Wednesday 29 April 2020


CHAOS

**နာကျင်ခြင်းဟာ..ချစ်ခြင်းမေတ္တာ**

သတိရစိတ်ဟာ ..အမာရွတ်ပေါ်ကဒဏ်ရာပဲ..
ငါ့လက်ကောက်ဝတ်ပေါ်က မင်းနာမည်လေး..ဘလိတ်ဓားနဲ့ လှီးပစ်လိုက်တယ်
ဟာသပဲ!!!!!
ဘယ်သူ့ အသဲကွဲဇာတ်လမ်းမှ ငါတို့လောက် သွေးစိမ်းရှင်ရှင်မထွက်ဘူး..
ဘုရားသခင်ဟာ..စေတန့်ကို ငရဲမှာပိတ်ထားပြီး..သူ့အစား မင်းကို လွှတ်လိုက်တာဖြစ်မယ်
အခုကြည့်လိုက်!!
ငါ့မှာ ဘာရာသီဥတုမှ မရှိတာကြာပြီ..
ငါမမြင်ရတော့ဘူး..ငါမကြားရတော့ဘူး..
တိတ်ဆိတ်ခြင်းဟာ..အရိုးကိုထိုးခွဲပစ်လိုက်ပြီ.

ဆက်သွယ်မှုလှိုင်းထဲ မူးမိုက်လဲကျ...
ချစ်ခြင်းမေတ္တာဟာ..ဆတ်ဆတ်ခါသွားတယ်
ချစ်ခြင်းမေတ္တာဟာ..ဆေးရုံပေါ်မှာ သတိလစ်သွားရပြီ..
အလင်းစတွေ ငါ့ကိုမြင်ခွင့်ပေးပါ...ငါ့ကိုမြင်ခွင့်ပေးပါ...
ငါအော်ပစ်လိုက်တယ်..အသံတွေ မထွက်တော့ဘူး.
မီးလိုပူနေတဲ့ အသံတွေကြားထဲ..ငါ့သူငယ်အိမ်တွေ အလုပ်မလုပ်တော့ဘူး..
စိတ်ဝိဥာည်ဟာ..အမှောင်ထုကြီးထဲ ထိုးစိုက်ကျသွားပြီ..
ငါ့ခံနိုင်ရည်တွေ...နင့်ရဲ့ ခပ်ထေ့ထေ့စကားတွေထဲ..ဒလှိမ့်ခေါက်ကွေး မျောသွားပြီ..
ငါမခံနိုင်တော့ဘူး..
ငါ့ကိုပေးပါ..ထုံကျင်စေတဲ့ ဝေဒနာတစ်ခု ငါ့ကိုပေးပါ...
ထုံကျင်စေတဲ့ ဝေဒနာတစ်ခု ငါ့ကို ခံစားခွင့်ပေးပါ..

ခ မ်းနားတဲ့ အထီးကျန်ခြင်း၊
စိတ်ပျက်လက်ပျက်ရယ်မောခြင်း..
နာကျင်တဲ့ ဟစ်အော်သံ.
.ငြီးတွားနေတဲ့ အမှောင်..
တစ်ယောက်ထဲ သေဆုံးနေရတဲ့ အဓိပ္ပာယ်တွေနဲ့ အသက်ဓာတ်မပါတော့တဲ့ မနက်ဖြန်တွေ..
ဘာမှ ..အရှိတရားမဟုတ်ဘူး..
ဘာမှ လာမပြောနဲ့တော့..အားလုံးဟာ..စောက်ပိုတွေ..
ခက်တယ်..ငါကလည်း စောက်ပိုပဲ..
ငါကလည်း..ရောမန္တိက ပဲ..
ငါကလည်း ..ခံစားမှုဝါဒီ နဲ့ သံသရာ ဝဋ်ဆင်းရဲကောင်..
ဘာထူးလို့လဲ...
ချစ်ခြင်းမေတ္တာဆိုတာလဲ 'ဖရီဒါခါလို'ရဲ့ ပန်းချီကားပဲ..
နာကျင်ခြင်းကို ဇိမ်ပြေနပြေ ခံစားနေရတာကိုက အရသာ..
သိပ်ရယ်ရတယ်..

"ငါ့ကိုယ်ငါထက် နင်ဆိုတဲ့ အတ္တပိုစွဲလာတော့..
ဘာမဆို စိတ်ကမဖြောင့်ဘူးး"
တိုးရှရှ အသံလေးဟာ..အမှောင်ထဲက သူစိမ်းပဲ..

