နိုင်ငံရေးဟုတ်ယောင်ထင်မှု ဆိုတာ ပထမတော့ အဝေးကနေ ကြည့်လိုက်ရင် တကယ့် ဖြစ်လာတော့မယ့်အရာလို့ ထင်ရတယ်။ မျှော်လင့်ချက်တွေနဲ့ တတ်ကြွတယ်။ ဒါပေမယ့် တဖြေးဖြေး နီးလားတဲ့အခါ (ဒါမှမဟုတ်) အချိန်တစ်ခု ရလာတဲ့အခါ ယခင်က တကယ်လို့ မှတ်ထင်ထားခဲ့သမျှဟာ မျှော်လင့်ချက်အမှားတွေသာလျင် ဖြစ်နေတာမျိုးကို ဆိုလို တယ်။
ဟုတ်ယောင်ထင်မှုတွေ ကြားထဲမှာပဲ နစ်မြုပ်နေမယ်ဆိုရင် အချိန်တွေ၊ ဘ၀တွေ အများကြီး နစ်နာဆုံးရှုံး သွားတတ်ပါတယ်။ ဒါတင်မကပါဘူး ၊ နိုင်ငံရေးရဲ့ တကယ့် အနှစ်သာရဖြစ်တဲ့ တိုင်းပြည် စည်ပင်တိုးပွားခြင်းနဲ့ နိုင်ငံသား များရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆီကို မျှော်ကြည့် နိုင်စွမ်းမရှိတော့ပါဘူး။
ဟုတ်ယောင်ထင်မှုဆိုတဲ့အတိုင်းပါပဲ၊ သူ့ကို အမှန်လို့ ထင်သွားရအောင် ပုံဖျက်လာတတ်တယ်။ ဒါကြောင့် အပိတ်သဘောနဲ့လာပါတယ်။ ငါသာ အမှန်ဆိုတဲ့တရားသေ အတွေး အခေါ်နဲ့လာတယ်။ ရှုထောင့်ပေါင်းစုံက တွေး ခေါ်ခြင်း ကို ဖျက်ဆီးပြီး ငါနဲ့မတူ ငါ့ရန်သူ အဖြစ်လာပါတယ်။
တနည်းအားဖြင့် ဟုတ်ယောင်ထင်မှုဆိုတာ အစွန်း ရောက် ပုံစံတွေကို မွေးဖွားပေးပြီး ၊မိတ်ဆွေရင်းချာတွေ လှမ်းမနှုတ် ဆက်ချင်တော့တဲ့ နိုင်ငံ ရေးယဉ်ကျေးမှု။ Tolerance , Compromise , Pluralism စတဲ့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ လားလားမျှမထိုက်။
နိုင်ငံရေးအရ ဟုတ်ယောင်ထင်မှုကြားတွေမှာပဲ မျှော်လင့်ချက်တွေ တိုးပွားလာလိုက် ၊ အချိန်ကာလတစ်ခု ကြာတဲ့အခါ သိနားလည်လာပြီး စိတ်ပျက်သွားလိုက်စတဲ့ သံသရာဟာ တိုင်းပြည်တိုးတက်မှုအတွက် ခြေထောက်အစုံကို ဖြတ်ကြိတ်သွားတာပါပဲ။ ပေးဆပ်ခဲ့ကြရတဲ့ တန်ဖိုးကတော့ ကိုယ်တစ်ပိုင်းသေပြီး လမ်းမပေါ် ဒရွတ်တိုက်ဆွဲနေတဲ့ တိုင်း ပြည်သာလျင် အဖတ်တင်ကျန်ရစ်ခဲ့တာပါပဲ။

No comments:
Post a Comment