Thursday 21 January 2021

ဟစ်ပီ

စက်တင်ဘာ ၁ ရက် ၂၀၁၃ မှာ ရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)


လူဖြစ်တာကိုက ကိုယ့်ရွေးချယ်ခွင့်၊ ကိုယ့်သဘောထားနဲ့ ကိုယ့်အလိုမပါပဲဖြစ်လာရတာပဲ။ အဲ့ဒီနေရာမှာ လူဖြစ်လာရခြင်းအတွက် ဘာ မန်ဝံ့နေစရာများရှိပါသလဲ။ ဘာ ဂုဏ်မောက်နေစရာများရှိပါသလဲ။ တခါ လူဖြစ်ပြီးပြန်တော့ (ဘာသာယုံတဲ့မိဘကမွေးတာဆိုရင်)မိဘတွေ အဲ့ဒီဘာသာဖြစ်လို့ ကိုယ်လည်း ဘာငြင်းပယ်ခွင့်၊ ဘာဝေဘန်ပိုင်းခြားခွင့်မှမရှိပဲ အဲ့ဘာသာဝင်ဖြစ်ရတာပဲ။ အဲ့ဒီနေရာမှာ အဲ့ဘာသာဝင်ဖြစ်ရလို့ ဘာဂုဏ်ယူစရာ ဘာမောက်မာနေစရာများရှိပါသလဲ။ ဆိုတော့ အဲ့ဘာသာဝင်တဲ့ အဲ့မိဘတွေကမွေးလာသမို့ ကိုယ့်ဘဝဟာ အခြားလူတွေဘဝထက် ပိုမြင့်မြတ်သယောင် ပိုတန်ဖိုးရှိသယောင် တွေးထင်ယုံမှတ်မိတာထက်ပိုဆိုးတဲ့ ဦးနှောက်သင်းသတ်ခံရတဲ့အဖြစ်မျိုးတော့ ရှိမယ်မထင်။ ဘာမှန်းမှ မသိတတ်သေးရွယ်ကစပြီး အမှန်တရားလို့အသွန်သင်ခံရတဲ့ ကိုယ်ကလည်းအမှန်လို့ထင်ထားတဲ့တရားတခုခုကို ဟုတ်မှဟုတ်ရဲ့လားလို့ စတွေးမိလိုက်ချိန်ဟာ ဒါမှမဟုတ် ကိုယ်မှန်တယ်လို့ ယူထားတဲ့တရားအပေါ် သံသယစိတ်နဲ့ စချဉ်းကပ်မိလိုက်ချိန်ဟာ ”လူူဘော်ဝင်ချိန်” ဒါမှမဟုတ် ”လူ့အကြီးစချိန်” လို့ပြောရမယ်တွေးတာပဲ။ ဒီနေရာမှပဲ လူဟာ (၃)မျိုးကွဲသွားတယ်ထင်တယ်။ ပထမတမျိုးက သေသာသွားရော လူဘော်မဝင်လိုက်ဘူး လူကြီးမဖြစ်လိုက်ဘူး။ ပိုလည်း သိမ်ဖျင်းနုံ့နဲ့သွားတယ်။ နောက်တမျိုးက အဲ့သလို စသိမြင်လိုက်တဲ့ပြီးနောက် သေချာကျနလေ့လာပြီး သေသည်အထိ ယုံကြည်ကြိုးကုပ်သွားတယ်။ ပိုလည်းလေးနက်သွားတယ်။ နောက်တမျိုးက အဲ့သလို စသိမြင်ပြီးနောက် ဂဃနဏစိတ်ဖြာပြီး အဲ့တရားတွေကို အပြီးအပြတ်စွန့်လွှတ်လိုက်တယ်။ ပိုလည်း ပေါ့ပါးသွားတယ်။ ဘာပဲပြောပြော နောက် (၂)မျိုးက ပထမအမျိုးအစားနဲ့ မယှဉ်သာအောင်ကွာခြားတယ်။ ဘာသာရှိရင်ရှိမယ်။ မဲ့ရင်မဲ့မယ်။ ဒါပေမယ့် အဘိဓမ္မာမမဲ့ဘူး။ တရားမမဲ့ဘူး။ အစွန်းမရောက်ဘူး။ သူတပါးဖျားယောင်းလို့မလွယ်ဘူး။ သူ့အဘိဓမ္မာပေါ်သူ ခိုင်ခိုင်ကြည်ကြည်နဲ့ လေးနက်သူအဖြစ်နဲ့နေတယ် သေတယ်။ စိတ်တော့ သိတ်ချမ်းသာလှမယ်မထင်ဘူး။ ပထမအမျိုးကတော့ မိရိုးဖလာခေါင်းစဉ်အောက်ကနေ ရုန်းမထွက်ဘူး။ သူတပါး အဖျားယောင်းရလွယ်တယ်။ အစွန်းရောက်တတ်တယ်။ သူယုံတာကို ဘာမှန်းမသိသူအဖြစ်နဲ့နေတယ်။ သေတယ်။ စိတ်တော့ချမ်းသာမလားမပြောတတ်ဘူး။


