Wednesday 29 April 2020

""""MaMaism (2)""""
CHAOS
တိတ်တဆိတ်ပျံတက်သွားတဲ့ စက္ကူလေယာဉ်ပျံ တစ်စင်း။
ဒါမှမဟုတ်...။
ဝဲတက်သွားတဲ့ စီးကရက် မီးခိုးငွေ့။ညလိပ်ပြာ။မမ။
နာနာကျင်ကျင် ...။

ဘာမှမတတ်နိုင်ဘူးဗျာ။ကျနော် မမကို လွမ်းနေမိတာ။
ကျနော်သိတာပေါ့..ဒါကြယ်ကြွေတာပဲ။"ဖြာ"ခနဲ လင်းလက်ပြီး "ဖြုတ်"ခနဲ ကြွေဆင်းသွားတာ။ကျနော် သေတော့မှာပဲ။ဟုတ်တယ် ကျနော်က မမအတွက် ကြွေဆင်းသွားတဲ့ ကြယ်။

ကြယ်အကြွေတွေ မမလိုက်ကောက်ဖူးလား။ကျနော့်ကို အဲ့ဒိမျက်လုံးမျိုးနဲ့ မကြည့်နဲ့။ကျနော် မရူးဘူး။ကျနော်သိတာပေါ့။
"ဟော့ဘိစ်ရဲ့ အတွေးအခေါ်က ထာဝရဘုရားသခင် ဖန်းဆင်းရှင်ကို လက်မခံတဲ့ 'အနိဿရိယ နိမ္မာနဝါဒ'အပေါ် အခြေခံတာ"။ကျနော်ဘာမှမယုံဘူး။မမကိုပဲ ယုံကြည်တယ်။ထားလိုက်ပါဗျာ တကယ်က ကျနော် မမကို လွမ်းနေတာ။မမ ဘယ်ရောက်သွားတာလဲ။အတိတ်ဆိုတာ ပြန်တွေးလိုက်တိုင်း ပျော်ရွှင်ခဲ့ဖူးသမျှတွေက နာကျင်စရာ အဖြစ်နဲ့ ပဲ ပြန်လာတော့တာ။မမဟာ ကျနော့် အတိတ်ကာလပဲ။ပြန်တွေးတိုင်း ရယ်သံတွေက အစ သိပ်နာကျင်ရတယ်။မမ ပြန်မတွေးပါနဲ့။

**တချို့ ပုံပြင်တွေက "ဟိုး ရှေးရှေးတုန်းက " နဲ့ မ စ ကြဘူး
ဥပမာ - "ကျနော်တို့ အတူတူ ရှိကြရင် " ဆိုပြီး အစ ပြုတာမျိုးပေါ့။**

မမသိလား။ကျနော်က အချိန်ကို မယုံကြည်ဘူး။မမဘေးနား ရှိနေရင် ခဏလေးတွေပဲ။သေးလိစ်က ပြောတယ် ရေဓာတ်က အရာအားလုံးရဲ့ အခြေခံ တဲ့။မမကို တွေ့တဲ့အခါ ရေဓာတ်ကို ယုံကြည်မိပြန်တယ်။ဟီရာကလိတပ်စ်ကို စိတ်ထဲမှာ သတ်ပစ်လိုက်တယ်။မမက မြစ်တစ်စင်းမှ မဟုတ်တာ။ကျနော့် အရိုးထဲမှာ အကြိမ်ကြိမ် စီးဆင်းနေမှာပေါ့။ပန်းပွင့်လေးတွေက ပန်းပွင့်လေးတွေ အလျောက်၊မြက်ပင်လေးတွေက မြက်ပင်လေးတွေ အလျောက် လိုအပ်ကြသလို မမအတွက် ကျနော် ရူးမိုက်ပေးဖို့ လိုတယ်။စီးကရက်တွေ သောက်မယ်။ချောင်း ခဏခဏဆိုးမယ်။မမကို သတိရမယ်။

စိတ်နှလုံးကြည်မွေ့ဖွယ် ပြစ်ဒဏ်ခံရခြင်းဆိုတာ မမကို ချစ်နေရခြင်းပဲ။
ဥပမာ..သိပ်လှတဲ့ ရွှေငါးလေးတွေ လှောင်ကန်ထဲမှာ ကူးခတ်နေသလိုမျိုး။မမဟာ သိပ်လှတဲ့ အနာ။ဘယ်ဒဏ်ရာမှ မမလောက် မနာတော့ဘူး။ဘယ်လိုဆေးမျိုးနဲ့မှ မတိုးပါရစေနဲ့။ကျနော် ပျော်ပါတယ်။မမပိုပြီး ပျော်ပါစေ။ဂျယ်ရမီ ဘင်သန်..ပျော်ရွှင်ချမ်းမြေ့မှုပဓာန ဝါဒီ ။မမ ဖြစ်ပါစေ။

ဝါဖန့်ဖန့် မာကျူရီမီးရောင်တွေဆို ကျနော်သိပ်ချစ်တာ။သူတို့ကို ထိုင်ငေးနေကြ။အမှောင်ထဲမှာ မနေရဲဘူး။မမ မရှိတော့တဲ့ အခါ အားလုံးဟာ နှလုံးသားကိုမှ တတိတိ လှီးဖြတ်နေတဲ့ ရှုမျှော်ခင်းတွေချည်းပဲ။ကျနော် သေမှာပါ။ဒါမှမဟုတ် မမ ကျနော့်ကို လာသတ်ပါ။ချစ်ခြင်းမေတ္တာဆိုတာ ဆင်ခြင်တုံ့တရား မလာခင် ကြိုပြီး လာတတ်တယ်။ကျနော်သိပြီးသားပါ မမ။အနန္တဝိညာဉ်တော် ဝါဒမှာ ပြထားတယ်လေ။ထားလိုက်ပါဗျာ။ကျနော် မမကို သိပ်ချစ်တာ။ဒါ ကျနော့် မူရင်းပဲ။မရယ်ပါနဲ့ မမ။တစ်ခုခုဆို လက်ညှိုးထိုးရယ်ပစ်လိုက်တဲ့ ဒါဒါဝါဒီတွေကို သိပ်မုန်းတာ။ကျနော် မရယ်ဖြစ်တာ ကြာပြီ။

မမဟာ ကျနော် မဝယ်နိုင်တဲ့ ရှုမျှော်ခင်းပဲ။
ဘာမှ မတတ်နိုင်ဘူး။
တစ်သက်စာ ကျနော့် မျက်လုံးထဲမှာပဲ သိမ်းထားရတော့တာ။

ဘယ်သူမှ လာမကယ်နဲ့။ကျနော်က လူမမာ။မမကို ချစ်ရခြင်းမှာ နာဖျားပါရစေ။မမက မမစစ်လာဖို့ မမပိုဆန်ပေးပါ။ကျနော်မရူးဘူး။ဘဝကို မဆန့်ကျင်ဘူး။ချစ်ခြင်းတရားကို မဆန့်ကျင်ဘူး။ကျနော်ဟာ မမရဲ့ 'ဇရသုစရ'ပဲ။မမရှိနေပေးပါ။

မမရယ်..။
ကျနော်က ရုတ်တရက် ပျောက်ကွယ်ရခြင်းတွေကို နှစ်သက်တယ်။
မမ နေကောင်းပါစေ။

  • CHAOS
DEC/8/2015

**ဏေသစ်၏ စာသား

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...