Wednesday 31 July 2019

လီယွန် ထရော့စကီး
ရုရှနိုင်ငံ အောက်တိုဘာတော်လှန်ရေးတွင် တော်လှန်ရခေါင်းဆောင်ကြီးလီနင်နှင့်အတူ ဆောင်ရွက်ခဲ့ပြီးနောက် စတာလင်နှင့် အတိုက်အခံဖြစ်၍၊ ရုရှနိုင်ငံမှ ပြည်နှင်ခြင်းကို ခံခဲ့ရသူမှာ လီယွန်တရော့စကီဖြစ်လေသည်။ ထရော့စကီး၏ နာမည်ရင်းမှာ လျက်ဒဗျီးဒဗျစ် ဗရမ်းရှတိုင်ဖြစ်၏။
သူ့ကို ခရစ် ၁၈၇၉ ခုနှစ်တွင် ယူကရိန်းပြည်နယ်၊ ယနဗကာမြို့၌ မွေးဖွားသည်။ ငယ်စဉ်က အိုဒက်ဆာတက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ ခရစ် ၁၈၉၈ ခုနှစ်တွင် တော်လှန်ရေးနှင့် စပ်လျဉ်းသော ဆောင်ရွက်ချက်တို့ကြောင့် ဇာဘုရင်အစိုးရက ဖမ်းဆီးထားပြီးနောက်၊ ၁၉ဝဝ ပြ့်နှစ်တွင် ဆိုက်ဗီးရီးယားသို့ ပို့လေသည်။ သို့ရာတွင် လီယွန် ထရော့စကီးဟူသော အမည်ဖြင့် ဆိုက်ဗီးရီးယားမှ ခိုး၍ ထွက်လာပြီးလျှင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်၍၊ လီနင်နှင့်ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းတို့ကို အတူတကွ လုပ်လေသည်။ ၁၉ဝ၃ ခုနှစ် တွင် ရုရှနိုင်ငံပြင်ပမှနေ၍၊ ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီညီလာခံကို ကျင်းပပေးခဲ့၏။
၁၉ဝ၅ ခုနှစ်တွင် ရုရှသို့ပြန်လာရာ၊ အဖမ်းခံရပြီးနောက်၊ ဆိုက်ဗီးရီးယားသို့ပင် တစ်ဖန် အပို့ခံရပြန် လေသည်။ သို့သော် ဆိုက်ဗီးရီးယားမှ ထွက်ပြေးပြန်၍ ၁၉ဝ၇ မှသည် ၁၉၁၄ ခုနှစ်အထိ ဗီယင်နားမြို့တွင် နေထိုင်ပြီးလျှင် ဗော်လရှီဗစ်နှင့် မင်ရှီဗစ် ဝါဒနှစ်ခုတို့၏အကြားဖြစ်သော အလယ်အလတ် ဝါဒကို အများသိအောင် ဖြန့်ချိလျက်ရှိလေသည်။
၁၉၁၄-၁၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံနှင့် စပိန်နိုင်ငံတို့တွင် လှည့်လည်နေထိုင်ရာ၊ ထိုနိုင်ငံတို့က ပြည်နှင်ဒဏ်ပေးသဖြင့် အမေရိကန်နိုင်ငံသို့ လာရောက်နေထိုင်ရလေသည်။ ၁၉၁၇ ခုနှစ်တွင်ကား အောက်တိုဘာလ ရုရှတော်လှန်ရေးကြီးသည် အောင်မြင်ခဲ့ပြီဖြစ်၍၊ ထရော့စကီးသည် လီနင်နှင့်အတူ အာဏာသိမ်းပိုက်ရေး၌ ဆောင်ရွက်ခဲ့ရာ၊ ဆိုဗီယက်ရုရှနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလေသည်။ သို့ရာတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ဖြင့် ဂျာမနီနှင့်စေ့စပ်သောကိစ္စ၌ လီနင်၏အကြံပေးချက်ကို မနာယူဘဲ တင်းမာခဲ့သောကြောင့် စေ့စပ်ရေး၌ အရေးရှုံးနိမ့်ရပြီးလျှင် နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်ပေးခဲ့ရလေသည်။
ထိုနောက်၌မူကား စစ်ဝန်ကြီးရာထူးကိုယူ၍ ရုရှတပ်နီတော်ကြီး၏ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ခဲ့လေသည်။ ဤသို့ဆောင်ရွက်ရာ၌ တော်လှန်ရေးကို သွေဖည်သောသူတို့အား နိုင်နင်းစွာ နှိပ်ကွပ်ခဲ့လေသည်။ သို့သော် ဝါဒအားဖြင့်ကား ထရော့စကီးသည် လီနင်နှင့် သဘောကွဲလွဲခဲ့၏။ အထူးသဖြင့်ကား လီနင်အနီးတွင်ရှိသော စတာလင်နှင့် သဘောကွဲခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် စတာလင် အာဏာရသောအခါ ထရော့စကီးသည် ဝန်ကြီးများအဖွဲ့မှ ပြုတ်ကျလေသည်။
၁၉၂၇ ခုနှစ်၌ ထရော့စကီးသည် ဆိုဗီယက်တာကီစတန်ပြည်နယ်သို့ နယ်နှင်ခံရလေသည်။ သို့သော် ထိုနယ်နှင်ခံနေရသည့်အတွင်း ထရော့စကီးသည် စတာလင်နှင့် ဆန့်ကျင်သောလုပ်ငန်းတို့ကို လုပ်မြဲလုပ်နေသဖြင့် ၁၉၂၉ ခုနှစ်တွင် ရုရှနိုင်ငံမှ လုံးဝနှင်ထုတ်ခြင်းကို ခံရပြန်သည်။ ထိုကာလမှစ၍ ကွန်စတန်တီနိုပယ်မြို့နှင့် နော်ဝေးနိုင်ငံရှိ မြို့များသို့ လှည့်လည်နေထိုင်ခဲ့ပြီးလျှင်၊ ၁၉၃၇ ခုနှစ်တွင် မက္ကဆီကိုမြို့တော်၌ အခြေစိုက်ခဲ့သည်။
၁၉၄ဝ ပြည့်နှစ် ဩဂုတ်လတွင် ဗဲလဂျီယန်လူမျိုးတစ်ဦးက ချောင်းမြောင်း၍ တူနှင့်ထုကာ သတ်ဖြတ်ခြင်းခံရသဖြင့် ကွယ်လွန်လေသည်။[၁]

ကိုးကားပြင်ဆင်

  1.  မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...