Saturday 25 April 2020

#အိုရှိုး ( သို့မဟုတ် ) #ညရဲ့သခင်





အိုရှိုး ကို ဗုဒ္ဓဝါဒီ၊ မဟာယာနဂိုဏ်းသား၊ ဇင်ဘုန်းကြီး၊ ဘယ်ဝါဒီ ၊ ညာဝါဒီ စသဖြင့် ဘယ်လို တံဆိပ်ကပ်မလဲ မသိ။ နှစ်သက်ရာ တံဆိပ် ကပ်ပြီး ထားကောင်း ထားပါလိမ့်မယ်။ ဒါပေမယ့် သူဟောပြောခဲ့ရာ သဘော အများစု က ပုဂ္ဂိုလ်သတ္တဝါ ဘယ်သူမဆို ဘာတံဆိပ်မှ မကပ်မိစေဖို့ ဖြစ်ပါတယ်။ ဒီအတွေးရှိတဲ့ သူ တစ်ယောက်အတွက် သူ့ကိုရော ဘယ်တံဆိပ်နဲ့ ကပ်ပြီး ဘယ်လို နာမည် ပေး မလဲ။





မြန်မာပြည်မှာ အိုရှိုး ဆိုတဲ့ နာမည်ကို သိကြသူတွေ ရှိတယ်လို့ ဆိုပေမယ့် သိပ်အများကြီး မရှိဘူး။ ဇင်ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ဟိန္ဒူ၊ အိန္ဒိယ ဘာသာရေး၊ ဒဿန စသဖြင့် အဲ့နယ်ပယ် မှာ ကျင်လည် သူလောက်သာ အသိများကြမယ် ထင်ပါတယ်။ ဆရာပါရဂူက အိုရှိုး ရယ်လို့ တွင်တွင်ကျယ်ကျယ် မပြောခဲ့ပေမယ့် သူ့စာအုပ်တွေက အိုရှိုးရဲ့ အရိပ် စိုးမိုးထားတယ်လို့ ပြောထား ခဲ့တယ်။ ကျနော်မှာလည်း အလားတူပါပဲ ။ ဒါပေမယ့် ကျနော်က ဆရာပါရဂူရဲ့ ကြားခံ ဆက်စပ် ပေးတာကြောင့်သာ သိခဲ့ရတာ ဖြစ်ပါတယ်။



အခုနောက်ပိုင်း အိုရှိုးရဲ့ စာအုပ်တွေ တော်တော်များများ ကျနော့ဆီမှာ ရှိလာပါတယ်။ အိုရှိုး မူရင်းဘာသာ မဟုတ် တောင် အင်္ဂလိပ်လို အပြည့်အဝတော့ တိုက်ရိုက် ထိတွေ့ခွင့် ရတယ်။ အဲ့အထဲက ကြိုက်မိတာလေး ရှိခဲ့ရင် ကိုုယ်ထင်ရာ မြင်ရာနဲ့ ပေါင်းစပ်ပြီး တစ်ပုဒ်စ နှစ်ပုဒ်စ ရေးခဲ့တယ်။ အခုနောက်ပိုင်း ရေးသမျှမှာ လည်း အိုရှိုးရဲ့ စာတွေထဲက အာဘော်တွေ များပါတယ်။



တစ်နေ့က မိတ်ဆွေတစ်ယောက်က မေးတယ်။ “မင်းက အိုရှိုးလို့သာ ပြောပြောနေတာ၊ အိုရှိုးဆိုတာ ဘယ်သူလဲ” တဲ့ ။ ကျနော် ပြန်ရှင်းပြမယ့် အစား http://www.osho.com/, http://www.oshoworld.com/ တို့ကို ဝင်ကြည့်ပါ လို့ပဲ ပြောခဲ့လိုက်တယ်။ ဒါပေမယ့် ဟိုတစ်နေ့က ဆရာရဲထက်ရဲ့ အိုရှိုး စာအုပ် ထွက်လာပါတယ်။ ( ကျနော် မြင်ဖူးသလောက်မှာ – အိုရှိုးနဲ့ ပတ်သက်လို့ ဒီတစ်အုပ်က ထင်ထင်ပေါ်ပေါ် ပထမဆုံးပါ။



တကယ်လို့ ကျနော် မသိခဲ့ဘဲ အခြား ရှိရင်လည်း ပြောနိုင်ပါတယ် ) အဲ့အထဲက အိုရှိုးနဲ့ ပတ်သက်လို့ ဆရာရဲထက်ရဲ့ နိဒါန်းဟာ အိုရှိုး အတ္ထုပ္ပတ္တိကို သိလိုသူတွေ အတွက် အာသာ အနည်းငယ်တော့ ပြေလောက်မယ် ထင်ပါတယ်။



ဆရာ့စာက နည်းနည်း ရှည်နေပါတယ်။ သဘောတရားဆန်ဆန် တွေက ကြားမှာ နည်းနည်းပါနေတယ်။ အွန်လိုင်းပေါ် တင်လို့ လွယ်အောင် – ကျနော် သိမိသလောက်နဲ့ တစ်ချို့ ကို ဖြတ်တောက် ထားတယ်၊ တစ်ချို့ကို ဖြည့်စွက်ထားပါတယ်။

တကယ်လို့ အမှားအယွင်း တစ်စုံတစ်ရာ ရှိလာခဲ့ရင် ကျနော့ချို့ယွင်းချက်သာ ဖြစ်ပြီး၊ သဘောကျ နှစ်သက်နိုင်မယ် ဆိုရင်တော့ ဆရာရဲထက်ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်သာ ဖြစ်ကြောင်း လက်ခံပေး စေလိုပါတယ်။

ဇေယျ

……………………………………………………….

