Tuesday, 16 September 2025

 အိုရှိုးရဲ့ ဖြုတ်ချက်


+++++


ဥပမာအားဖြင့် ယေရှုကို အပျိုစင်ကနေမွေးတယ်လို့ဆိုကြတယ်။ အဲဒါဟာ လူသားထုတရပ်လုံးကို စိတ်ပျက်အားလျော့မှု ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းကတော့အပြစ်တွေနဲ့အတူမွေးလာတယ်၊ ယေရှုတယောက်ဘဲ အပြစ်တွေမပါဘဲ မွေးလာတယ်ဆိုတဲ့သဘောမျိုး သက်ရောက်သွားစေလို့ပါပဲ။ သူတယောက်ထဲကသာ ဘုရားသခင်ရွေးချယ်တဲ့ချစ်မြတ်နိုးရာ တဦးတည်းသောသားတော်ဖြစ်တယ်ဆိုရင် မင်းကရောဘယ်သူတုန်း။ မင်းကသူ့ရဲ့တဝမ်းကွဲတောင်ဟုတ်မနေဘူးပေါ့။ 


သားတဦးတည်းပဲရှိရလောက်အောင်အထိ ဘုရားသခင်ကဘာကြောင့်စေးနှဲခဲ့ရတာလဲ။ သူက သားဆက်ခြားထိန်းချုပ်ရေး ကို ထောက်ခံတဲ့သူလား။ ခရစ်ယာန်တွေကအဲဒါကို ဆန့်ကျင်ကြတယ်နော်။ အနည်းဆုံး သမီးတယောက်ကတော့ရှိခဲ့သင့် တာပေါ့။ ဒါပေမယ့်အမျိုးသမီးထုကိုမျက်နှာသာမပေးချင်တာကြောင့် ဘုရားသခင်မှာ သမီးတော်တယောက်မရှိနိုင်ခဲ့ဘူး။ သူ့မှာဇနီးမယားတောင်မရှိခဲ့ဘူး။ ဒါပေမယ့်သားတယောက်ကတော့ရှိခဲ့တယ်။ သူ့သားကရေပေါ်မှာလမ်းလျှောက်တယ်။ မင်း ကတော့အဲဒါမျိုးမလုပ်နိုင်ဘူး။ သူက သေပြီးသားလူတွေကိုပြန်ရှင်စေနိုင်တယ်။ မင်းကတော့ အဲသလိုမလုပ်နိုင်ဘူး။ သူ ကားစင်တင်ပြီးအဆုံးစီရင်ခံရတယ်။ ပြီးတော့ရှင်ပြန်ထမြောက်လာခဲ့တယ်။ မင်းကတော့ ဒါမျိုးမလုပ်နိုင်ဘူး။ 


သဘာဝအားဖြင့် လူသားနဲ့ဘုရားအကြားက အကွာအဟကြီးက ကြီးမားလွန်းနေခဲ့တယ်။ မင်းကတော့သာမန်လူသား တယောက်ပဲ။ သူကတော့ဘုရားလေ။ မင်းအများဆုံးလုပ်နိုင်တာက သူ့ကိုဝတ်ပြုဆုတောင်းဖို့ပဲ။ သူဟာလူသားထုကြီးတရပ် လုံးကို ကြီးကြီးမားမားစော်ကားလိုက်တာပါပဲ။ ဒါပေမယ့်အဲဒီထူးဆန်းအံ့ချီးဖွယ်ရာတွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေပါ။ ဒါမျိုးဘယ်သူမှ ဘယ်တုန်းကမှမလုပ်နိုင်ခဲ့ပါဘူး။ အဲဒါတွေကိုဖန်တီးထားရတာက မင်းနဲ့ ယေရှုအကြားမှာ အကွာအဟတခု ဖန်တီးဖို့သက်သက်လုပ်ထားတာပါပဲ။ သူတို့ရဲ့နောက်လိုက်တွေက လွန်လွန်ကဲကဲလုပ်ထားခဲ့ကြတာပါ။ 


မိုဟာမက်သေဆုံးသွားတယ်။ ဒါပေမယ့် သာမန်လူသားတယောက်လို သေဆုံးခဲ့တာမဟုတ်ဘူး။ တကယ်တန်းမှာတော့ သူဟာလူသားတယောက်သေဆုံးတဲ့နည်းမျိုးနဲ့ သေဆုံးခဲ့တာမဟုတ်ဘူး။ သူဟာကောင်းကင်ဘုံကို အသက်ရှင်လျက်နဲ့ ရောက်သွားခဲ့တာဖြစ်တယ်။ သူတယောက်ထဲတင်မဟုတ်ပါဘူး။ သူကသူ့မြင်းကိုပါစီးသွားလိုက်သေးတယ်။ ဆိုတော့ မြင်းကလည်းပဲကောင်းကင်ဘုံကို တိုက်ရိုက်ရောက်သွားတာပေါ့။ အဲဒါကရိုးရိုးမြင်းမဟုတ်ဘူးလေ။ ဟာဇရက်မိုဟာမက်ရဲ့ မြင်းလေ။ မင်းအနေနဲ့ သူတို့နဲ့အတူတူဘောင်မဝင်နိုင်ဘူးပေါ့။ 


