Saturday, 26 July 2025

 ဖူးစာဖက်ဆိုတာ မရှိပါဘူး

---------------------------


ဒဿနပညာရှင် - ငါတို့ဒီမှာပဲ ရပ်မနေသင့်ဘူး .. ရှေ့ကိုနောက်တဆင့်လောက် ဆက်သွားကြရအောင် .. ဒီနေ့ အစောပိုင်းတုန်းက ပညာရေးအကြောင်းငါတို့ဆွေးနွေးခဲ့ချိန်မှာ အတင်းအကြပ်လုပ်ယူလို့မရတဲ့အရာနှစ်ခုရှိ တယ်လို့ ငါပြောခဲ့တယ်


လူငယ် - ဟုတ်ပါတယ် .. လေးစားမှုနဲ့ အချစ်


ဒဿနပညာရှင် - မှန်တယ် .. ငါဟာ ဘယ်လိုအာဏာရှင်မျိုးပဲဖြစ်နေပါစေ လူတွေငါ့ကိုလေးစားအောင် အတင်း အကြပ်ခိုင်းစေလို့မရပါဘူး .. လေးစားမှုနဲ့ပတ်သက်တဲ့ဆက်ဆံရေးမှာ တစ်ခုတည်းသောနည်းလမ်းက လေးစားမှုဟာ ငါ့ဆီကနေဦးဆုံးပေါ်ထွက်လာဖို့ပါပဲ .. ဒါဟာ ငါလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပါပဲ .. တစ်ဖက်လူက ဘယ်လိုစိတ်နေစိတ်ထားမျိုးနဲ့ တုန့်ပြန်တာပဲဖြစ်နေပါစေ ငါလုပ်နိုင်တာက အဲ့ဒါပါပဲ .. ငါစောစော ပိုင်းကပြောနေတာက ဒီအချက်ပါပဲ 


လူငယ် - ဆိုတော့ ခင်ဗျားပြောချင်တာက အချစ်ဆိုတာဟာလည်း အဲ့သလိုသဘောပဲပေါ့ .. ဟုတ်လား


ဒဿနပညာရှင် - ဟုတ်တယ် .. အချစ်ဆိုတာကိုလည်း အတင်းအကြပ်လုပ်ယူလို့ မရဘူး


လူငယ် - ဒါပေမယ့် ခင်ဗျားကျွန်တော့်ရဲ့ အဓိကမေးခွန်းကို မဖြေသေးဘူးနော် .. ဒီမှာ .. ကျွန်တော်တစ်ယောက် ယောက်ကို ချစ်ချင်တဲ့ဆန္ဒအမှန်တကယ်ရှိပါတယ် .. အရိုးသားဆုံးပြောရရင် ကျွန်တော်ချစ်ချင်ပါတယ် .. ကျွန်တော်ချစ်ဖို့ကြောက်နေတာကို အပထားလိုက်ဦးတော့ ကျွန်တော့်မှာအချစ်ကိုငတ်မွတ်တောင့်တနေတဲ့ ခံစားချက်ရှိပါတယ် .. ဆိုတော့ ကျွန်တော်ဘာလို့ ချစ်ခြင်းထဲကိုမရောက်နိုင်သေးတာလဲ .. ဘာကြောင့်လဲဆို တော့ ကျွန်တော်ချစ်ရမယ့် အရေးအကြီးဆုံးသောသူနဲ့ ကျွန်တော်မဆုံတွေ့ရသေးလို့ပဲလေ .. ကျွန်တော့်ရဲ့ ဖူးစာဖက်ကိုကျွန်တော် မဆုံရသေးဘူး .. ဒါကြောင့် ကျွန်တော့်ရဲ့ချစ်ချင်တဲ့ဆန္ဒဟာ မပြည့်ဝသေးတာပေါ့ .. အချစ်နဲ့ပတ်သက်လာရင် ဆုံတွေ့ကြဖို့ဆိုတာက အခက်ခဲဆုံးသော ပြဿနာတစ်ခုပဲလေ 


ဒဿနပညာရှင် - ဆိုတော့ အချစ်စစ်ဟာ ဖူးစာဖက်နဲ့ဆုံတွေ့ခြင်းကနေ အစပြုရတာပေါ့ .. ဟုတ်လား 


လူငယ် - ဟုတ်တာပေါ့ဗျာ .. ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့လက်တွဲဖော်ဆိုတာက ခင်ဗျားဘဝတစ်ခုလုံး ပုံအပ်ရမယ့်သူ .. ပြီးတော့ ခင်ဗျားရဲ့ဘဝအမြင်တစ်ခုလုံးကို ပြောင်းလဲပေးမယ့်သူပဲလေ .. တွေ့ကရာလူ တစ်ယောက်ယောက်ဆီမှာ ခင်ဗျားဘဝတစ်ခုလုံးပေးအပ်လိုက်မယ်ဆိုပြီး လုပ်လို့မှမရတာ


