Wednesday 29 April 2020

***"ဘယ်သူပြောလဲ..ကျနော်မယုံဘူး"***
CHAOS
၁။
"အထီးကျန်တဲ့!!!!..
 စကားလုံးလေး ကိုယ်တိုင်ကပဲ ငါ့ကိုမင်းဆီကနေ
ငါ့တစ်ကိုယ်တော် အတ္တဆီ ပြန်ပို့ပေးတဲ့ ခေါင်းလောင်းသံလိုပဲ။
သွားတော့..စိတ်ကူးယဉ်မှုဟာ နာမည်ကျော်သလောက် မလှည့်စားနိုင်စွမ်းပါဘူး။"
                                   #ဂျွန်ကိစ်(နိုက်တင်ဂေးလ်သို့ တမ်းချင်း..မှ)

အခန်းကျဉ်းလေးထဲမှာ စူးရှလာတာဆိုလို့ အတိတ်ထက်ရှည်လျားတဲ့ သတိရခြင်းတွေပဲ မမပါရီ။
ကောင်းကင်ပြာဆိုတာ စကြဝဠာရဲ့ အနားသတ်မျဉ်းမဟုတ်ဘူး။
သိမှုနယ်ပယ်ကို မကျော်နိုင်တဲ့ အမြင်ကန့်သတ်ချက်သက်သက်ပါ။
အချစ်ကို ကျနော်အဲ့လိုပဲပြဌာန်းခဲ့ပါတယ်။
တကယ်ပါ မမပါရီ။ခင်ဗျားဟာ ကျနော့်အတွက်တော့ စိတ်နဲ့တီးတဲ့ ဂီတ။ကျနော့်ဝိညာဉ်ရဲ့ ရစ်သမ်။တဆတ်ဆတ်တုန်ခါနေတဲ့ မှော်ဝင်ကဗျာ။

ကျနော်ကတော့ သိပ်တက်ကြွတဲ့ သူပုန်။ကျနော့်မျက်လုံးမှာ ရေခဲမြစ်။ဒါပေမယ့် တိတ်တဆိတ်ကြေကွဲတတ်တယ်။
နာကျင်မှုကို တုန့်ပြန်ရာမှာ ကာ့တ်ကိုဘိန်းနဲ့ ကျနော် အတူတူပဲ။
ရှန်ပိန်တစ်ခွက်။
အကိုက်ခဲပျောက်ဆေးပြား ၅၀။
ကျည်ဆန်တစ်တောင့်။
သေတမ်းစာမှာ ခင်ဗျားကိုချစ်တယ်လို့ အကျယ်ကြီးရေးခဲ့မှာ။
ခင်ဗျားကိုပြောရင် ယုံမှာမဟုတ်ဘူးး။

၂။
"အသံနုနုလေးများ သေဆုံးတဲ့အခါ ဂီတဟာ
အမှတ်ရစိတ်ထဲမှာ တုန်ခါလို့နေတယ်"
                                   #ရှယ်လီ(သို့.....မှ)

ခင်ဗျား အသံကို မကြားရတဲ့နေ့တွေဟာ ကိုယ်ကျိုးနည်းနေတော့တာပဲ မမပါရီ။
ခင်ဗျားက ဖုန်းမခေါ်ဘူး အသေခံပစ်တယ်။
ခင်ဗျား သွားကြားထဲက ထွက်လာတဲ့ အေးစက်စက်အသံတွေ မကြားရရင် ကျနော်က နေ့တိုင်းသေနေတယ်။
ဒါဟာ ကျနော့်ရဲ့ ခင်ဗျားရှိရာ ပျံသန်းခြင်း။
ဒါမှမဟုတ် ခင်ဗျားဆီ မရောက်မီ ပျက်ကျခြင်းပဲ မမပါရီ။
ခင်ဗျား အမှတ်တမဲ့ လှမ်းကြည့်မိတဲ့ နေရာတိုင်းဟာ ကျနော်လဲကျသေဆုံးခဲ့တဲ့ နေရာတွေပဲ။
ခင်ဗျားကို ပြောရင်ယုံမှာ မဟုတ်ဘူး..။