မဟာဝီရက ဘယ်တော့မှချွေးမထွက်ဘူးတဲ့။ အိန္ဒိယရဲ့ပူပြင်းတဲ့နွေရာသီမှာတောင်မှတဲ့လေ။ အထူးသဖြင့် ဘီဟာရဲ့ ဖုန်ထူ တဲ့လမ်းမတွေပေါ်မှာပေါ့။ သူကကိုယ်တုံးလုံးကြီးနဲ့ လေးဆယ့်နှစ်နှစ်လျှောက်သွားနေခဲ့တယ်။ အဲဒါတောင်မှ ချွေးမထွက်ဘူး တဲ့။ သူ့ကိုယ်ခန္ဓာကအရေပြားနဲ့ဖုံးအုပ်ထားတာမဟုတ်ဘဲ ပလတ်စတစ်နဲ့ဖုံးအုပ်ထားတာဆိုရင်တော့ ဖြစ်နိုင်မှာပေါ့။ အရေပြားကတော့ ချွေးထွက်တယ်။ ပြီးတော့အဲဒါကလည်း လူ့ရှင်သန်ရေးအတွက်အရေးကြီးတဲ့ဖြစ်စဉ်တခုပဲ။ မဟုတ်ရင် မင်းသေသွားမှာပေါ့။ 


ချွေးထွက်တယ်ဆိုတာ အကာအကွယ်တခုပါပဲ။ အရမ်းပူလွန်းတဲ့အချိန်မှာ ချွေးပေါက်လေးတွေထဲကနေ ချွေးတွေထွက်လာ ရတယ်။ အဲဒါမှသာအပူနဲ့ချွေးရေလေးတွေနဲ့ထိတွေ့ အငွေ့ပျံသွားပြီး မင်းခန္ဓာကိုယ်ရဲ့အပူချိန်တက်မလာအောင် အကာ အကွယ်ပြုနိုင်မှာပေါ့။ မဟာဝီရလည်းသေမှာပဲ။ ဒါပေမယ့် ထူးခြားအောင်လုပ်ချင်တော့ အဲသလိုတွေလုပ်ထားကြတာပေါ့။ ချွေးမထွက်ရင် သူ့အနေနဲ့ ရေချိုးစရာတောင်လိုမှာမဟုတ်တော့ဘူး။ 


မြွေတကောင်ကသူ့ကိုကိုက်လိုက်တယ်။ သွေးထွက်ရမယ့်အစားနို့တွေထွက်လာသတဲ့။ ဂျိန်းဘာသာတရားနှီးနှောပွဲတခုမှာ ဂျိန်းဘုန်းကြီးတပါးက ကျုပ်ရှေ့တင်ပြောနေတာ။ အဲဒီထူးဆန်းအံ့ချီးဖွယ်ရာတွေနဲ့ အမွှန်းတင်နေတာ။ ကျုပ်ပြောရမယ့် အလှည့်လည်းရောက်ရော ကျုပ်က “မဟာဝီရရဲ့ကိုယ်ထဲမှာ သွေးအစားနို့တွေလည်ပတ်နေတယ်ဆိုရင် လေးဆယ့်နှစ်နှစ် လောက်လည်ပတ်နေတဲ့နို့တွေဟာ ဒိန်ခဲဖြစ်နေလောက်ပြီ .. ဆိုတော့မြွေကိုက်တဲ့အချိန်မှာ နို့မထွက်ဘဲ ထောပတ်ပဲထွက် လာသင့်တာ .. အခုတော့နို့ထွက်လာသတဲ့ .. လတ်ဆက်တဲ့နို့တွေထွက်လာသတဲ့လားဗျာ” ဆိုပြီးပြောခဲ့လိုက်တယ်။ 


ဂေါတမဗုဒ္ဓကရော ဘာထူးသလဲ။ သူ့အမေမတ်တပ်ရပ်နေတုန်းမှာမွေးသတဲ့။ အဲဒါကပြဿနာမဟုတ်လို့ သည်းခံလို့ရသေး တယ်ထားဦး။ သူ့အမေကသိပ်အပျင်းမကြီးတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ကလေးမွေးပြီးတဲ့အမေတွေကတော့ အိပ်ယာ ပေါ်လှဲနေကြတာပဲ။ မတ်တပ်မရပ်နိုင်ကြဘူး။ ပြီးတော့ဂေါတမဗုဒ္ဓကလည်း မွေးမွေးချင်းမတ်တပ်ရပ်သတဲ့။ သူမြေပေါ်ကို မတ်တပ်ကလေးရပ်ပြီးထွက်ကျလာတယ်။ ဒါလည်းတခါတလေဖြစ်တတ်တယ်ထားဦး။ ပုံမှန်အားဖြင့်တော့ ကလေးတွေက ခေါင်းကနေစထွက်လာကြတာပါ။ ခြေထောက်ကစထွက်လာတာမျိုးက ဖြစ်တောင့်ဖြစ်ခဲပါ။ အတော်ရှားပါတယ်။ 


အဲဒီနားလောက်တင်ရပ်သွားတယ်ဆိုတော်သေးတယ်။ မရပ်ဘူး။ မင်းကိုအထင်ကြီးအောင်ဆက်ရေးထားသေးတယ်။ ခြေခုနှစ်လှမ်း လှမ်းသွားလိုက်သေးသတဲ့။ မွေးပြီးပြီးချင်းကလေးလေးက ဘယ်လိုလုပ်မတ်တပ်ရပ်နိုင်မှာလဲ။ သူကတော့ ခြေခုနှစ်လှမ်းတောင်လှမ်းသွားလိုက်သေးသတဲ့။ လမ်းလျှောက်ရုံတင်အားမရသေးဘူး “ငါဟာအကြီးမြတ်ဆုံးဗုဒ္ဓဖြစ်တယ် .. ငါဟာ အတိတ်၊ ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးစလုံးမှာ အကြီးမြတ်ဆုံးဉာဏ်အလင်းရသူဖြစ်တယ်” ဆိုပြီးကြွေးကြော် လိုက်သေးသတဲ့။


https://www.facebook.com/share/p/18FPjeBuQc/?mibextid=oFDknk

No comments:

Post a Comment