အိုရှိုး ( သို့မဟုတ် ) ညရဲ့ သခင်

( ၁၉၃၁ – ၁၉၉၀ )



အိုရှိုး ( Osho ) ရဲ့ စာပေလက်ရာ တွေနဲ့ ပတ်သက်လို့ နှစ်သက်သူတွေ ရှိသလို ၊ မနှစ်သက်သူ တွေလည်း ရှိတယ်။ အထူးသဖြင့် အိုရှိုးရဲ့ စကားလုံးတွေ ဟာ ပြောင်မြောက်တယ် ။ စူးရှထက်မြက်တယ်။ အိုရှိုး အကြောင်းကို လေ့လာတော့မယ် ဆိုရင် ပထမ ဦးဆုံး အရေးကြီးတာက လေ့လာမယ့်သူဟာ အလယ်အလတ်လမ်းစဉ် အတိုင်း စိတ်ထားနိုင်ဖို့။ ပျော့ပျောင်းတဲ့ သဘောထား ရှိဖို့ အဓိက လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အိုရှိုးရဲ့ ဟောပြောစကား၊ သူ့ရဲ့ ဒဿနတွေဟာ အစဉ်အလာနဲ့ လမ်းခွဲတယ်။ အနာဂတ် လူသား အသစ်ရဲ့ လွတ်လပ်မှုကို ရည်စူး ဟောပြောနေတာ တွေ ဖြစ်ပါတယ်။



အိုရှိုးဟာ သူ့ကိုုယ်သူ ဖြစ်တည်မှု ပဓာန ဝါဒီ ( Existentialist ) စစ်စစ် တစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ထားသူ ဖြစ်တယ်တဲ့။



ဒါပေမယ့် ကမ္ဘာ့ စာပေ အနုပညာ နယ်ပယ်မှာ ရှိနေတဲ့ ဖြစ်တည်မှု ဝါဒီတွေနဲ့တော့ မတူဘူး။ Existentialism ဖြစ်တည်မှု ပဓာန ဝါဒကို ရှေ့ဆောင်ခဲ့ကြတဲ့ ကဲဂီးဂတ်၊ ပြင်သစ်စာရေး ဆရာကြီး ယန်းပေါဆတ် ( Jean Paul Satre: 1905 )၊ ဆိုင်မွန် ဒီဗူးဗွား ( Simone Debauvoir: 1908 ) နဲ့ အဲလ်ဘတ်ကမူး တို့ အယူအဆတွေဟာ အိုရှိုးရဲ့ သဘောထားတွေနဲ့ ခြားနားပါတယ်။

ဥပမာ ယန်းပေါဆတ်ရဲ့ ဖြစ်တည်မှု ပဓာန ဝါဒက ဘုရားမဲ့ အယူအဆဘက်ကို တိမ်းညွတ်တယ်။ မတ်စ်ဝါဒ ကို အစားထိုးချင်တဲ့ နိုင်ငံရေး အယူအဆ တစ်မျိုး ဖြစ်တယ်လို့ ဝေဖန်ရေး ဆရာတွေက အကဲဖြတ်ပါတယ်။ အိုရှိုးရဲ့ ဖြစ်တည်မှု ပဓာန ဝါဒကတော့ ဘာသာရေး သဘောတရားတွေနဲ့ ပေါင်းစပ်ထားတဲ့ ယုံကြည်မှု နည်းလမ်း တစ်ခု ဖြစ်တယ်လို့ ပြောနိုင်တယ်။



တစ်ဖက်မှာလည်း သူ့ရဲ့ ရေးသား ဟောပြောချက် အချို့ဟာ ဖြစ်တည်မှု ပဓာန ပညာရေး ဝါဒီ မာတင်ဘူဘာ ( Martin Buber 1876-1965 ) နဲ့ ဂျော်ဂျ် ကနီးလား ( George Kneller ) တို့ရဲ့ အတွေးအခေါ်မျိုးနဲ့ သွားနီးစပ်နေတာလဲ တွေ့ရပါတယ်။ နောက်တစ်ဖက်မှာ တရုတ်ဒဿန ဆရာ လောက်ဇူ ( Lao Tzu ) ရဲ့ ဒဿနတွေလည်း သွားတူနေတာမျိုး ရှိပါသေးတယ်။

အိုရှိုးဟာ လောက်ဇူနဲ့ ပတ်သက်လို့ အတွဲ ( ၅ ) တွဲ ရေးသားခဲ့ပါတယ်။ လောက်ဇူ ဟာ တရုတ်ဒဿန နယ်ပယ်မှာ စာပိုဒ်ရေ ( ၈၁ ) ပိုဒ်သာ ပါဝင်တဲ့ အတိုဆုံး အပါးဆုံး ကျမ်းစာ တစ်အုပ်တည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။