၃။
"ငါ့ရှေ့မှာ မင်းနာမည်ကို ထုတ်ပြောနေကြတယ်။
ငါ့နားမှာကြားရတာက သေမင်းခေါင်းလောင်းသံ"
                                            #ဘိုင်ရွန်(ခွဲခွာချိန်..မှ)

ဘယ်အချိန်ထိ အေးစက်နာကျင်နေရမှာလဲ။
ခင်ဗျား အသိအမှတ်မပြုတဲ့ နေ့တွေဆို ကျနော်ဘာမှ မကြားဘူး။
ကျနော် ဘာမှ မမြင်ရဘူး။
"သိပ်ရုပ်ပေါက်တာပဲ"တဲ့.. ခင်ဗျားက ပြန်မယ်ဆိုတာချည်းပဲ။
June လကုန်သွားတယ်..
July လကုန်သွားတယ်..
တိတ်ဆိတ်မှုဟာ အကျယ်လောင်ဆုံးပဲ..
ခင်ဗျားကို ပြောရင်ယုံမှာ မဟုတ်ဘူး..။

၄။
"လေရိုင်းတို့ ငိုနေကြတယ်။
ညကလဲ အေးစက်လို့...
လာခဲ့ပါ အိပ်စက်ခြင်းရယ်"
                                       #ဝီလျံဘလိတ်(အရူးတေး..မှ)

အမှောင်....။
ညဟာ တတိတိတောက်စားဖို့ မုဆိုးနှုတ်ခမ်းတွေနဲ့ ဓားသွေးနေကြပြီ.
စိတ်ဟာ ရှိုက်ဖွာထားတဲ့ စီးကရက်မီးပဲ။
အပူချိန်400°Cအနေအထားနဲ့ တငွေ့ငွေ့လောင်လို့...
အရင်လို ပြန်ကြားပါရစေ။..
ခင်ဗျား မကြားတော့ဘူး။
တိတ်ဆိတ်ခြင်းဟာ ကျနော့်ကို ခုတ်ချလိုက်ပြီ..
လေဟာနယ်ထဲ လွင့်ပျံနေတဲ့ အသံလှိုင်းတွေကို စိတ်အားနဲ့ ပြန်ဆွဲခေါ်နေမိတာပဲ။
ဘယ်မှာလဲ။တဖြေးဖြေး အေးစက်လာတဲ့အခါ ချစ်ခြင်းမေတ္တာဆိုတာ သောက်ကျိုးနည်း အနေအထားနဲ့..
ခုကြည့်လိုက်!!
ကျနော်တို့ စကားမပြောကြတော့ဘူး။ကျနော်တို့ ဝေးသွားကြပြီ။
ငါတို့က သိပ်နီးခဲ့လို့ ဝေးခဲ့ရတာ။
ဘယ်သူပြောလဲ??
ခင်ဗျားကိုယ်တိုင်လာပြောလဲ ကျနော်မယုံဘူး။

CHAOS
24/8/2015

***အချစ်ဆိုတာကို ငါအားရပါးရ ရယ်ပစ်လိုက်တယ်***

ချစ်ခြင်းတရား မရှိတော့တဲ့ အခါ စိတ်ဝိဥာည်ဟာ အလိုလို ခြောက်သွေ့သွားတယ်
ငါက__ ဝိဥာည်အသေနဲ့ အရာရာကို သံသယစိတ်နဲ့
မှုန်တေတေ အကြည့်တစ်စုံနဲ့
ဘောင်းဘီအိတ်ထဲမှာ WYဆေးပြားနဲ့
အတွေးထဲမှာ မိန်းမတွေကို shock ရစေမယ့် ကဗျာနဲ့
စိတ်တစ်ခုလုံး မီးတောက်တိမ်တိုက်တွေ တစ်ထွေးကြီး..
အလကားနေရင်း_ငါ့မှာ တရားနဲ့ ဖြေနေရတယ်