ပင်န်ဆယ်လ်ဗေးနီးယား တောကြိုတောင်ကြားထဲက အသီးအနှံစားပြီး စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့ သဘာဝနွယ်မြက်သစ်ပင်တွေနဲ့ကုတဲ့ဆေးဆရာလုပ်နေတဲ့ ဂျာမန်နွယ်ဖွား အမေရိကန် ဟစ်ပီဟောင်းလင်မယားနေတဲ့ခြံရောက်တုန်းက သူတို့ပြောခဲ့ဖူးတာမှတ်မိနေတယ်။ ”ကမ္ဘာမြေကို ဥပဒေနဲ့ပြဌာန်းပြီးမှ ချစ်လို့ရတာမဟုတ်ဘူး”တဲ့။ ”ကောင်းကင်ဘုံ၊ ငရဲနဲ့ဘုရားသခင်သာမရှိရင် လူ့လောကခုထက်ပို နေချင့်စဖွယ်ဖြစ်မယ်”တဲ့။ ”သူ့အသက်သတ်တာမကောင်းပြောပြီး သူ့အသားစားတဲသူဟာ ကြောင်သူတော်”တဲ့။ ”စစ်ဆိုတာ ဥပဒေနဲ့လူသတ်လိုင်စင်”တဲ့။ ”စစ်ကို စစ်နဲ့ချုပ်ငြိမ်းအောင်လုပ်ရင်း စစ်တလင်းကမ္ဘာမြေပဲ နာတာရှည်လူမမာဖြစ်နေရတာ”တဲ့။ ဟစ်ပီလို့ဆိုလိုက်ရင် ”ဆံရှည်ဘုတ်သိုက် ကို့ယို့ကားယားတွေဝတ် ဂစ်တာတွေတဒေါင်ဒေါင်တီး ဆေးခြောက်တွေ ထောင်းလမောင်းထအောင်ရှူ မိန်းမယောင်္ကျားတွေတနေရာမှာစုပြီး ကိုယ်လုံးတီးတွေနေ ကာမပိုင်ရယ်လို့မရှိ လိင်ကိစ္စကြိုက်သလိုပြုမှု ဥပဒေတွေချိုးဖေါက် လူသောက်မြင်ကပ်အောင်နေ” ဆိုတဲ့ဟာမျိုးလောက်ပဲ မျက်စေ့ထဲပြေးမြင်အောင် သရုပ်အဖော်ခံခဲ့ကြရတာမဟုတ်လား။ တကယ်လည်း အဲ့သလောက်ပဲနေတဲ့ဟစ်ပီတွေ ရှိပါရဲ့။ ဒါပေမယ့် သဘာဝတရားကြီးကို လူလူချင်းကို သတ္တဝါတွေကို ချစ်မြတ်နိုးတတ်အောင် လက်တွေ့ပြသနေထိုင်ခဲ့ကြတာ၊ ဗီယက်နမ်စစ်နဲ့အတူ ကျူးကျော်စစ်မှန်သမျှကို တိတိလင်းလင်း ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတာလည်း အဲ့ဒီ ဟစ်ပီတွေပဲဆိုတာတော့ တမင့်ကိုဖျောက်ကွယ်ခဲ့ကြတယ်မဟုတ်လား။ ဟစ်ပီလို့ဆိုရင် ”လမ်းသူရဲ”တွေပါကွာလို့ထင်တတ်အောင် သင်ပေးခဲ့တဲ့ခေတ်ထဲ ကြီးပြင်းခဲ့ရပြီး ခု အသက် ၅၀ အရွယ်ရောက်တော့ ဟစ်ပီဟောင်းကြီးတွေနဲ့ အမေရိကားမှာဆုံခွင့် ပြောခွင့် ရင်းနှီးခွင့်တွေရလာတယ်။ ထိုက်သလောက်လေးအနေနီးမှ ထဲဝင်မှ ပိုလည်းရင်းရင်းချာချာဖြစ်ရသလို ခံစားမိတယ်။ သူတို့အကြောင်းလည်း နည်းနည်းချင်းသိခွင့် ရလာတယ်။ လောကကိုမဖျက်စီးသူတွေ၊ လူနဲ့သတ္တဝါတွေကို မညှဉ်းဆဲသူတွေထဲမှာ ဟစ်ပီတွေပါတယ်။ သူ့အသက်သတ်တာ မကောင်းဘူးပြောပြီး သူ့အသားကျမြိန်ရေယှက်ရှည်စားသူတွေထဲ ဟစ်ပီတွေမပါဘူး။ လောကရှိသမျှလူသားတိုင်းဟာ ကမ္ဘာမြေရဲ့ဧည့်သည်တွေပဲလို့သင်ကြားပေးတာ ဟစ်ပီတွေဖြစ်တယ်။ ကမ္ဘာမြေမှာနေကြသူချင်း အိမ်ရှင်-ဧည့်သည်အယူနဲ့ သွေးမခွဲဘူး မှိုင်းမတိုက်ဘူး။ အမျိုး ဘာသာ သာသနာအကန်းစိတ်ပိုက်ပြီး လူသတ်သူတွေထဲ ဟစ်ပီတွေမပါဘူး။ မနေ့ကပဲ ဖုန်းဆက်ပြီး ဆီးရီးယားကိစ္စနဲ့ပတ်သက်လို့ တီးခေါက်ကြည့်တော့ ”တိုက်မယ်ဆိုဆန့်ကျင်မယ်၊ အာဆတ်ကိုသတ်ရင် အာဆတ်သတ်သမားဖြစ်တာက လွဲလို့ ဆီးရီးယားငြိမ်းချမ်းရေးမရဘူး”လို့ ခတ်တိုတိုပြန်ဖြေတယ်။ သူတို့အိမ်က လက်နှိပ်ရေပန့်ခ်လေးပေါ်မှာ "LOVE MOTHER EARTH" လို့ရေးထားတယ်။လောကထဲအသစ်ရောက်လာတဲ့ ကြက်ပေါက်စလေးနဲ့ ဟစ်ပီဟောင်းမကြီးကိုတွေ့ရပါမယ်။ နောင်များ အလျဉ်းသင့်တဲ့အခါ ပြောပါဦးမယ်တွေးထားပါတယ်။