ဒဿနပညာရှင် - ဆိုတော့ .. ဘယ်လိုလူမျိုးကို မင်းရဲ့ “ဖူးစာဖက်” လို့ မင်းခေါ်မှာလဲ .. ပြောချင်တာက အဲ့ဒီလူ တစ်ယောက်ဟာ မင်းရဲ့ဖူးစာဖက်ဆိုတာကို မင်းဘယ်လိုခံစားသိရှိနိုင်မှာလဲ 


လူငယ် - ကျွန်တော်မသိဘူး .. ကျွန်တော်ထင်တယ် .. အချိန်ကျလာရင် ကျွန်တော်သိလာလိမ့်မယ် .. အဲ့ဒါက ကျွန်တော့်အတွက်တော့ မသိနိုင်သေးတဲ့ နယ်ပယ်ပဲ 


ဒဿနပညာရှင် - အင်း .. ဟုတ်ပြီ .. ဆိုတော့ အက်ဒလာရဲ့ အခြေခံအတွေးအမြင်နဲ့ အဲ့ဒါကိုအဖြေပေးခြင်းနဲ့ပဲ ငါတို့စလိုက်ကြရအောင် .. အချစ်မှာဖြစ်စေ၊ ဘဝမှာဖြစ်စေ ဖူးစာဖက်ဆိုပြီး တစ်စုံတစ်ခုသောကံကြမ္မာက ကြိုတင်စီစဉ်ထားတယ်ဆိုတာမျိုးကို အက်ဒလာက လက်မခံပါဘူး 


လူငယ် - ကျွန်တော်တို့အတွက် ကံကစီမံထားတဲ့ဖူးစာဖက်ဆိုတာမျိုး မရှိဘူးလား 


ဒဿနပညာရှင် - မရှိပါဘူး 


လူငယ် - နေပါဦး .. အဲ့ဒါက ကျွန်တော်အလွယ်တကူ လက်ခံနိုင်မယ့် အဆိုပြုချက်တစ်ခုမဟုတ်ဘူး 


ဒဿနပညာရှင် - အချစ်ရေးနဲ့ပတ်သက်လာရင် ဖူးစာဖက်ဆိုတာကို လူတွေဘာကြောင့်ရှာဖွေကြတာလဲ .. ငါတို့ လက်ထပ်ရမယ့်ဘဝလက်တွဲဖော်ကို ဖျော်ဖြေမှုဆန်တဲ့ချစ်မှုရေးရာ ထင်ယောင်ထင်မှားတွေထဲ ဘာကြောင့် ဆွဲသွင်းချင်ကြတာလဲ .. အကြောင်းရင်းကို အက်ဒလာကောက်ချက်ချထားတာကတော့ .. “ချစ်သင့်ချစ်ထိုက်တဲ့ သူတွေ အားလုံးကို ဖယ်ထုတ်ချင်လို့” တဲ့ 


လူငယ် - ချစ်သင့်ချစ်ထိုက်တဲ့သူတွေကို ဖယ်ထုတ်ချင်လို့ .. ဟုတ်လား 


ဒဿနပညာရှင် - မင်းလိုမျိုးပဲ ချစ်ရမယ့်သူကိုမဆုံနိုင်ဘူးဆိုပြီး ပူဆွေးနေကြတဲ့သူတွေဟာ နေ့စဉ်ဆိုသလိုပဲ လူတစ်ယောက်မဟုတ် တစ်ယောက်နဲ့ ဆုံတွေ့နေကြတဲ့သူတွေချည်းပါပဲ .. မဖြစ်နိုင်တဲ့စံနှုန်းမြင့်မြင့်ကြီးတွေကို ချမှတ်ထားခြင်းအားဖြင့် သူချစ်ရမယ့်သူကို မတွေ့ဘူးဆိုပြီး သူတို့ပြောကြတယ် .. ဒါပေမယ့် မင်းဘဝမှာ လူအများကြီးကို မင်းဆုံတွေ့ခဲ့ပြီးပါပြီ .. မဟုတ်ဘူးလား 


လူငယ် - အင်း .. ဆုံခဲ့ရတဲ့ တွေ့ကရာလူတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ……..