"နောက်ဆို ငါခံစားရသမျှမျိုသိပ်ထားပါ့မယ်"
ဝမ်းနည်းနာကျင်ခြင်းဟာ ငါ့ခေါင်းကို ချောင်းရိုက်ပစ်လိုက်တယ်..

အရိပ်ရှည်သွယ်သွယ်လေး..
သူမ..သို့မဟုတ်..ချစ်ခြင်းမေတ္တာ...
တလက်လက်ထနေတဲ့ငါ့စိတ်ကို ဆေးခပ်ပစ်လိုက်တယ်..

ပြဿနာပဲ...
တဆစ်ဆစ်နာကျင်ရခြင်းကိုက ချစ်ခြင်းမေတ္တာရဲ့ အရသာ..
နာကျင်မှုတွေကို နင့်ဖုန်းရဲ့ my ring tuneထဲ ထိုးထည့်ပစ်လိုက်တယ်...
လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ..
လတ်တလောတွင် မဖြေကြားနိုင်သေးပါသဖြင့်...
...... ..... ......
ငါ့အသံနဲ့ငါ ကြေကွဲလို့ မဆုံးတော့ဘူး..
      ......နာကျင်မှုဟာ..ချစ်ခြင်းမေတ္တာ.......

CHAOS
**YMST၏ "ပျော်ပါစေ ချစ်သူ"ကဗျာနှင့် LAY PHYU၏ UNCONSCIOUS NIGHT သီချင်းအား ခံစားပါသည်..

**ငါ့ကဗျာကို ရင်ထိုး တစ်ခုလို မင်းရင်ဘတ်မှာ ထိုးထားလိုက် ဂျိုးဇက်ဖင်း......****

စိတ်တစ်ခုလုံး......
အမြီးထောင်ပြီး ချာချာလည်နေတဲ့ ပုရွတ်ဆိတ် တစ်ကောင်လို....
ငါက..
အလကားနေရင်းတောင် ထိုင်ပြုံးနေတဲ့ကောင်
အဲဒိ အပြုံးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေးဆုံးသွားတဲ့ တေးတစ်စ...
မင်း ရိုက်ချက်တွေ သိပ်..လှ..တယ်...
......... .......... ......... ..........

မင်းမသိတာလား မသိချင်ယောင်ဆောင်နေတာလား....

မင်းဟာ ငါ့တစ်သံသရာလုံး ပြဌာန်းထားတဲ့
သင်ရိုးညွှန်းတမ်း
မင်းအသံဟာ ငါ အကြားနာချင်ဆုံးသော ဒေသနာ
မင်းကို ချစ်တယ် လို့ ပြောရတာနဲ့
ကဗျာရေးနေရတာရယ်ဟာ
ငါအရှိုက်မက်ဆုံး`ယာမကာ´ပဲ

ရိုးရိုးလေး..
ငါက မင်းကို ချစ်တယ်
ဘာနဲ့မှ မတူအောင် ချစ်တယ်
မင်းဟာ ငါ့အတွက် သက်ရှိကဗျာတစ်ပုဒ်
ရုပ်နဲ့ နာမ်နဲ့ မတွဲမိလောက်အောင်
မင်းကို ငါချစ်တယ်
မင်းကြောင်ကလေး မင်းခြေဖမိုးကို တိုးဝှေ့နေသလိုမျိုး
မင်းကို ငါ ရိုရိုကျိုးကျိုးနဲ့ ချစ်ခဲ့တယ်

ငါ့ကို မေ့ပစ်လိုက်လို့ ပြောတုန်းကလဲ
မင်းငိုတာပဲ..
ငါအချစ်တွေအကုန်လုံး မင်းဆီမှာ အပ်လိုက်ပြီဆိုတော့မှ
မင်းက နောက်တစ်ယောက် ရှာပြန်ရော
မင်းက ဘယ်လို မိန်းမမျိုးလဲ ဂျိုးဇက်ဖင်း????