ကို Kyaw Mawက ကျနော့်ဆီလာပြီး ”မိုင်းဆက်”တွေပြင်ရမယ်ဆိုပြီး ကွန်မန့်လာရေးတော့ ဟိုအကိုကြီးတွေပြောပြောနေတဲ့ ”မိုင်းဆတ်”တွေပြင်ရမယ်ဆိုတာတောင် သွားသတိရတယ်။ စကြားကြားခြင်း ဘာမိုင်းဆတ်ပါလိမ့်။ မိုင်းဆတ်ဘက်ဘာများဖြစ်သလဲ။ နဂိုကတည်းက အဲ့ဒီဘက် ရှမ်းပြည်တလွှားမှာ ကားလမ်းတွေကကောင်းတာ မဟုတ်ဘူး။ မိုးတွင်းဆို ပိုဆိုးသေးတယ်။ စိုင်းထီးဆိုင်ကလည်း ဟမ်းငိုင်းလမ်းကြီးအကြောင်း ဆိုဖူးတယ်။ သူပုန်သူကန်ကလည်း တမှောင့်။ အရင်ကလည်း မိုင်းတုံမိုင်းဆတ်တို့ သူပုန်သိမ်းဖူးတယ်။ ခု သိမ်းများ သိမ်းပြန်ပလား။ ခုလည်း ဒီအကိုကြီးတွေက မိုင်းဆတ်ပြင်ရမယ် ပြင်ရမယ်ချည်းပြောနေတော့ မိုင်းဆတ်ဘက် ဘာတွေများ ဖြစ်ကုန်ကြပြီလဲဆိုပြီး တွေးမိသေးတယ်။ နောက်မှ တယောက်က အင်္ဂလိပ်လိုပြောတယ် Mind Set တဲ့ Mindset တဲ့။ အဲ့တော့မှ ဟာ..ကနဲဖြစ်ပြီး ကိုယ့်နဖူးကိုယ်ရိုက်မိတာတာ။ ငါ့နှယ်နော်..ဖြစ်မှဖြစ်ရပလေဆိုပြီး။