( ဒါကလည်း အကြမ်းဖျဉ်းအားဖြင့် ပြောရတာ ဖြစ်ပါတယ်။ အကျယ်ကိုတော့ နောက်ပို့စ်များ မှ ရှင်းပါမယ် ) ဒါပေမယ့် လောက်ဇူဟာ တရုတ်ဒဿန လောကရဲ့ ကနဦး ဆရာ ဖြစ်တယ်ဆိုတာ အိုရှိုး ကောင်းကောင်း နားလည် ခဲ့ပါတယ်။ ဒါကြောင့် လောက်ဇူ ဆိုတဲ့ အဲ့ဒီ တရုတ်ပညာရှိကြီး အကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် ရေးသား ထားခဲ့တယ်။ အလားတူပဲ ဂရိတွေးခေါ်ရှင် ပလေတိုနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြည့်စုံအောင် ရေးသား ခဲ့ပြန်တယ်။





ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဒဿန ဆရာ၊ အကျော်အမော် တွေ အကြောင်း သူ ဘယ်လိုပဲ ရေးခဲ့ ရေးခဲ့၊ အိုရှိုးက အိုရှိုးပဲ ဖြစ်နေမယ် ။ သူဟာ ဘယ်သူနဲ့မှ ထပ်တူမကျတဲ့ သူ့ အယူအဆ တစ်ခုလုံးကို သူ့ကိုယ်ပိုင် အတွေ့အကြုံထဲကနေ တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ လူ့ အနွယ်သစ် တစ်ရပ်ဟာ ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို အဓိကထားပြီး သူရေးခဲ့ ဟောပြောခဲ့တယ်။ အိုရှိုးဟာ လမ်းသစ် တစ်ခု၊ ဂိုဏ်းဂဏ တစ်ခုကို တည်ထောင်သူလို့ ယုံကြည်ထားကြတယ်။ ဒီနေရာမှာ သူ့ကို ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာတော့ အထက်မှာ ပြောခဲ့သလိုပဲ လွတ်လပ်တဲ့ အမြင်နဲ့ သူ့ကို ကြည့်မြင်ရမှာ ဖြစ်ပါတယ်။





လက်တွေ့ ဖြစ်ရပ်တွေအရ အိုရှိုးဟာ ရဲရင့်တဲ့ ဒဿန ပညာရှင်တစ်ဦး ဆိုတာရယ်၊ သူ့ယုံကြည်ချက်ကို ထွန်းကားအောင် စွမ်းဆောင်နိုင်သူ တစ်ဦး ဖြစ်နေတယ် ဆိုတာရယ်ဟာ အထင်ရှားဆုံးပါပဲ။ ခေတ်သစ် တရုတ် စာပေ ပညာရှင်တွေရဲ့ အကဲဖြတ်ချက်ကတော့ အိုရှိုးဟာ ၂၀ ရာစုရဲ့ လျှို့ဝှက်ဆန်းကြယ်သူလို့ တင်စားပြောဆိုတာကို တွေ့ရတယ်။





မြန်မာပြည်မှာတော့ အိုရှိုးစာပေနဲ့ အိုရှိုး အယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဘာသာပြန် ရေးသားသူဟာ စာရေးဆရာကြီး ပါရဂူပဲ ဖြစ်ပါတယ်။ ‘စိန္တာမယ’၊ ‘ဘာဝနာမယ’၊ ‘ကလေး ပြဿနာ’၊ ‘အတ္ထကထာ’ စတဲ့ စာအုပ်တွေဟာ အိုရှိုးရဲ့ လက်ရာတွေကနေ ပြန်ဆိုထားတာ ဖြစ်ပြီး ယနေ့ ဆရာပါရဂူရဲ့ စာပေလက်ရာ ရာခိုင်နှုန်း ၅၀ ကျော်ဟာ အိုရှိုးရဲ့ ဒဿနများနဲ့ ရောနှောနေတာကို တွေ့ရပါတယ်။



Early Days



အိုရှိုးရဲ့ အမည်ရင်းက ရဂျနီရှ် ( Rajanish ) ပါ။ ဟိန္ဒူ ဘာသာမှာ ရဂျနီရှ် ရဲ့ အနက်အဓိပ္ပာယ်ဟာ ညရဲ့ သခင် ဆိုတဲ့ အဓိပ္ပာယ်ကို ရပါတယ်။ ညဟာ အမှောင်ကို ကိုယ်စားပြုတဲ့ စကားလုံး ဖြစ်ပြီး၊ အမှောင်ထဲက သခင် ဆိုတာ အမှောင်ကိုခွင်း၊ အလင်းဆောင်နိုင်တဲ့ ရှေ့ဆောင် လမ်းပြ ကို ပြောတာ ဖြစ်တယ်။



အမှောင်ဟာ မကောင်းမှုရဲ့ သင်္ကေတ တစ်ခု ဖြစ်သလို အလင်းဟာ ကောင်းမှုကို ထွန်းညှိပြတဲ့ နိမိတ်ပုံလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမှောင်ရဲ့ သခင်ကြီး ရဂျနီရှ်ဟာ အလင်းကို ပိုင်ဆိုင်သူ ဖြစ်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက် ပါတယ်။



ရဂျနီရှ် ဆိုတဲ့ အမည်ဟာ အဓိပ္ပာယ် ရှိတယ် ဆိုပေတဲ့ နိုင်ငံတကာမှာတော့ အိုရှိုး ဆိုတဲ့ အမည်ကိုသာ ပိုလူသိများတယ်။ မျက်မှောက် ကာလမှာတော့ အိုရှိုးကို သိသလို၊ အိုရှိုး ဖောင်ဒေးရှင်း ( Osho Foundation ) ကိုလည်း ကမ္ဘာအရပ်ရပ်က သိနေကြပါပြီ။ သူ့ စွမ်းဆောင်နိုင်ရည်ကြောင့် ၂၀ ရာစု အတွင်း ကမ္ဘာအရပ်ရပ်မှာ အိုရှိုးရဲ့ နောက်လိုက် ၊ ဒါမှမဟုတ် အိုရှိုးဝါဒီ အမည်ခံတွေ ပေါ်ထွန်း လာတာကို တွေ့ရတယ်။