အို...ဘာတဲ့..
ရှင့်ကို ကျွန်မ သိပ်ချစ်တာပဲ
အို...ဘာတဲ့..
ကျွန်မက ကံကြမ္မာကို မယုံဘူး ရှင့်ကိုပဲ ယုံတယ်
အို...ဘာတဲ့..
ကတ်ကြေးတစ်လက်ရဲ့ အသွားက ကျန်တဲ့ အသွားတစ်ဖက်ကို လိုအပ်သလိုမျိုး
အို...ဘာတဲ့..

တော်စမ်း..တိတ်စမ်း..!!!
အဲ့ အသွားတစ်ဖက်ထဲနဲ့ပဲ ငါ့နှလုံးသားကို အတိအကျ ထိုးစိုက်ပစ်ခဲ့တာ
မိန်းမတွေဟာ ကြောင်နဲ့တူတယ် ဘာမှအသုံးမဝင်ပေမယ့် လူတိုင်းက ချစ်ကြတယ်
တွေ့ရာကို ကုတ်ခြစ်တတ်တဲ့ ကြောင်တစ်ကောင်ကိုမှ ငါကကြောင်တောင်တောင်နဲ့ နှလုံးသားထဲထည့်ခဲ့မိတာ

ဂျူးတွေက ဟစ်တလာကို မုန်းသလိုမျိုး
ဂျူးတွေကို ပါလက်စတိုင်းတွေက မုန်းသလိုမျိုး
ငါကလည်း မင်းကိုအတိအကျမုန်းတယ်

အလကား...ချစ်ခြင်းတရားဆိုတာ အလကားပဲ...
အချစ်ဆိုတာ ရေပေါ် အရုပ်ရေးခြင်း
အချစ်ဆိုတာ တခုတ်တရစုထားတဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရခြင်း
အချစ်ဆိုတာ ဦးဏှောက်ငယ်ကနေ အိုက်ဆိုဒင်း ဓာတ်ငွေ့ ထွက်ယုံမျှသာ
အချစ်ဆိုတာ လိင်စိတ်ကို အခြေခံထားတဲ့ သာယာနာပျော်ဖွယ် နာမ်စားတစ်ခု
အချစ်ဆိုတာ ငါ့စိတ်ဝိဥာည်တစ်ခုလုံး အေးစက်တောင့်တင်းစေတဲ့ အယူဝါဒတစ်ခုပဲ

ရှင်ပြောတော့ ကျွန်မက တစ်သံသရာလုံး လိုက်ရှာရမယ့် မှော်ဝင် ကဗျာတစ်ပုဒ်ဆို
တိတ်စမ်း!!!
မင်းဟာသိပ်ကြောက်ဖို့ကောင်းတဲ့ မိန်းမ
နှလုံးသားမှာ မြွေပွေးတစ်ကောင် ပတ်ခွေထားတဲ့မိန်းမ
ဆန့်ကျင်ဖက် သူစိမ်းတွေကို ကြည့်တဲ့ အကြည့်စူးစူးတွေဟာ မီးအချက်မပြပဲ ဆတ်ခနဲကွေ့လာတဲ့ ပြိုင်ကားတစ်စီးလို
မင်းအကြောင်းတွေ အကုန်သိလိုက်တဲ့အချိန်မှာပဲ လက်ထဲက စီးကရက်မီးပြာတောင့်လေး ကြွေသွားတယ်`ထောက်´ခနဲ

ကမ္ဘာဦးက လက်နက်တွေထုတ်သုံးမနေနဲ့တော့
မျက်ရည်တွေ သုတ်ပစ်လိုက်...
ရှင်မရှိရင် ကျွန်မက နေပူကျဲကျဲမှာ ခြေကားယား လက်ကားယားကျန်ခဲ့မယ့် ကန္တာရ ဆူးပင်ပါ...
အာ့တွေ တောမှာသွားပြော!!!...ဟား..ဟား..!!
ရှင့်ကို သိပ်ချစ်တယ်...ရေဒီယိုကလာတဲ့`မိဘပြည်သူများ ခင်ဗျား´ဆိုတာကိုပဲ မျက်လုံးလေးစင်းပြီး နားထောင်လိုက်တော့မယ်
ကိုယ့်ကိုယ်ကို ကလိထိုးပြီး အားရပါးရ ရယ်နေလိုက်တော့မယ်
ဟားဟား... ဟားဟား...ဟား..ဟား..ဟားးးးးးးး!!!!!

