကားကိုနားထောင်ပါ
ကောက်သစ်စားပွဲတွေဆီကဆန်ဦးမုန့်ရနံ့ကိုငတ်မွတ်သလိုမျိုး
သဘာဝတရားရဲ့အသံတွေကိုမင်းဆာလောင်ပစ်လိုက်စမ်းပါ
ပြည့်စုံခြင်းလည်းမရှိချို့ငဲ့ခြင်းလည်းမရှိ
တင်းတိမ်ရောင့်ရဲခြင်းလည်းမရှိ
မွတ်သိပ်ငံ့လင်းခြင်းလည်းမရှိတဲ့သီချင်းကိုမင်းဆိုစမ်းလှည့်ပါ ။
အရောင်တွေဟာမင်းကိုစကားပြောမယ်
ရနံ့တွေကလည်းမင်းကိုစကားတွေပြောနေတယ်
အရသာတွေကလည်းမဆုံးနိုင်တဲ့စကားတွေကိုပြောနေတယ်
သဘာဝတရားရဲ့အဆင်းအနံ့အရသာကို
မင်းနှလုံးသားကမသိတတ်သေးသ၍
မင်းကိုပြည့်စုံသူလို
ဘယ်လိုသတ်နိုင်မှာလဲ ။
(၄)
မင်းဟာဘယ်သူလဲလို့မင်းကိုယ်မင်းပြန်မေးကြည့်ပါဦး
ဝါးရွက်ကလေးတွေကြားထဲကယှက်ဖြာကျနေတဲ့လရောင်ဟာမင်းလား
ခရေရွက်တွေကိုလေတိုက်လို့မြည်သံဟာမင်းများလား
ကျောက်တောင်စိမ့်စမ်းကြားက
အဟုန်နဲ့စီးကျလာတဲ့ရေစီးသံဟာမင်းလား
ဒါမှမဟုတ်
လောကဓမ္မကိုအလွန်အကျူးဖွဲ့ထားတဲ့
သီချင်းတစ်ပုဒ်ဟာမင်းများလားကွယ် ။
မင်းဘာကိုရရှိပြီးပြီလဲ
ရေခဲတောင်တွေပေါ်ကကတိုးကောင်တွေလို
ကိုယ့်ရနံ့နဲ့ကိုယ်ပြန်လည်ရူးသွပ်နေမှုမျိုးမင်းကိုမဖြစ်စေချင်ဘူး
အစွန်းရောက်ပျော်မွေ့မှုတွေနဲ့လည်းမင်းကိုမလိမ်းငြိစေချင်ဘူး
မိမိကိုယ်ကိုညှင်းဆဲတဲ့တပအကျင့်တွေဆီမှာလည်း
မင်းကိုစိတ်မချနိုင်ဘူး
တစ်ခုခုတော့မသိမ်းပိုက်ပဲနဲ့ကိုရမှဖြစ်မှာပေါ့
မင်းရဲ့ပိုင်ဆိုင်လိုမှုဟာဘာဖြစ်မလဲ ? ။
စိတ်တွေဟာမမြင်ဖူးတဲ့အရာတွေကိုဆာတယ်
ဘေဘီလိုးနီးယန်းယဉ်ကျေးမှုထဲကမိုးပျံဥယျာဉ်ကြီးတွေထဲ
ရောမပြည်ကစပါတာကတ်ရဲ့တော်လှန်ရေးစစ်ပွဲတွေထဲ
ခေါမဒဏ္ဍာရီထဲကအတွေးအခေါ်စကားလုံးတွေထဲ
စိနတိုင်းရဲ့ဗျပ်စောင်းသံတွေထဲ
ကိုယ်တို့ဘာလို့များမရောက်နိုင်ရမှာလဲ ။
ကိုယ်တို့ငရဲဘုံနဲ့ကောင်းကင်ဘုံဟာအတူတူပါလို့စဉ်းစားရမယ်
မရှိဘူးလို့လည်းမစဉ်းစားရဘူး
ကြောက်ရမယ့်ခြိမ်းခြောက်မှုပညတ်စည်းကမ်းတွေကိုတော်လှန်ပစ်ရမယ်
ဘုရားတွေကိုချစ်ခြင်းမုန်းခြင်းနဲ့
ကြောက်ရွံ့ပျပ်ဝပ်ခြင်းလည်းမရှိ
မထီမဲ့မြင်ပြုခြင်းလည်းမရှိတဲ့စိတ်တွေထားရမယ်
လူသားဥပဒေကိုလူသားကပဲရေးဆွဲတဲ့ကမ္ဘာမြေကိုကိုယ်တို့ပိုင်ရမယ်
ကိုယ်တို့ပညတ်မှုတွေထဲကနေဘာလို့များမဖောက်ထွက်နိုင်ရမှာလဲ ။
အကြမ်းဖက်မှုတွေမရှိတဲ့ကမ္ဘာ
မိမိကိုယ်ကိုမိမိကိုးကွယ်တဲ့ကမ္ဘာ
ရွှံ့ညွန်တွေထဲကနေဖောက်ထွက်လာတဲ့ကမ္ဘာဟာ
မင်းရဲ့နှလုံးသားထဲမှာပဲရှိတယ် ။
Saw Jonathan Aye

No comments:
Post a Comment