ဒါပေမယ့် အမေရိကန် အစိုးရနဲ့ ဥရောပ အစိုးရတွေက အိုရှိုးကို သိပ်မကြိုဆိုဘူး။ အိုရှိုး ကမ္ဘာလှည့် တရားဟောဖို့ ပြည်ဝင်ခွင့် တောင်းတော့ ဥရောပ နိုင်ငံ တော်တော်များများက ပြည်ဝင်ခွင့် မပေးဘူး။ ဒါဘာကြောင့်လဲလို့ စူးစမ်းကြည့်ရင် အိုရှိုးရဲ့ အတွေးအခေါ်နဲ့ စွမ်းဆောင်နိုင်မှု အပေါ် သူတို့ သံသယ ရှိကြလို့ပဲ ဖြစ်ပါတယ်။



ဘာသာရေး ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနဲ့ ဆက်နွယ်မယ့် ပြဿနာ တွေ ဖြစ်နိုင်ပါတယ်။ နောက်ဆုံး အိုရှိုးရဲ့ ကမ္ဘာပတ် အစီအစဉ်က မအောင်မြင်ဘဲ ရှိခဲ့ရတယ်။

ဘာသာရေး သမားတွေနဲ့ အရှေ့တိုင်း ဝါဒီ အချို့က အိုရှိုးဟာ Sex လိင်ကိစ္စတွေမှာ ပေါ့ပေါ့လျော့လျော့ ရှိတယ်-တင်းကျပ်တဲ့ သဘောထား မရှိဘူးလို့ ပြင်းပြင်း ထန်ထန် ဝေဖန်ကြတာတွေ လည်း ရှိပါတယ်။ ဒါပေမယ့် အိုရှိုးရဲ့ အယူအဆတွေ ကတော့-



လှုပ်ရှားမှုထဲမှာ တည်ငြိမ်မှုကို တည်ဆောက်တယ်။

အနှောင်အဖွဲ့ထဲမှာ လွတ်လပ်မှုကို ရှာဖွေတယ်။

အတ္တဟာ ရေခဲတောင်ပြင်ကြီးနဲ့ တူမယ်။ ပြင်းပြတဲ့ ဆန္ဒတွေ ငြိမ်းသတ်ပြီး စင်စစ် ငြိမ်းချမ်းမှုဆီကို သွားမယ်။



သေခြင်းတရားကို အစောကတည်းက သဘောပေါက်နားလည် ထားရမယ်။

စသဖြင့် – ဒါတွေဟာ အိုရှိုး အတွေးအမြင်တွေထဲက ထင်ရှားတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။





အိုရှိုးကို ၁၉၃၁ ခုနှစ်က အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ၊ မက်ဒရာပါရာဒက်စ် ပြည်နယ်၊ ကုချဝါဒါ ရွာမှာ မွေးဖွားခဲ့တယ်။ Jabalpur ကောလိပ်မှာ ဒဿနိကဗေဒ အထူးပြုနဲ့ စိတ်ပညာ၊ ဘာသာတရား ကိုးကွယ်မှုဆိုင်ရာ ပညာရပ်တွေကို သင်ကြားခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ( Sagar ) သာဂရ မြို့ တက္ကသိုလ်ရဲ့ ဒဿနပညာနဲ့ မဟာသိပ္ပံ ဘွဲ့ ရွှေတံဆိပ်ဆုကို ရရှိခဲ့တယ်။ နောက်ပိုင်း Jabalpur ကောလိပ်မှာ ပါမောက္ခ တာဝန် ထမ်းဆောင်ရင်း သူ့ရဲ့ နာမည်ဟာ ( Achary Rajanish ) အာစရိယ ရာဂျနီရှ် အဖြစ် ထင်ရှားကျော်ကြား လာခဲ့တယ်။



အိုရှိုးဟာ ပါမောက္ခ တာဝန်နဲ့ အိန္ဒိယ တစ်နိုင်ငံလုံးကို လှည့်လည်သွားရောက်ခဲ့ပြီး၊ သူ့ရဲ့ ယုံကြည်မှုကို ရှာဖွေ စူးစမ်းခဲ့တယ်။ လူအမြောက်အမြား နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ အမှန်မှာ အိုရှိုးဟာ ပါမောက္ခတာဝန်ကို မထမ်းဆောင်ခင် ၁၉၅၃ ခုနှစ်၊ မတ်လ ၂၁ ရက်၊ အသက် ၂၁ နှစ်မှာပဲ တရားရခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ တရားဆိုတာက သူကိုယ်တိုင် ရှာဖွေတွေ့ခဲ့တယ် ဆိုတဲ့ တရားကို ဆိုလိုတာပါ။ အဲ့လိုနဲ့ ၁၉၆၀ ခုနှစ်မှာ ဘာသာရေး ဂိုဏ်းတစ်ခုလို ဖြစ်လာတယ်။