  CHAOS(ခေးအော့စ်)
    16/12/2014

***အရိပ်ရှည်သွယ်သွယ်လေးနဲ့ ဆေးစွဲနေတဲ့ ညများ***

ဆဲလ်ဖုန်းထဲက ငါ့သက်ပြင်းချသံ..နင့်ဖက်မှာလေတိုက်သံ အကျယ်ကြီး
ဆဲလ်ဖုန်းထဲက နင့်ရှိုက်သံ..ငါ့ဖက်မှာ တော်လဲသံ အကျယ်ကြီး
ဒါဟာ Butterfly Effect ဖြစ်မယ်..ဒါဟာ..ကစဉ့်ကလျား သီအိုရီဖြစ်မယ်..
ဒါဟာ..ငါတို့နှစ်ယောက်ဖြစ်နေတယ်..

ဆက်သွယ်မှု လှိုင်းတွေ 'တိ'ခနဲ ပြတ်ကျ....အသံတွေ လေဟာနယ်ထဲ တိုးတိတ်ဆွံ့အခဲ့..
အခန်းမီးခလုတ်ကို ပိတ်ပစ်လိုက်တယ်..ပြီးရင် နင့်ကို ချစ်တယ်လို့ အကျယ်ကြီး ငါ့စိတ်ထဲမှာ အကြိမ်ကြိမ်အော်ပစ်မယ်..
ဘုရားသခင်ကို စိန်ခေါ်နိုင်မယ့် စကားလုံးကို ဘယ်တော့မှ မမေ့အောင် ငါအော်ပစ်လိုက်သလိုမျိုး..ဒါပေမယ့်..နင်မကြားရဘူး..

ငါတို့တွေ ဘာမှ မဟုတ်သလိုမျိုး ဘာမှ မဟုတ်ဖို့..ဘာမှ မဖြစ်ခဲ့သလိုမျိုး ဘာမှ မဖြစ်ဖို့..
အကွာအဝေး မိုင်တိုင်တွေ..
အလွယ်တကူ ပျံသန်းနေတဲ့ စိတ်
တိတ်ဆိတ်နေတဲ့ သန်းခေါင်ယံ..
နာနာကျင်ကျင် လောင်ကျွမ်းနေတဲ့ မီးကျွမ်းရွက်ခြောက်လေး..
ငါဘာလုပ်ပစ်ရမလဲ အရိပ်လေးရယ်..
အခု..ငါ့ကိုယ်ငါ ပြန်မကြားရတော့ဘူးး

ကမ္ဘောဒီယား နိုင်ငံသား"ခေယူဖန်ဖန်"လို..
`အမေ သားပင်လယ်လေသွားရှူဦးမယ်´ဆိုပြီး ထွက်သွားလိုက်တာ
ကမ္ဘာကြီးထဲမှာ ဘယ်တော့မှ ပြန်မတွေ့ရသလိုမျိုး..
ငါ့မှာ အမှောင်ထုကြီးကို ထိုင်ငေးနေရ
ငါ့ကိုယ်ငါ ပြန်မမြင်ရတော့ဘူး
ငါ့ကိုယ်ငါ ပြန်မကြားရတော့ဘူး..
ငါ့ကိုယ်ငါ ကြားလို့မကောင်းတော့ဘူး..

