Sunday 12 December 2021

 မနေ့က ပခုက္ကူအလယ်တိုက် ဆရာတော်တစ်ပါးအား ခြိမ်းခြောက်သည့် စာတစ်စောင်တွေ့လိုက်သည်။


ထိုစာကို ဖတ်ရင်း စိတ်ကို ဖတ်ကြည့်သည်။ ထိုမှ လာရာ လားရာကိုလည်း မျှော်ကြည့်မိသည်။


ပြောဆိုသည့် လေသံကို ကြည့်လျှင် အလယ်တိုက် သုဝဏ္ဏဝတီဆရာတော် ဦးသောဘနဟု ယူဆရသည်။


ဆရာတော်က ပခုက္ကူတိပိဋကဆရာတော်ဘုရား၏ တပည့်ရင်းပင်။ အပြောအဆို ရဲရင့်၏။ စာပေကျွမ်းကျင်တော်မူ၏။ အသံဩဇာကောင်းလှသည်။ တရားဟောကောင်း၏။ ဓမ္မကထိကလိုင်းဖက်လိုက်လျှင် ကျော်ကြားမည့် ဟောပြောဟန် အသံဩဇာပင်။ 


ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိသည့် ဆရာတော်ဖြစ်သည်။ ဆရာတော်ထံတော့ စာဝါမလိုက်ခဲ့ဖူးပေ။ သို့သော် လိုက်ဖူးသည့် သူငယ်ချင်းများ ပြောပြသည်ကတော့ စာချကောင်းလှသည်ဟူ၏။ မိမိပို့ချသည့် ဘာသာရပ်၌ ကျွမ်းကျင်လှပါသည်တဲ့။


ထိုသို့သော် ဆရာတော်မျိုးသည့် လူတို့၏ အဟောက် အငေါက်ကို ခံမည့် ဆရာတော်မျိုး မဟုတ်ကုန်။


သတ်လျှင်လည်း ရဲဝံ့စွာအသေခံသွားမည့် ဆရာတော်ဟု ခန့်မှန်းရသည်။ မိမိတို့ ရှိနေစဉ် သုဝဏ္ဏဝတီသည် သံဃာများစွာ။ သို့သော် နောက်ပိုင်း တစ်ခေါက်ပြန်ရောက်သွားတော့ သံဃာအတော်နည်းသွားသည်။ ဆရာတော်လည်း ကျန်းမာရေး ချို့ယွင်းလျက် ဒေါသလည်း ကြီးလာသည်ဟူ၏။ မကျန်းမမာလျှင် ဒေါသအလိုလို ကြီးလာတတ်သည်။ စာသင်သား အချို့ ဆရာတော့်ဒဏ်မခံနိုင်၍ ပြေးကြသည်ကများသည်ဟူ၏။ 


ကားမှန်မချသဖြင့် စာပေကျွမ်ကျင်တော်မူသည့် ဆရာတော်ကြီးတစ်ပါး အသက်အန္တရာယ် အခြိမ်းခြောက်ခံရမှု။ 


မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည်။ တကယ် အံ့ဩဖွယ်ပင်။


အဘယ်သို့သော် စိတ်ဓာတ်တို့သည် ရဟန်းသံဃာကိုပင် အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ဖြစ်စေခဲ့သနည်း။


ပြေလည်အောင် ဆက်ဆံ၍ ရနိုင်သည့် နည်းလမ်းတို့ ကုန်ဆုံးခဲ့ပြီလော?


လက်နက်ရှိလျှင် သတ်၍ ရသည် စကားနားမထောင်လျှင် သတ်၍ရသည် ဟူသော အယူဝါဒတို့ လွှမ်းမိုးခဲ့ပါပြီလော?


အတော်စိတ်မကောင်းစဖွယ်ဖြစ်စဉ်များပင်။ 


အဓမ္မကို တော်လှန်နေပါသည် ဟူသော ဓမ္မဖက်တော်သားအမည်ခံယူထားသူတို့၏ ရဟန်းသံဃာတို့အပေါ် ခြိမ်းခြောက်မှု သတ်ဖြတ်မှုတို့ မမြင်ရ မကြားရလျှင် ကောင်းပါလေစွ။


ဆရာတော် ဘေးအန္တရာယ်ကင်းပါစေဘုရား။


ကျန်းမာစွာဖြင့် ခန္ဓာဝန် သာသနာ့ဝန် ဆက်လက်ဆောင်ရွက်နိုင်ပါစေဘုရား။


 https://www.facebook.com/100042225284090/posts/617417139675790/

No comments:

Post a Comment

 လွမ်းသလို ဆွေးသလိုပါပဲ  ဒါသည်လည်း ပုံမှန်ပါပဲ