ငါက မင်းဆီလာဖို့ ပန်ဒိုရာ လက်ထဲက သေတ္တာကို ဆွဲလုတယ်
မင်းက နောက်ပစ်မှတ်ဆီ သွားဖို့ပြင်ဆင်တယ်
ဘာတွေလဲ ဘာတွေလဲ
ငါတို့ နှစ်ယောက် တွေ့ဆုံမှုဟာ
ဘုရားသခင် စေစားတာလား
ခပ်ပေါပေါ ကံကြမ္မာလား
ကစဉ့်ကလျား သီအိုရီလား
ရင်ဘတ်တစ်ခုလုံး ရှ,ရာတွေ ချည်း...
စိတ်ထဲ ရှိတဲ့အတိုင်း စာရွက်တွေပေါ်ချရေးလိုက်ရင်
အနန္တစကြဝဠာ တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကုန်တော့မယ်

တိတ်ဆိတ်တဲ့ ကုဒ် တစ်ခုဟာ
ကျွန်မ ရဲ့ ဒုတိယ ပစ်မှတ်ပဲ တဲ့
သေစမ်း.....လဲပြီးတော့သာသေလိုက်တော့
အဲ့လို ငါ့ကိုယ်ငါ အကျယ်ကြီး အော်ပစ်လိုက်တယ်
ဒီမယ် ဂျိုးဇက်ဖင်း.....
အသဲကွဲတာထက်
မိန်းမ တစ်ယောက်ရဲ့ သစ္စာဖောက်ခြင်း ခံရတာဟာ ခွေးကိုက်တာထက် နာတယ်

ထွက်သွား..ဂျိုးဇက်ဖင်း....အချစ်ဆိုတာ အလကားပဲ
အချစ်ဆိုတာ မကောင်းဆိုးဝါးရဲ့ သွားကြားမှာ ညပ်နေတဲ့ အသားစ
အချစ်ဆိုတာ ငါ့ဆောင်းခေတ် တစ်ခုလုံးက်ို တရွှမ်းရွှမ်း ရိုက်နှက်နေတဲ့
စေတန့် လက်ထဲက နှင်တံ..
မင်းဟာ မရိုးသားတဲ့ အစိုးရ
ငါမယုံကြည်နိုင်တဲ့ နိုင်ငံရေး
အဆိပ်အတောက်ဖြစ်စေတဲ့ အယူဝါဒ
မင်းဟာ ငါ့ဝိဥာည်ကို လာဟပ်နေတဲ့ ငရဲမီး
အသက်ဓာတ်ကို လှိုက်စားစေတဲ့ ကူးစက်ရောဂါ
မင်းဟာ ငါမတီးခတ်သင့်တဲ့ ဂစ်တာ တစ်လက်ပဲ

ထွက်သွား...ဂျိုးဇက်ဖင်း
ငါ့ဆီ ပြန်မလာနဲ့တော့.....
မင်းကို ချစ်မယ့်အစား သင်ဓုန်းဓားတွေကိုတက်နင်းပစ်လိုက်မယ်
အဆိပ်လူး မြှားတွေကို ရင်ဖွင့် ခံပစ်လိုက်မယ်
ဒီကဗျာနဲ့ငါ သစ္စာဆိုလိုက်ပြီ...
ငါ့ ကဗျာကို မှတ်ထားလိုက် ဂျိုးဇက်ဖင်း..
ရင်ထိုး တစ်ခုလို မင်းရင်ဘတ်မှာ
ထိုး...ထား...လိုက်...တော့...။

Chaos-ခေးအော့စ်

အချစ်မှာ သွေးအေးအေးနဲ့ ရယ်မောပစ်ဖို့ လိုတယ်
**********************************

ငါ့နံဘေးက သိပ်ကြည်နူးနေတဲ့ အထာနဲ့ဖုန်းပြောနေတဲ့ကောင်ကို ပိတ်ဆဲပစ်လိုက်တယ်
ကြောင်တောင်တောင်နဲ့ သိပ်သနားစရာကောင်းတဲ့ သတ္တဝါ....။
အသံသာသာလေးကြားရဖို့ ဘယ်ညာပြေးပြီးဆောင့်နေရတဲ့ ခေါင်းလောင်းဆံလိုပဲ
ကိုယ်က အဲ့လိုပဲမြင်တယ်...
ကျွတ်..ကျွတ်..ကျွတ်စ်.... ။

"တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ... သူတောင်းစားတစ်ယောက်က ကျန်တဲ့သူတောင်းစား တစ်ယောက်ဆီက ပိုက်ဆံကို မျှော်နေခြင်းပဲ"
#အိုရှိုး