ဒဏ်ရာထက် နက်ရှိုင်းတဲ့ ပင်လယ် မရှိနိုင်ဘူးဆိုတာ..
ငါတို့က ကိုယ်စီ အမာရွတ်တွေနဲ့..အဲ့အမာရွက်ပေါ်မှာ ဒဏ်ရာရဖို့ မသိစိတ်က ကြိုးစားနေကျ..
ဒဏ်ရာရ ငှက်ကလေးတစ်ကောင်လို တဆတ်ဆတ်တုန်ယင်လို့
ကြေကွဲခြင်းဆိုတာ ဝီစကီနဲ့ရောလိုက်ရင် အတိတ်မေ့သွားစေနိုင်တဲ့
့ Poisonတစ်မျိုးဆို ဘယ်လောက်ကောင်းမလဲ..

ငါတို့..မဝေးချင်ရင် .. ဒီထက် ပိုမနီးကျတာကောင်းပါတယ်
ချစ်ခြင်းမေတ္တာဆိုတာ ..
ကိုယ့်ဘာသာကိုယ် လိမ်ညာနေရတဲ့အခါ..
တိတ်တဆိတ် ကြေကွဲနေရတဲ့ အရာတစ်ခုပဲ..

ငါ့ရဲ့ အရိပ်ရှည်သွယ်သွယ်လေးရေ..
ငါတို့ ဘယ်တော့မှ မဝေးတော့ဘူး..ဘယ်တော့မှ မနီးခဲ့သလိုမျိုး ဘယ်တော့မှ....ဘယ်တော့မှ....

**အတူနေခဲ့စဉ်..အရင်းနှီးဆုံး အချိန်များမှာ..
နှလုံးသားချင်းနားလည်ပါသော်လည်း အချစ်မှာ..မပွင့်လင်းခဲ့ ဘာကြောင့်များ..
တိတ်တခိုးလေး စိတ်လှုပ်ရှား..ရင်ထဲက စကားများ ကြိတ်မှိတ်မျိုသိပ်ထား..**

ရုတ်တရက် မှုန်ဝါးသွားတဲ့ မြင်ကွင်းလောက်
နာကျင်စရာကောင်းတာ ငါရှာမတွေ့တော့ဘူး
တစ်ချို့အရာတွေက အရှိကို အရှိအတိုင်း ဖွင့်ချလိုက်တာထက်
ဘယ်သူမှ မသိလိုက်တာ အကောင်းဆုံးပဲလေ
ငါတို့ဟာ ဘာမှ မဟုတ်ခဲ့ကြသလို ဘာမှ မဟုတ်တော့ဘူး..
ဘာဆိုဘာမှ မဟုတ်ကြရင် သိပ်ကောင်းမယ်.အရိပ်ကလေး

**အကြင်နာ စကားတွေ အမြဲတမ်းပဲ အိပ်မက်မှာ..တရေးနိုးတဲ့ ညတွေဆို ပြန်အိပ်မရပါ..
သူရောပဲ ကိုယ့်လိုများ..ယောင်ယမ်းတမ်းတနေမလား..
ကိုယ်တွေးရင်း တွေးရင်း ဝမ်းနည်းနေသလိုပါ...**

အရက်အကြောင်းကို အရက်သမားက ပို သိသလို..
ပင်လယ်အကြောင်းကို ပင်လယ်ဓားပြက ပို သိသလို
ချစ်ခြင်းတရားကို ငါတို့ ဒဏ်ရာတွေက ကိုယ်စီသိနေကျတယ်

သစ်ရွက်ကြွေ အလွမ်း..ကြေကွဲမှုတွေ ကမ်းလုံးပြည့်နေတဲ့ မြစ်..
မီးလောင်နေတဲ့ မျက်ရည်စ..
အားလုံးဟာ နှလုံးသားကိုမှ တတိတိလှီးဖြတ်နေတဲ့ ရှုမျှော်ခင်း..
ဘုရားရေ..ငါတို့ဟာ ဆေးသားပျက်နေတဲ့ ဖလင်ကွက်တွေ...
အချစ်မှာ နှလုံးသားက မသွေးပဲနဲ့ မီးထ,ထပွင့်တယ်