 အိန္ဒိယ နိုင်ငံရဲ့ နေရာတော်တော်များများ မှာ အိုရှိုး နည်းစနစ်ကို ကျင့်သုံးတဲ့ တရားစခန်းတွေ ဖွင့်လှစ်ထူထောင်ခဲ့တယ်။ ၁၉၆၆ ခုနှစ် မှာ ပါမောက္ခ ရာထူးက နှုတ်ထွက်တယ်။ သူတီထွင် ခဲ့တဲ့ တရားပြ နည်းစနစ်သစ် ( Zorba the Buddha ) ကို အဲ့ဒီ တရားစခန်းတွေမှာ ပြသပေးခဲ့တယ်။ အဲ့နည်းတွေရဲ့ အနှစ်ချုပ်က လောကီ၊ လောကုတ္တရာ နှစ်ဖြာစလုံး အတွက် ပျော်ရွှင်ချမ်းမြေ့မှု၊ ကျေနပ်နှစ်သိမ့်မှု စတဲ့ ခံစားခွင့်တွေ ရရှိလာအောင် ပျိုးထောင်ပေးတဲ့ နည်းတွေ လို့ ဆိုကြပါတယ်။





စင်စစ်က အိုရှိုးဟာ အနောက်တိုင်း သိပ္ပံပညာနဲ့ အရှေ့တိုင်း ဉာဏ်ပညာကို အချိုးညီညီ ပေါင်းစပ်ပြီး၊ အသစ်ဖြစ်တဲ့ သင်ခန်းစာတစ်ရပ်ကို ပြည့်စုံ ကြွယ်ဝအောင် ဖန်တီး ပြုစုခဲ့သူလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူ့အနွယ်သစ်ဟာ ဘယ်လို အနှောင်အဖွဲ့မှ မရှိဘဲ လွတ်လပ်နေမယ်။ ဖြူစင်တဲ့ စိတ်နဲ့ မိမိကိုယ်တွင်းမှာ မိမိ အမှန်တရားကို မိမိ ပြန်ရှာတွေ့နိုင်ဖို့ ဦးတည်ပါတယ်။ အဲ့ဒီ အကျိုးဆက် အနေနဲ့ ၁၉၇၀ အစောပိုင်း ကာလ တွေမှာ အနောက်တိုင်းသား အများအပြားဟာ အိုရှိုး နောက်လိုက်တွေ ဖြစ်လာခဲ့ကြတယ်။ အထူးသဖြင့် ပညာရှင်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ပါတယ်။



၁၉၇၀ ခုနှစ်မှာ အိုရှိုးဟာ ဘုံဘေ ( မွန်ဘိုင်း ) မြို့ကို ရောက်လာတယ်။ အဲ့ဒီမှာလည်း တရားစခန်း ဖွင့်လှစ် ဟောပြောခဲ့ပြီး ၁၉၇၀ စက်တင်ဘာလမှာ ဟိမဝန္တာတောင်တန်းက မနာလီ မြို့မှာ တရားစခန်း အသစ်တစ်ခု ဖွင့်လှစ်ခဲ့ပြန်တယ်။





အဲ့ဒီမှာ ဘာသာရေး ဂိုဏ်းကြီး တစ်ခု စတင် ထူထောင်လိုက်ကြောင်း တရားဝင် ကြေညာခဲ့ပြီး အများက သူ့ကို ( Bhagawan Rajanish ) သူတော်စင် ရာဂျနီရှ် လို့ သူတော်စင် ဘွဲ့ပေးအပ်ခဲ့တယ်။ ဒါပေမယ့် အိုရှိုး အကြိမ်ကြိမ် ပြောခဲ့တာက သူဟာ သာမာန် လူတစ်ယောက်သာ ဖြစ်တယ်။ ဒါကြောင့် အခြား သာမာန်လူအများလည်း တရားကို ရှာတွေ့နိုင်တယ်။ မိမိရဲ့ ဖြစ်တည်မှု ၊ မိမိရဲ့ ဗလာကျင်းထားတဲ့ စိတ်နဲ့ မိမိကိုယ်ကိုယ် လူသား အသစ် ဖြစ်စေရမယ်။ စသဖြင့်။



Later



၁၉၇၄ ခုနှစ်မှာ အိုရှိုးဟာ ( Maharastra ) မဟာရဋ္ဌ ပြည်နယ်၊ ပူးနားမြို့ကို ရောက်တယ်။ အဲ့မှာလည်း တရားစခန်း ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီအချိန်မှာတော့ ရာဂျာနီရှ် ( ခ ) အိုရှိုးဟာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားစ ပြုနေပြီ ဖြစ်ပါတယ်။ အလားတူပဲ သူ့ရဲ့ ဟောပြောချက်တွေက ပိုပြီး ကျယ်ပြန့် ၊ ကြွယ်ဝလာတယ်။



ဗုဒ္ဓ၊ ယေရှု၊ မိုဟာမက်၊ ခရစ်ရှနား၊ ရှီဝ၊ မဟာဝီရ၊ ရှန်ဂရီလာ၊ နာရဒ စတဲ့ ဘုရား၊ သူတော်စင်တွေ အကြောင်း၊ လူ့လောက တစ်ခုလုံးမှာ ပေါက်ဖွား စီးမျောနေတဲ့ ဒဿန အခြင်းအရာ တွေ အကြောင်း သူဟောပြောခဲ့တယ်။ အဲ့လို ဒဿနတွေကို ဟောပြောရင်းနဲ့လည်း ကျင့်စဉ်ပိုင်းဆိုင်ရာတွေကို ပို့ချပေးခဲ့သေးတယ်။ ယောဂကျင့်စဉ်၊ တန္တရ၊ တာအို၊ ဇင်၊ ဆူဖီ၊ ဟာဒီသ စတဲ့ ဂိုဏ်း ဂဏ ဝါဒ ဆိုင်ရာ ပြဿနာတွေနဲ့ သူတို့ရဲ့ နည်းစနစ်တွေ အကြောင်း အသေးစိတ် ဟောပြောခဲ့တယ်။