သိပ်ရယ်ရတယ်...ငါရယ်နေမယ် အိပ်မက်ညို..။
တစ်ချို့အရာတွေက ငိုပစ်လို့မရတော့တဲ့ အခါ ရယ်ပစ်လိုက်ရတယ်ပေါ့
အချစ်က အလကားပါကွာ..အဲ့လို စိတ်ကိုသပ်ချပြီး ငါရယ်နေပါရစေ..။

`အချစ်ဆိုတာ စိတ်အမာရွတ်လေးတွေကို တစ်ယောက်နဲ့ တစ်ယောက် ပွတ်သပ် နှစ်သိမ့်ပေးရတာလေ´
ဟင်း..ပြောပေါ့...နှုတ်ခမ်းဖူးဖူးလေးမှာ အဆိပ်တေးသွားနဲ့
တယောထိုးသံကြားမှာ ငါ သေခဲ့တယ် ...
အသက်ရှူတယ်ဆိုယုံလေး ငါ...သေ...ခဲ့...ရ...
သတိရ စိတ်ဟာ ယင် ကောင်တွေလိုပဲ
ဒဏ်ရာဟောင်းကိုပဲ ဝိုင်းအုံနေတယ် ။

`အလှတရားဆိုတာ အလွန်ဆုံး အနှစ်၂၀ပဲ ခံတယ်´တဲ့
သူငယ်ချင်းတစ်ယောက်ကပြောတော့ ..
`ချစ်ခြင်းမေတ္တာဟာ ၂နှစ်တောင်မခံဘူး´လို့ ငါ့နှုတ်ခမ်းကို ဖိကိုက်ပြီးပြန်ပြောလိုက်တယ်
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် ငါက အဆိုးမြင်ဝါဒီ ပဲ
အချစ်မှာ သွေးအေးအေးနဲ့ ရယ်မောတတ်ဖို့လိုတဲ့အကြောင်း
မင်းကိုယ်တိုင် ငါ့အရိုးထဲထိ ထိုးသွင်းပစ်ခဲ့တာ ။

"အချစ်ဆိုတာ ကွဲကြေနေတဲ့ မှန်တစ်ချပ်ကို တစ်စစီ ပြန်ဆက်ပြီးမှ
ကွဲသမျှ ကြေသမျှ ..တဆစ်ဆစ် နာကျင်ခဲ့ရသမျှကို
နောက်တစ်ခါ ထပ်နာကျင်အောင် ပြန်ရိုက်ခွဲခြင်းပဲ..."

"အချစ်ဆိုတာ သေခြင်းတရားကို အရှင်လတ်လတ် ရှာဖွေခြင်း..
အချစ်ဆိုတာ ကိုယ့်ကိုယ်ကို အရစ်ကျ သေကြောင်း ကြံစည်ခြင်း"

အချစ်ဆိုတာ..အစွယ်လေးနဲ့....
အရွယ်ရောက်ပြီးသား အစွယ်လေးနဲ့..
အနာဂတ်ကို ပျောက်ရှစေတဲ့ အစွယ်လေးနဲ့
အတိတ် ဒဏ်ရာတွေထဲ ပြန်ပြန်ဆွဲခေါ်တတ်တဲ့ အစွယ်လေးနဲ့ပေါ့...
ယောက်ျားသားတွေဟာ...အဲ့ အစွယ်တွေကြားမှာ ဆတ်ဆတ်ခါအောင် သေနေကြရတယ် ငါ့အိပ်မက်ညို....။

`ရှင်တို့ ယောက်ျားတွေ လိုချင်တာ အတွေ့ကြုံရှိတဲ့ အပျိုစစ်စစ်ပဲ ဒါထက်မပိုဘူး´တဲ့
ဟင်း...ဟင်း...မင်းကရော ဘာထူးလဲ
အချစ်ကို အပြောင်အပျက်သဘောနဲ့ Foot Chain တစ်ခုလိုဆွဲထားချင်တဲ့ မိန်းမ
အချစ်ကို လက်ကိုင်ပဝါ အရောင်ရွေးသလို...
အပျင်းပြေ ကာတွန်းဖတ်သလို
စိတ်ပြေလက်ပျောက် နေကြာစေ့ ခွာစားသလို သဘောထားတဲ့ မိန်းမပဲ