##ကောင်းကင်ကို ကိုယ်မကြည့်ရဲတော့ဘူး
လရောင်ဟာ သူမနှာတံလေးလို စင်းလို့..
ကိုယ့်အိမ်အပြန်လမ်းပေါ် ဖြာကျလာတဲ့ ညတွေမှာ
ကိုယ်ဟာ..
ကိုယ့်လမ်းမကိုပဲ ပြန်မှောက်ထားခဲ့မိတယ်##

တိမ်သားအကျိုးအကြေထဲက နာနာကျင်ကျင် ပဲ့ထွက်လာတဲ့ အရိပ်ရှည်သွယ်သွယ်လေး
လှမ်းကြည့်လို့ မမြင်နိုင်တဲ့ အကွာအဝေးကနေ ချိန်သားကိုက် အမှတ်အသား
"ငါ နင့်ဖုန်းကို စောင့်နေတယ်နော်"..တဲ့
ဝမ်းနည်းနာကျင်မှုဟာ ငါ့ကို လက်ပြန်ကြိုးတုပ်ပစ်လိုက်တယ်
ငါ့ကို ရည်ရွယ်သော ထိခိုက်ရှနာ
ငါတို့ ဘယ်သူမှ မကြားနိုင်တဲ့ အော်သံတွေ ကိုယ်စီနဲ့
ငါတို့ဟာ..တစ်ယောက်ကို တစ်ယောက် မတွေ့ရရင်
ဘယ်သူ့ကိုမှ ကြည့်လို့မရတဲ့ စိတ်တွေနဲ့...
ငါဟာ နင့်စိတ်အတိုင်း စီးဆင်းလို့..
နင်ဟာ ငါ့စိတ်အတိုင်းစီးဆင်းလို့..ငါတို့ဟာ မျဉ်းကွေးတစ်ခု ဆွဲပစ်လိုက်တယ်
ငါတို့ရဲ့ ဆေးစွဲနေတဲ့ ညတွေမှာ.....

CHAOS

** ထူးအိမ်သင် သီချင်း
##အေဇင်လတ်၏ စာသား

***မမ,ကျနော်နှင့် ကြက်ခြေခတ်လေးများ**

မမ...မမ..
..မမ...မမရေ...
စိတ်ဝိညာဉ်အတွင်းသားထဲအထိ ပဲ့တင်ထပ်သွားအောင်
ကျနော့်ကို အကျယ်ကြီးအော် ခေါ်ခွင့်ပြုပါ မမရယ်
`လှေကားထစ်တွေ မလိုပဲ မိန်းမတစ်ယောက် အကူအညီနဲ့
ကြိုးစင်ပေါ်ကို တက်နိုင်တယ်´တဲ့
မိန်းမ တစ်ယောက်ကို ချစ်မိတဲ့အခါ
အချစ်ဆိုတာ Mercy Killingပဲ
လူငယ်တစ်ယောက်ရဲ့ ရူးသိပ်မှုပြင်အား,စိတ္တဇ အမှောင်,အဝါရောင် ကိုက်ခဲ့မှုတွေကြား
ကျနော်တစ်ယောက်ထဲ ကြင်နာစွာ သတ်သေနေရသလိုမျိုး
ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့ ပြန်ပြန်သပ်နေရတယ်

ကွေးညွှတ်နေတဲ့ သက်တန့်ကိုင်းလေးဆီ
မမနာမည်စာသုံးလုံးကို ပန်းလိုသီပြီး စိတ်ကူးအကြီးကြီးယဉ်နေတတ်တဲ့ ကောင်ဟာ ကျနော်ပါ မမရယ်. . .
မမနဲ့ရင်းနှီးခွင့်ရခဲ့တာကလည်း
အသစ်ပြန်မရနိုင်တော့တဲ့ ကိုယ့်ငယ်ဘဝကို တစ်ကပြန်စခွင့်ရသလိုမျိုး
မမဟာ ကျနော့်တစ်ကိုယ်စာ စိုရုံရွာတဲ့ ပေါက္ခရဝဿမိုးပဲ