စစ်နဲ့တော်လှန်ရေး မကွဲသူဟာ ကျူးကျော်စစ်၊ ခုခံစစ်၊ တော်လှန်စစ်ဆိုတာတွေ ဘာမှန်းသိဖို့မဆိုနဲ့ ”လက်နက်ကိုင်တော်လှန်ရေးနဲ့ လက်နက်ကိုင်အင်အားစု”ဆိုတဲ့ အနက်ကိုတောင် မှန်အောင် ဖတ်နိုင်ဖို့ ဖြစ်နိုင်မယ်မထင်ပါ။ သူဟာ အားကြီးသူရဲ့ ဝါဒဖြန့်ချက်ကို မှန်/မမှန်တွေးတာထက် ”အားကြီးနေတာ မှန်လို့”ဒါမှမဟုတ် ”မှန်လို့အားကြီးနေတာ” ဒါမှမဟုတ် ”အားဆိုတာအမှန် Might is right.” ဆိုတာမျိုးတွေးတဲ့ဘက် ရောက်သွားတာလို့မြင်တယ်။ ဒီတော့ အားကြီးဖို့တွေးတယ်။ အားနည်းသူကို ဖိတာမျိုး၊ အားနည်းသူကို များများချေမှုန်းနိုင်လေ မိမိအားကြီးလေလေအဖြစ်မျိုးကို (ရမယ်ဆိုရင်) နှစ်ခြိုက်လာတယ်။ လိုချင်လာတယ်။ ဒီတင် မရှိတဲ့ ”စစ်မန်” တက်လာတယ်။ ”စစ်ဆာ” လာတယ်။ ”စစ်မှန်သမျှ မှန်တယ်”လို့ယုံလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တော်လှန်ရေးသမားလို့ထင်လာတယ်။ သေနတ်ဟာ အရာရာကိုဆုံးဖြတ်တယ်ဆိုတဲ့တရားကိုစွဲကိုင်လာတယ်။စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးအတွက် လုပ်နေပြောနေပါဝင်နေသူတွေကို ရန်သူလိုမြင်ပြီး ရမ်းကားတော့တယ်။ အဲ့ဒီလူဟာ သူယုံကြည်တဲ့အတိုင်း လုပ်နေသေးရှိနေသေး ပါဝင်နေသေးတယ်ဆိုရင်တောင် ပြောစရာသိတ်မရှိလှဘူး။ ဆန့်ကျင်ရုံ တိုက်ခိုက်ရုံပဲ။ ခက်နေတာက အဲ့ဒီသူဟာ သူယုံကြည်တဲ့ဆိုတဲ့တော်လှန်ရေးကို အစောဆုံးစွန့်ခွာ လာသူတွေထဲကတယောက်ဖြစ်ပြီး ကျည်ကွယ်မျက်ကွယ်ကနေ သူမြတ်နိုးတယ်လို့ပြောတဲ့ ပုန်ကန်သူဘဝ(သူပုန်ဘဝ)ကို သူရူးတစ်ယောက်လို ကယောင်ကတမ်းဖက်တွယ်ပြပြပြီး စစ်ဆာနေသူလို သွေးရူးသွေးတမ်းဖြစ်ပြနေတာပဲ။ ဆိုတော့ ဆန့်ကျင်တိုက်ခိုက်လောက်သူ စာရင်းထဲမဝင်ဘူး။ ဘေးမဲ့ပေးပြီး ”ပျော်သလိုနေပါစေ”လို့ ထားရမယ့်သူပဲ။

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...