မိန်းမတစ်ယောက်ရှေ့က ပိတ်နေရင် ဘုရားသခင်တောင် ဝင်လို့မရဘူးဆိုတဲ့ စကား...
သိပ်မှန်တယ် အိပ်မက်ညို....
မင်းဟာ သစ္စာမဲ့တဲ့ လျှာတစ်ချောင်းနဲ့ မကောင်းဆိုးဝါးမ ပဲ။
ငါ ရယ်နေလိုက်တော့မယ်....
သိပ်လှတဲ့ ဖန်ခွက်တစ်လုံး ကျကွဲသလိုပေါ့
ဘယ်တော့မှ အကောင်းပြန်မဖြစ်တော့ဘူး
ဟက်!!ဟက်!!!
အချစ်မှာ သွေးအေးအေးနဲ့ ရယ်မောပစ်ဖို့ လိုတယ်လေ....။

သိပ်ကြည်နူးတဲ့ အထာနဲ့ ဖုန်းပြောနေတဲ့ကောင်တွေ တွေ့ရင်တော့ ပိတ်ဆဲပစ်ဦးမယ်
သနားစရာ သတ္တဝါတွေ..
ကျွတ်...ကျွတ်...ကျွတ်စ်..... ။

Chaos
2/Aug/2014

##ဟောင်ဝပ်ဇာတွေကြားက ကလေးများသို့##

အသက်ရှူ တာကအစ
`သက္ကာယဒိဌိ´ကို ပယ်ထားတဲ့ ကလေးလေးတစ်ယောက်
အဖေ အမေ ပျောက်ကို လိုက်ရှာနေရဲ့...
........ ........ ...... .....
                 ....... ...... ........
တစ်ရက်ပဲ အသက်ရှင်မယ်ဆိုရင်
ကမ္ဘာကို ဖျက်ဆီးပစ်မှာပေါ့ဆိုတဲ့ စိတ်တွေနဲ့
ခေတ်ကိုက ဆုတ်ကပ်ကြီးပါ ကလေးရယ်...
ဂျင်းဘောင်းဘီဝတ် လူငယ်လေးတွေက
`ယဿာ နုဘာဝတော ယက္ခာ´
ခေါင်းပေါင်း တရမ်းရမ်နဲ့ လူတွေက
`ဖရုဿဝါစာ´တွေလွှတ်တယ်..
ကလေးရေ......
ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရ ဟာ
ဒီနေရာတွေ အတွက်တော့
`ဂြိုလ်သား´ဘာသာစကား တစ်ခုကွဲ့
ခုထိ..အဓိပ္ပာယ် ရှာမရဘူး...
       
`ထစ်´ခနဲရှိ စစ်ဖြစ်ချင်နေတဲ့ ခေတ်ကြီးထဲ
`အပစ်အခတ် ရပ်စဲရေး´ဆိုတဲ့ စကားကလဲ
`ဝတ်မှုံရွှေရည်´ဝိတ်မ,နေသလိုပဲ
ဘယ်လိုမှကို မအပ်စပ်တာကွဲ့
ရတဲ့နည်းနဲ့ ဖြေသိမ့်နေရတာပါပဲ ကလေးလေးရေ.....
`အတိတ်အကြောင်း တစ်လွှာ´ကြောင့်
`ပစ္စုပ္ပန် အကျိုး တစ်လွှာ´ဖြစ်ရတယ်ပေါ့
`ကံ-ကံ၏ အကျိုး´ကို ယိုးမယ်ဖွဲ့ရတာလဲ
အံသေနေကြပေါ့.....
         
ကချင်ပြည်နယ်မှာ
တစ်ဖက်နှင့် တစ်ဖက် ပစ်ချခဲ့ကြတဲ့
`ဟောင်ဝပ်ဇာ´တစ်လုံးဟာ
သိန်းလေးဆယ် တန်သတဲ့..
ဘုရား...ဘုရား!!!!!!
ယိုင်နဲ့နဲ့ စာသင်ခန်းလေးဟာ
`ဝုန်း´ခနဲ ပေါက်ကွဲသံ ကြားမှာ
ကြေမွခဲ့လေ သလား...
ဘုရား...ဘုရား..!!
ကလေးလေးရဲ့ မိဘတွေဟာ....
.......... .... ....
အဲဒိ အတွေးလေးဖြတ်ပြေးနေတုန်း
သူ့မျက်လုံးလေး ကြည့်လိုက်တော့
ဆွတ်..ပျံ့..ရီ..ဝေ..