အခါလွန်မိုးတွေဟာ အငြိုးနဲ့ ရွာတတ်တယ်တဲ့မမရယ်
မမ အမြဲစိမ်းတောလေးရဲ့ ကျောဘက်မှာ
ကျနော့်မိုးခေါင်ရေရှား ရပ်ဝန်းလေးရှိပါတယ်
မမရယ်...
ချစ်ခြင်းတရားမှာ ကျနော်ကိုယ်တိုင် လေပွေတစ်ခုဖြစ်သွားပြီး
ကျနော်ကိုယ်တိုင် တိုက်ခတ်မျောပါ သွားခဲ့ရတယ်
 မမခံယူထားတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာ...
 မျက်လှည့်ဆရာ လက်ထဲက မှော်သေတ္တာ....
ဟုမ်းရဲ့ ငါသာရှိ ဝါဒ....
ဟိုင်ဇင်ဘတ်ရဲ့ မရေမရာ ဓမ္မတရား...
ဘုရားသခင်ဟာ မမမှတ်ယူထားတဲ့ ချစ်ခြင်းအတွက် ကြွေအံ ကစားခဲ့ရမယ် ထင်ပါရဲ့
ကျနော့်မှာ ရင်ဘတ်လေးဖိပြီး ဆုတောင်းနေရတယ်...

     မမနှုတ်ခမ်းက တချို့လမ်းတွေလို
အကွေ့အကောက်အရမ်းများတာပဲ
ဗလာမှန်းသိရဲ့နဲ့ဖောက်ကြည့်ချင်သေးတဲ့
ကံစမ်းမဲတစ်စောင်လို
ကျနော်က မမအနမ်းနဲ့မှ ကျွတ်တန်းဝင်မယ့်ကောင်
မမ မရှိတဲ့ညတွေဆို အရမ်းမှောင်တာ သိလား
ကျနော့်မှာ တခုခုဆို မမပါးပေါ်က သနပ်ခါးလေးကို
ပြစ်မှားနေမိတာ. . .
မပြောဖြစ်တဲ့စကားတွေဟာ သိပ်ခါးတာပဲ မမရာ

မမနဲ့ကျနော့်မှာ ဟိုးတုန်းကလို့
ပြန်ပြောစရာ အတိတ်လည်း
သိပ်များများစားစားမရှိဘူး
တချို့အိပ်ယာဝင်ပုံပြင်တွေရဲ့ခေါင်းစဉ်မှာ
မမမျက်တောင် အဖွင့်အပိတ်လေးဘယ်နားကျန်နေခဲ့သလဲ
ကျနော့်အတွက် အနာဂတ်ဆိုတာ
မမရှိနေတဲ့ ပစ္စုပ္ပန်ဖြစ်ပြီး
မမအတွက် ပစ္စုပ္ပန်ဆိုတာ
ကျနော်ရှိနေမယ့် အနာဂတ်ဖြစ်ခဲ့ရင်
ဘယ်လောက်ကောင်းမလဲဆိုတဲ့အတွေးနဲ့
နံရံမှာ မမစကားသံတွေကိုပဲ
အထပ်ထပ်အခါခါ ရေးဆွဲပစ်ခဲ့

အချစ်ခံရတာနဲ့ ချစ်နေရတာ
ဘာကွာသလဲမေးတော့ မမက ရီတယ်
ဘယ်အရာမှမကောင်းဘူး
အဲဒီနှစ်ခုလုံး ဝဋ်ကြွေးပဲလို့မမကဖြေတော့ ကျနော်ရီဖြစ်တယ်
ချစ်တယ် မမရယ်
တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုထဲကလို ချစ်တယ်
ပစ်မှတ်ရှိရာကလွဲပြီး ဘယ်ကိုမှသွေဖီမသွားတဲ့
မြားတစ်စင်းရဲ့ တည်ကြည်ခြင်းမျိုးနဲ့ ချစ်တယ်
အမှောင်ထဲကသူစိမ်းတစ်ယောက်
အလင်းရောင်သူ့ဆီရောက်လာမှာကို မျှော်မက်သလိုမျိုး
မြတ်မြတ်နိုးနိုး ချစ်ပါတယ်ကွယ်