ဒါတွေတင် မကသေးဘူး။ သူ့ခေတ်အခါက အိန္ဒိယ နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ သူတော်စင်တွေ အကြောင်းကိုလည်း ချန်လှပ်မထားခဲ့ဘူး။ ဂုဏ်ပြု ပြောကြားတာလည်း ရှိသလို ဝေဖန်ရေး လည်း လုပ်ခဲ့ပါသေးတယ်။ ဥပမာ – မဟတ္တမဂန္ဒီ အကြောင်းကို အကောင်းဘက်က ပြောခဲ့သလို အဆိုးမြင် ဘက်က နေပြီးလည်း ထောက်ပြခဲ့တယ်။





သူ့နောက်လိုက် တပည့်အပေါင်းက အိုရှိုး ဟောကြားခဲ့တဲ့ တရားစာအုပ် အများအပြားထဲက လက်ရွေးစင် စာအုပ် ၆၀၀ ကျော် ကို ထုတ်ဝေခဲ့ပြီး ကမ္ဘာ့ဘာသာပေါင်း ၃၀ ကျော် ပြန်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အိုရှိုးက သူ့ရဲ့ ကိုယ်ပိုင်ဟောပြောပို့ချချက်တွေနဲ့ ပတ်သက်လို့ ဒီလို ပြောခဲ့ဖူးတယ်။ “ကျွန်တော် ဟောပြော နေတာဟာ ဝါဒ တစ်ခု မဟုတ်သလို ကြံစည်ရမယ့် နည်းနာ လည်း မဟုတ်ပါဘူး။ ကျွန်တော် ပေးချင်တာက လူသားတွေရဲ့လက်ရှိကနေ ပြောင်းလဲပေးမယ့် သိပ္ပံနည်းတစ်ခုပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။





၁၉၇၉ ခုနှစ် တစ်နေ့မှာ အိုရှိုး တရားဟောနေစဉ် အတွင်း လူတစ်ဦးက သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တယ်။ ဒီလုပ်ကြံမှုက အောင်မြင်မသွား ခဲ့ပေမယ့် အိုရှိုးရဲ့ ကျန်းမာရေးက ရုတ်တရက် ဆိုသလို ဆိုးရွားသွားခဲ့တယ်။ ၁၉၈၁ နောက်ပိုင်းက စပြီး ဘယ်ဟောကြားမှုမှ မလုပ်ခဲ့တော့ပဲ ဝစီပိတ် နေလာခဲ့တယ်။ ၁၉၈၁ ခုနှစ် မှာ Osho Centre ဗုံးကွဲတဲ့ သတင်းထွက်လာတယ်။



အဲ့သတင်းဆိုးဟာ ကမ္ဘာအနှံ့ပြန့်သွားပြီး ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားချက် နှစ်မျိုး ထွက်ပေါ် လာခဲ့တယ်။ ပထမ တစ်မျိုးက အိုရှိုးဂိုဏ်းကို ဆန့်ကျင်တဲ့ အစွန်းရောက် ဝါဒီ တစ်ချို့က လုပ်ကြံဖောက်ခွဲတာလို့ ဆိုတယ်။ ဒုတိယ တစ်မျိုးက ပေးဆောင်ရမယ့် အခွန်အတုတ်တွေ များလို့ ဒါကို ရှောင်ထွက်ဖို့ အတွက် အိုရှိုး ကိုယ်တိုင်က ဗုံးခွဲခိုင်းတာလို့ ဆိုတယ်။ ဘယ်သူ ဘာပဲပြောနေနေ အိုရှိုးဟာ သူ့လမ်းအတိုင်း သူ ဆက်လျောက်သွားပါတယ်။



၁၉၈၁ ၊ ဇွန်လမှာ သူ့တပည့်တွေက အိုရှိုးကို အမေရိကန် နိုင်ငံကို ခေါ်ဆောင်သွားကြတယ်။ အမေရိကန် နိုင်ငံ အိုရီဂန် ဒေသမှာ မြေဧက ၆၄၀၀၀ အကျယ်အဝန်းကို အိုရှိုးဂိုဏ်းသားတွေက ဝယ်ယူလိုက်တယ်။ အိုရှိုးမြို့ကြီး တစ်မြို့လို ထူထောင်လိုက်ကြပါတယ်။ အဲ့ဒီ မြို့မှာပဲ အိုရှိုး တရားစခန်း၊ အိုရှိုးတက္ကသိုလ်တွေ တည်ဆောက် ဖွင့်လှစ်တယ်။ စီမံကိန်းတွေ ချပြီး ဆောင်ရွက်ခဲ့ကြတယ်။ အဲ့ဆောင်ရွက်ချက် တွေထဲက ရဂျနီရှ် ပူရမ် ( Rajanish puram ) ဟာ ကြီးကျယ် ထင်ရှားတဲ့ တရားရိပ်သာ မြို့တော် ဖြစ်ပါတယ်။