ဒဿနပညာရှင် - ဒါပေမယ့်လည်း အဲ့သလိုမျိုးမထင်ရှားတဲ့ ဆုံတွေ့မှုလေးတွေကို ဆက်ဆံရေးတစ်ခုဖြစ်လာ အောင်လုပ်ဖို့က အတိုင်းအတာတစ်ခုအထိ သတ္တိရှိဖို့လိုအပ်တယ် .. ချိန်းဆိုတွေ့ဆိုတာလေးတွေလုပ်ဖို့ .. စာလေးတွေပို့ပေးဖို့ စသဖြင့်ပေါ့ 


လူငယ် - ဟုတ်ကဲ့ .. အဲ့ဒါမျိုးတွေ လိုအပ်ပါတယ် .. သတ္တိအတိုင်းအတာတစ်ခုအထိလိုအပ်တာ မဟုတ်ပါဘူး .. သတ္တိကြီးကြီးမားမားကြီးကို လိုတာပါ 


ဒဿနပညာရှင် - ဆိုတော့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ရာ သတ္တိလုံလုံလောက်လောက်မရှိတဲ့သူတွေ ဘာလုပ်ကြလဲ .. ဖူးစာဖက်ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုကို မင်းအခုလုပ်နေသလိုမျိုး သူတို့ဖန်တီးပစ် လိုက်ကြတော့တာပေါ့ .. တကယ်တန်းက သူတို့ရှေ့မှာရှိနေတဲ့သူက သူတို့ဖြစ်သင့်တဲ့သူဖြစ်နေခဲ့ရင်တောင်မှပဲ သူတို့ဟာ အကြောင်းအမျိုးမျိုးပြပြီး အဲ့ဒီလူကို ငြင်းပယ်ကြတယ် .. ပြီးတော့ မျက်စိမှိတ်ပြီး “ငါ့အတွက် ဒါ့ထက်ပို ပြီး စံပြဖြစ်တဲ့သူ၊ ပြီးပြည့်စုံတဲ့သူ၊ ဖူးစာဖက်တစ်ဦး ရှိလိမ့်ဦးမယ်” ဆိုပြီး စဉ်းစားတွေးတောကြတော့တာပဲ .. သူတို့ဟာ ပိုပြီးနက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုထဲကို တိုးဝင်ဖို့မကြိုးစားကြဘူး .. ပြီးတော့ သူတို့ဟာ ချစ်သင့်ချစ်ထိုက်တဲ့သူအားလုံးကို တဖတ်သက် ဖယ်ထုတ်ပစ်လိုက်ကြတော့တာပဲ 


လူငယ် - မဟုတ်တာ


ဒဿနပညာရှင် - အဲ့သလိုမျိုး ချဲ့ကားလွန်းပြီး လက်တွေ့မကျတဲ့အတွေးအမြင်တွေကို ရှေ့တန်းတင်လိုက်ခြင်း အားဖြင့် တကယ်အစစ်အမှန်ရှိနေတဲ့ သက်ရှိလူသားတွေနဲ့ ဆက်ဆံရမယ့်ကိစ္စတွေအားလုံးကို ရှောင်ရှားပစ် လိုက်ကြတယ် .. ဒါဟာ သူတို့ဘယ်သူနဲ့မှဆုံတွေ့နိုင်မှာမဟုတ်ဘူးဆိုပြီး ပူဆွေးနေတဲ့သူတွေရဲ့ အမှန်တရား တစ်ရပ်ဖြစ်တယ်လို့မြင်ကြည့်လိုက်


လူငယ် - ကျွန်တော်က ဆက်ဆံရေးတွေကို ရှောင်ပြေးနေတာလား 


ဒဿနပညာရှင် - အဲ့ဒါတင်မက မင်းဟာ ဖြစ်နိုင်ချေဆိုတဲ့ နယ်ပယ်ထဲမှာ နေထိုင်နေတာဖြစ်တယ် .. မင်းက ပျော်ရွှင်မှုဆိုတာကို အခြားသောတစ်နေရာရာကနေ ရောက်လာမယ့် တစ်စုံတစ်ခုအဖြစ် စဉ်းစားတွေးတောနေ တာဖြစ်တယ် .. “ပျော်ရွှင်မှုဟာ ငါ့ဆီကိုရောက်မလာသေးဘူး .. ဒါပေမယ့် ငါ့ဖူးစာဖက်ကိုဆုံတွေ့တဲ့အချိန်ကျရင် အရာအားလုံးအဆင်ပြေသွားမှာပါလေ” ဆိုပြီး မင်းတွေးတောနေတာဖြစ်တယ် 


လူငယ် - သေလိုက်ပါလား .. အား .. ခင်ဗျားမှာ ဆိုးရွားတဲ့အသိအမြင်ရှိနေတာပဲ 


ဒဿနပညာရှင် - ဒီကိစ္စတွေက နားဝင်ချိုမှာမဟုတ်တဲ့ကိစ္စတွေဆိုတာတော့ သေချာတယ် .. ဒါပေမယ့် မင်းအနေနဲ့ ဖူးစာဖက်ကိုရှာဖွေစောင့်စားဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိနေရင် ငါတို့ဆွေးနွေးမှုဟာ ဒီအချက်ဆီကိုပဲ ပြန်ပြန်လည်ပြီး ရောက်လာဦးမှာပဲ 


The Courage to be Happy

Ichiro Kishimi

Fumitake Koga

No comments:

Post a Comment