`အလိုမရှိအပ်သော အာရုံကို အနိဌာရုံ ဟု ခေါ်၏´
အဘိဓမ္မာ ကျမ်းစာတွေချည်း ဖိဖိရွတ်နေရတယ်
         
ကလေးရေ....
နံပါတ်(၁) ခရိုနီကြီးတစ်ယောက်ရဲ့
တစ်ရက်ဝင်ငွေဟာ
သာမန်စစ်သား(၁၅၀၀၀)ကို
တစ်လ,လစာပေးလို့ရတယ် တဲ့
`ဘုရင်ခံချုပ်က နှစ်ယောက်စာ ဝတ်ထားလို့
ကျွန်တော် ဝတ်စရာ မလိုတော့ပါဘူး´ဆိုတဲ့
`မဟတ္တမ ဂန္ဒီ´နဲ့ မိတ်ဆက်ပေးလိုက်ချင်တယ်
ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပါပဲ
တစ်ကိုယ်ကောင်းဆန်တာကို
တရားစွဲလို့ ရရင်သိပ်ကောင်းမှာကွဲ့
. .........
 ရှက်တယ်ကွယ်...
ဧရာဝတီကို မချစ်တော့တာကို ...ရှက်တယ်
ငယ်ငယ်က အော်ကျက်ခဲ့ရတဲ့
စံပယ်တောင်,ကြေးစင်တောင်,
လက်ပံတောင်း တောင်.....ရှက်တယ်
မေ့လျော့ခံ ခြံစည်းရိုးက
အင်ဂျင်နီယာ စစ်သားလေး ၃ ယောက်...
ရှက်တယ်....
ရဟတ်ယာဉ် ပျက်ကျတဲ့ ခရိုနီကြီးကိုတော့
သဲကြီးမဲကြီး လိုက်ကယ်...ရှက်တယ်
မျက်စိတစ်ဖက်မှိတ်ထားတဲ့
Logo ကြီးရဲ့အောက်မှာ နေရတာ...
ရှက်တယ်....
...... ....... ......
မီးပျက်နေတဲ့ အခန်းထဲ
သတင်းစာဖတ်ရင်း ဓာတ်လိုက်ခံရတာကိုလည်း
ရှက်တယ်.....
ရည်းစားထားဖို့သက်သက်
တက္ကသိုလ်တွေ ဖွင့်ထားတာလည်း....
ရှက်တယ်......

ကလေးရေ.......
ချိုးဖြူငှက်ကလေးက
သံလွင်ခက်ကို ကိုက်ချည်ဖို့ဆိုတာ
ဒုလ္လဘ တရား တစ်ခုလိုဖြစ်နေတော့
တို့များမှာ ငတ်နေရတယ်
ငတ်တယ်ကွယ်....
.....ငတ်တယ်.........
Freedom from Fearကို ငတ်တယ်
Sympathyကို ငတ်တယ်
True Justiceကို ငတ်တယ်
Human Rightကို ငတ်တယ်
........ ......... ....
ရှင်တော် ဗုဒ္ဓကို ငတ်တယ်
ဒီမော့စ်သီးနီး ကို ငတ်တယ်
မဟတ္တမ ဂန္ဒီ ကို ငတ်တယ်
ဗိုလ်ချုပ်အောင်ဆန်း ကို ငတ်တယ်
မာသာထရီဇာ ကို ငတ်တယ်
ဒေါက်တာ ရှဝှိုက်ဇာကို ငတ်တယ်
ဘုန်းတော်ကြီး ဒစ်စမွန် တူးတူး ကို ငတ်တယ်
မာတင်လူသာကင်း(အငယ်) ကို ငတ်တယ်
သံမဏိ နှင်းဆီကို ငတ်တယ်
မာလာလာ ယူဆွတ်ဖ်ဇိုင် ကို ငတ်တယ်... 
.......ငတ်တယ်..... ...... 
ိုတို့များမှာ ငတ်နေကြရတယ်........

`နာ´တာထက် `ဆာ´တာဟာ ဆိုးပါသတဲ့
"သားက ဆာတာပါဗျာ
ငြိမ်းချမ်ရေးကို ဆာတာပါ"တဲ့
မှိုင့်ညို့နေတဲ့ မျက်ဝန်းအစုံရဲ့
မျက်ရည်စီးကြောင်းလေးတွေက.......
............ ........ ....... ....!!!!!