**မိန်းမတွေရဲ့အချစ်ဟာ မကောင်းဆိုးဝါးရဲ့ ပိုက်ကွန်ပဲ**
#ဆားဘီးယန်း စကားပုံ

ကျနော်က မကောင်းဆိုးဝါး ပိုက်ကွန်ကို ဝင်တိုးနေတဲ့ ငါး
အချစ်မှာ ပျော်ဝင်မိတဲ့ စိတ္တဇ ..
စေတသိတ်တစ်ခုလုံး တောက်လောင်စေတဲ့ အဝါရောင်
မမရယ်...
မမလက်သန်းလေး ချိတ်ခွင့်မရှိတော့တဲ့အခါ
ကျနော့်မှာ ရင်ဘတ်ဟင်းလင်းနဲ့
အထီးကျန်ခြင်းဟာ အာရုံတစ်လျောက် တောမီးလို လောင်လို့...
အချစ်ဆိုတာ....
အတိတ်ကစိတ်ဒဏ်ရာတွေထဲ ပြန်,ပြန်ခေါ်တတ်တဲ့ ရောဂါပဲ
ထားလိုက်ပါတော့မမရယ်..
ချစ်ခြင်းမေတ္တာဆိုတာ သိပ်စစ်မှန်တဲ့အခါ ထိရှကွဲကြေရတာ ထုံးစံပဲ မဟုတ်လား

`ကခုန်နေတဲ့ ကြယ်လေးတစ်စင်းမွေးဖွားဖို့အတွက် ခင်ဗျားရင်ထဲမှာ မုန်တိုင်းထန်နေဖို့ လိုတယ်´တဲ့
ဟုတ်တယ် မမရယ်..
မမက ကခုန်နေတဲ့ ကြယ်တစ်စင်း...
ကျနော်က ကောင်းကင်အသေ...
လူနှစ်ယောက် ဦးတည်ရာ မတူတဲ့အခါ ကြက်ခြေခတ်တဲ့ နေရာမှာပဲ ဆုံခဲ့ကြရတယ်ပေါ့...
ဘာတွေပဲဖြစ်ဖြစ် ...
မမဟာ ကျနော့်တစ်ကိုယ်စာ သိပ်လှတဲ့ ကြက်ခြေခတ်လေး
မှားတယ်ပဲပြောပြော မမဟာ သိပ်မှန်တဲ့ ကျနော့်ချစ်ခြင်းမေတ္တာ
အရာရာကို ကံကြမ္မာအပေါ်ပဲ ပုံချလိုက်တယ်
အဲ့လိုနဲ့ပဲ..ကြေကွဲခွင့် သက်တမ်းတိုးပါရစေတော့...မမရယ်..

ရိုးသားစွာ ချစ်ခဲ့ခြင်းဟာ ဝမ်းနည်းသိမ်ငယ်စွာ ကျန်ရစ်ခဲ့ရခြင်းပဲလေ
သာမန်လူငယ်တစ်ယောက်ဆိုတော့လည်း
ပြဿနာက နည်းနည်း အလွမ်းကများများ...
ချစ်ခြင်းတရားကို ကျနော် မယုံကြည်တော့ရင်တောင်
မမကိုတော့ ကျနော် ယုံကြည်နေဦးမယ်..


  • အရှိကို အရှိအတိုင်း ..အတည့်ကို vအတည့်အတိုင်း ရှိပါစေတော့

လက်ထဲက စက္ကူလေယာဉ်ပျံလေးလဲ လွှတ်ချလိုက်ပြီ
သွားလိုရာသွားပါစေတော့..မမရယ်

CHAOS &KHY SOE

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...