 ၁၉၈၁ ခုနှစ်တည်းက ဘာမှ မပြောတော့တဲ့ အိုရှိုးဟာ ၁၉၈၄ မှာ တရားစတင် ဟောပြောလာပါတယ်။ အမေရိကန် နိုင်ငံမှာ အိုရှိုးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေနဲ့ နောက်ပိုင်း ပဋိပက္ခ ဖြစ်လာခဲ့တယ်။ အိုရှိုးရဲ့ လှုပ်ရှားမှုတွေကို ပိတ်ပင် တားမြစ်တာတွေ ဖြစ်လာတယ်။ ၁၉၈၅ မှာ အမေရိကန် အစိုးရဟာ အကြောင်းအမျိုးမျိုးပြပြီး အိုရှိုးကို စွဲချက်တင်တယ်။ နောက်ဆုံးတော့ တရားစွဲဆို ထောင်ချလိုက်တယ်လို့ သိရတယ်။ ဘယ်ရွေ့ဘယ်မျှ ၊ ဘယ်လောက်ကြာကြာ – ဆိုတာနဲ့ ပတ်သက်လို့ စာရင်းတွေထဲမှာ အသေးစိတ် မတွေ့ရပါဘူး။



အမေရိကန် အစိုးရနဲ့ အဆင်မပြေဖြစ်ခဲ့တယ် ဆိုတာလောက်ပဲ အကြမ်းဖျင်းတွေ့ရတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ နောက်ပိုင်းမှာ မသမာသူတစ်ဦးရဲ့ လက်ချက်ကြောင့် အိုရှိုးဟာ ဟေလီယမ် ဓာတုဗေဒ အဆိပ် အခတ်ခံခဲ့ရတယ်လို့ သိရတယ်။ အဲ့ဒီ အဆိပ်ဟာ တဖြည်းဖြည်းနဲ့ မျှဉ်းပြီး ဒုက္ခပေးတဲ့ အဆိပ်မျိုး ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အမိနိုင်ငံ အိန္ဒိယကို ပြန်ရောက်လာခဲ့ပြီး၊ ၁၉၈၆ မှာ ကမ္ဘာ့လှည့် တရားဟောပြောဖို့ စတင် စီစဉ်ပါတယ်။



 ဒါပေမယ့် နိုင်ငံပေါင်း ၂၁ နိုင်ငံက အိုရှိုးကို ပြည်ဝင်ခွင့် မပေးဘူး။ အဲ့ဒီ နိုင်ငံတွေမှာ ဂရိ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ အင်္ဂလန်၊ အနောက်ဂျာမနီ၊ ဟော်လန်၊ ကနေဒါ၊ ဂျမေကာ၊ စပိန် စတဲ့ ဒီမိုကရေစီ နိုင်ငံတွေ ပါဝင်ပါတယ်။ ၁၉၈၆ ၊ ဇူလိုင်လမှာ ဘုံဘေ ( မွန်ဘိုင်း ) မြို့ကို ရောက်ရှိခဲ့ပြီး၊ ၁၉၈၇ ၊ ဇန်နဝါရီလမှာ သူ့ရဲ့ ဘူမိနက်သန် ပူနား မြို့ ( Osho Commune International ) ကျောင်းကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။



၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နေ့ ပူနားမြို့ အင်တာနေရှင်နယ် စင်တာမှာ သူတရားဟောနေတုန်း သူ့တပည့်သား တစ်သောင်းကျော်က သူ့ကို အိုရှိုး ( Osho ) လို့ သောင်းသောင်းဖြဖြ ဘွဲ့ပေးကြတယ်။ အဲ့အချိန်က စပြီး အိုရှိုး ဆိုတဲ့ အမည် တိတိပပ တွင်ကျယ်သွားခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။



 အိုရှိုး လို့ ဘာကြောင့် ခေါ်ရသလဲ ဆိုတာကိုတော့ ခန့်မှန်း အနေနဲ့ပဲ သိမိပါတယ်။ အဓိက ဖြစ်နိုင်တာက ဂျပန် ဘာသာစကားက ယူတယ်လို့ ထင်ပါတယ်။ ဂျပန် ဒဿန နယ်ပယ်က အိုရှိုးရဲ့ အတွေးအမြင်ကို လေးလေးစားစား ကြိုဆိုခဲ့ကြတယ်။ သူတို့ကပဲ အိုရှိုးလို့ စတင်သမုတ်ခဲ့ပုံ ရပါတယ်။ ဂျပန် ဘာသာစကားမှာ အိုရှိုး ဆိုတာ ကျောင်းထိုင် ဆရာတော်ကြီး လို့ အဓိပ္ပာယ် ရပါတယ်။ ၁၉၈၉ နောက်ပိုင်းမှာ အိုရှိုး ဆိုတဲ့ အမည်နဲ့ပဲ ကမ္ဘာတစ်ဝှမ်း နာမည်ကျော်ကြား သွားခဲ့တယ်။



မကျန်းမမာ ဖြစ်နေတဲ့ကြားက ၁၉၈၉ ၊ ဧပြီလကနေ ၁၉၉၀ ဇန်နဝါရီ ၁၆ ရက်နေ့ အထိ နေ့စဉ်မပျက် တရား ဟောပြော နေဆဲ ဖြစ်ပါတယ်။



ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ တရား မဟောပြောတော့ဘဲ ရုတ်တရက် နှုတ်ဆက်ပြီး အိပ်ဆောင်ကို ပြန်သွားခဲ့တယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သူ့ရဲ့ ဆရာဝန်က တရားခန်းမကို ရောက်လာတယ်။ အိုရှိုး တရား မပြနိုင်တော့ကြောင်း သတင်းပို့လာပါတယ်။ တပည့် ယောဂီ အပေါင်းက ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြရတယ်။ ဇန်နဝါရီလ ၁၉ ရက် ညနေ ၅ နာရီမှာ ဆရာကြီး အိုရှိုး ကွယ်လွန်သွားခဲ့ပါတယ်။



 အိုရှိုး ကွယ်လွန်သွားတာဟာ ၂၀ ရာစု ဒဿန နယ်ပယ် အတွက် အစားထိုး မရနိုင်တဲ့ ကွက်လပ်ကြီး တစ်ခု ဖြစ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဆရာ အိုရှိုးရဲ့ စွမ်းဆောင်ချက်တွေ ထဲမှာ ကမ္ဘာသူ ကမ္ဘာသားတွေ အတွက် အတိုင်းအတာ တစ်ခုအထိ အမြင်၊ အတွေး ပေးသွားခဲ့ပါတယ်။ သူ့စကား ၊ သူ့အယူ အဆတွေက လူတစ်ယောက်ရဲ့ နှလုံးသားထဲကို ၊ ဦးနှောက်ထဲကို စူးစူးရှရှ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တယ်။

တကယ်က သူဟာ ကျေးလက်လူတန်းစား မိသားစု က မွေးဖွားလာခဲ့သူ ဖြစ်ပြီး ငယ်ရွယ်စဉ်က ဂျိမ်းဘာသာဝင် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။



သူရေးသားခဲ့တဲ့ ကျမ်းစာတွေ အနက် ထင်ရှားတဲ့ လက်ရာတွေက ဗုဒ္ဓ၊ ဥပနိသျှဒ်ကျမ်း၊ ဂီတာကျမ်း၊ မဟာဝီရကျမ်း၊ ဘဂဝါဂီတကျမ်း၊ ဟိန္ဒူ ဘာသာရေးကျမ်း၊ ကဗီရ၊ ဒါဒူ၊ ပလေတို၊ သုန္ဒရဒတ်၊ အရှ်တာဝကရ၊ မဟာဂီတ၊ နိဗ္ဗာန် စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ အိုရှိုးဟာ အားလုံးထဲမှာ ဗုဒ္ဓကို ပိုပြီး အရိုအသေ ပေးခဲ့တယ်ဆိုတာ သူရေးသား ဟောပြောချက်တွေ မှာ တွေ့နိုင်ပါတယ်။ အိုရှိုး ရေးသားခဲ့တဲ့ ထာဝရ တည်မြဲနေသော ဓမ္မတရား ( သနန္တန ဓမ္မ – အမည်ဖြင့် ဆရာပါရဂူ ပြန်လည်ရေးသားခဲ့သည်။ ) ဟာ ဘုရားဟော ဓမ္မပဒ ဂါထာတော် အများကို သူ့အယူအဆသစ် နဲ့သူ အနက် အဓိပ္ပာယ် ချဲ့ထွင် ရေးသားခဲ့တယ်။ ဓမ္မပဒ ဋီကာသစ်တစ်ရပ်လိုတောင် ဖြစ်ခဲ့ပြီး နာမည် ကျော်ကြားခဲ့တယ်လို့ ဆိုပါတယ်။



တစ်တွဲကို စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ ဓမ္မပဒ ၁၂ တွဲကို ရေးသားခဲ့တယ်။ The Book of Ego, The Book of Man, The Book of Women စတဲ့ သူ့ရဲ့ စာအုပ်တွေ မှာလည်း အံ့ဩစရာ ကောင်းတဲ့ အတွေးအခေါ်၊ စူးရှတဲ့ အရေးအသား တွေကို တွေ့ရပါလိမ့်မယ်။ သူ့စာပေတွေဟာ ရိုးရှင်းတယ်၊ ရဲရင့် ပြတ်သား တယ်။



 အမြဲ သတိရနေကြမယ့် သူ ဆိုလေ့ ရှိတဲ့ စကားက –





“ရိုးရှင်းမှုဟာ ရေနဲ့ လေလိုပဲ၊ ဖြစ်ချင်တာတွေ ဖြစ်နေပါစေ- ရှိချင်တာတွေ ရှိနေပါစေ- အဲ့ဒီ ရှိနေ ဖြစ်နေတာတွေက ထွက်ပြေးဖို့ မကြိုးစား ဖို့ပါပဲ။ ဖြစ်ရှိတဲ့ အတိုင်း သိမြင် နားလည်ပြီး နေထိုင်နိုင် ရမယ်။ ဒီလို သိမြင် လက်ခံပြီး ကျင့်ကြံ နေထိုင်သွားခြင်း အားဖြင့်သာ ပြောင်းလဲမှု ဆိုတာ သူ့အလိုလို ဖြစ်လာ ပါလိမ့်မယ်။ အဲ့ပြောင်းလဲမှုက ခင်ဗျားကို ပိုမိုမြင့်မားတဲ့ နေရာ ယူဆောင် သွားပါလိမ့်မယ်”



မူရငျး blog post



http://sharevideo1.com/v/Q0wxekd3TlVXWlk=?t=ytb&f=sy







အဓိပတိကမ်မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...