      Chaos- ခေးအော့စ်

***အချစ်က စားတယ် ဆိုဖီယာ***

ငါ့ကို မေ့ပစ်လိုက် ဆိုဖီယာ
ငါ့ စကားတွေကို မယုံနဲ့
မင်းစကားတွေလဲ ငါမယုံဘူး
'မိန်းမတွေရဲ့ ပုံမှန်စိတ်ဟာ `ရမ်´သုံးပက်သောက်ထားတာနဲ့ ညီတယ်'တဲ့
အဲ့တာ...
ငါသိပြီးသားကြီး ဆိုဖီယာရယ်
ငါကလဲ 'ဝီစကီ'ငါးပက်လောက်သောက်ပြီးမှ
မင်းကို စကားစပြောတာ

`ရှင့်မှာ ကြိုက်စရာ မိန်းမ အဲ့လောက်ရှားသလား´ ဆို
ငိုပစ်လိုက်စမ်း ဆိုဖီယာ
စိတ်လိုလက်ရ ငိုပစ်လိုက်
`ဂရိ ဒဏ္ဏာရီမှာ ဆိုဖီယာဆိုတာ
ဥာဏ်ပညာ´ဆို
`နယူတန်ခေါင်းပေါ်ကြွေတဲ့ ပန်းသီးကို
ဆိုဖီယာလို့ ခေါ်တယ်´ဆို
`ရီနေဆွန်း ခေတ်ကြီးဟာ
ဆိုဖီယာလို့ခေါ်တဲ့ ပန်းသီးကြောင့် စခဲ့တာ´ဆို
`အာဒံခူးလိုက်တဲ့ ပန်းသီးကို ဆိုဖီယာလို့ ခေါ်တယ်´ဆို
`အသဲခွဲနည်းဆိုတာ ကျွန်မအတွက်တော့
မွေးရာပါ ပရိုဂရမ်တစ်ပုဒ်´ဆို
ငါ ကိုင်ပေါက်လိုက်ရရင် တစ်စစီ ကြေမွကုန်တော့မယ်
အာ့တွေအကုန်လုံး
ကျမ်းစာအုပ်ထဲမှာ ထားခဲ့လိုက်တော့ ဆိုဖီယာ

ငါ့အတွက်တော့
မိန်းမတွေကို ယုံအောင်ပြောရတာ
ဖိနပ်ကြိုးထိုးရသလောက်တောင် မခက်ပေမယ့်
နားဖာချေး ကော်ရသလိုပဲ
သိပ်အရသာရှိတာ

`ရှင်က သိပ်တုံးတာပဲ´
အဲ့လိုပြောတုန်းက
မင်းမျက်လုံးတွေ အရောင် သိပ်လက်တယ် ဆိုဖီယာ
သိပ်ကြေကွဲမနေနဲ...့
အသဲကွဲတယ်ဆိုမှတော့ အထိအရှတော့ များမှာပေါ့

'မိန်းမတစ်ယောက်ကို တစ်ခါချစ်ရင်
နံရံကို ခေါင်းနဲ့ တစ်ခါဆောင့်ပါ 'တဲ့
ငါ့ခေါင်းမှာ ချုပ်ရာကြီးနဲ့ ဆိုဖီယာ
ငါ အဲ့လောက် မအ,တော့ဘူး
ကဲ..ကြည့်စမ်းကွယ်
ငါ ဘယ်လောက် ကြေးစားဆန်တယ်ဆိုတာ.....

သိပ်တော်တဲ့ မိန်းမတစ်ယောက်ရဲ့
အသဲခွဲပရိုဂရမ်ဟာ
သိပ်တုံးတဲ့ ယောက်ျား နဲ့တွေ့လို့ ကြောင်သွားတယ် ထင်ပ..
ကဲ..ကဲ .......
 အသက်၀၀ရှူ
သတိကို အသိစိတ်မှာကပ်ထား
ယောက်ျားတစ်ယောက်ကို ဘယ်လို ကြိုးညှိရမယ်ဆိုတာ သင်ထားလိုက်...
`အချစ်က စားတယ်´လို ငါပြောခဲ့သားပဲ ဆိုဖီယာရယ် ...

CHAOS
26/9/2013

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...