Friday, 4 April 2025

 ခေတ်သစ်စိတ်တွေမှာပေါ်ပေါက်လာကြတဲ့ နူရိုးဆစ်စိတ်ဝေဒနာတွေနဲ့ပတ်သက်ပြီး ပတန်ဇလိုကဘယ်လို အကူအညီပေး နိုင်ပါသလဲ။ 


+++++


ကျုပ်လိုပါပဲ။ ကျုပ်ဒီမှာလုပ်နေသလိုမျိုးပေါ့။ ခင်ဗျားတို့ရဲ့နူရိုးဆစ်စိတ်ဝေဒနာတွေနဲ့ ကျုပ်တိုက်ခိုက်နေရတယ်။ အတ္တဟာ နူရိုးဆစ်အားလုံးရဲ့အရင်းအမြစ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တဟာမာယာမုသားတွေနဲ့ လိမ်လည်လှည့်ဖြားမှုအားလုံးရဲ့ ဗဟိုချက်ဖြစ်နေတာကြောင့်ပါပဲ။ ပြဿနာတရပ်လုံးက အဲဒီအတ္တဆိုတဲ့အရာပါပဲ။ ခင်ဗျားအတ္တနဲ့နေထိုင်နေခဲ့ရင် အနှေးနဲ့ အမြန်ဆိုသလိုပဲ စိတ်ဝေဒနာကိုခံစားလာရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အတ္တကစိတ်ဝေဒနာရဲ့အခြေခံအကြောင်း တရားဖြစ်တာကြောင့်ပါပဲ။ အတ္တက “ငါဟာကမ္ဘာလောကရဲ့ဗဟိုချက်ဖြစ်တယ်” ဆိုပြီးပြောပါတယ်။ အဲဒါကအမှားအယွင်းပါ။ ရူးသွပ်မှုတခုပါ။ ဘုရားသခင်တပါးရှိတော့မှသာ သူက “ငါ” ဆိုတဲ့စကားကိုပြောနိုင်မှာပါ။ ကျုပ်တို့ကအစိတ်အပိုင်းတခုသာ ပါပဲ။ ကျုပ်တို့က “ငါ” ဆိုတာကိုပြောလို့မရပါဘူး။ အဲဒီ “ငါ” ဆိုတာကိုအခိုင်အမာတည်ဆောက်ထားတာကိုက စိတ်ဝေဒနာ ပါပဲ။ ငါ ဆိုတာကိုလွှတ်ချလိုက်ပါ။ စိတ်ဝေဒနာကချုပ်ဆုံးသွားပါလိမ့်မယ်။ 


ခင်ဗျားနဲ့အရူးထောင်မှာရောက်နေတဲ့ အရူးတယောက်အကြားမှာ ကြီးမားတဲ့ကွာခြားမှုသိပ်မရှိလှပါဘူး။ ဒီဂရီအနည်းအငယ် လောက်ပဲကွာခြားတာပါ။ အရည်အသွေးမှာကွာခြားမှုမရှိပါဘူး။ အရေအတွက်မှာပဲ အနည်းငယ်ကွာခြားမှုရှိနေတာပါ။ ခင်ဗျားက ကိုးဆယ့်ရှစ်ဒီဂရီလောက်ရှိပါမယ်။ သူတို့က တစ်ရာကျော်ကျော်လေးမှာရှိပါမယ်။ ဒီလောက်လေးပဲကွာခြားတာ ပါ။ ခင်ဗျားဘယ်အချိန်မှာမဆို အဲဒါကိုကျော်သွားနိုင်ပါတယ်။ ကွာခြားမှုက မကြီးမားလှပါဘူး။ 


အရူးထောင်တွေကို တခါတလေသွားကြည့်ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ အဲဒါကအနာဂတ်မှာခင်ဗျားဖြစ်လာနိုင်တဲ့ပုံစံ ဖြစ်တာကြောင့်ပါပဲ။ 


ရူးသွပ်နေတဲ့လူတယောက်ကို စောင့်ကြည့်ကြည့်ပါ။ သူဘာတွေဖြစ်နေတာလဲ။ သူဖြစ်နေတာမျိုး ခင်ဗျားမှာလည်း တစိတ် တပိုင်းအားဖြင့်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ရူးသွပ်နေတဲ့လူတယောက်က ဘာတွေဖြစ်နေတာလဲ။ သူ့အတ္တကတကယ် အစစ်အမှန်ကြီးဖြစ်လာပြီး အဲဒါကလွဲတဲ့ကျန်တဲ့အရာအားလုံးက အတုအယောင်တွေဖြစ်လာတာပါ။ တလောကလုံးဟာ ထင်ယောင်ထင်မှားဖြစ်မှုတခု ဖြစ်လာပါတယ်။ သူ့အတွင်းလောကလေး၊ သူ့အတ္တလေးနဲ့ သူ့ကမ္ဘာလေးကပဲ အစစ်အမှန်ဖြစ် လာပါတယ်။ ခင်ဗျားအရူးထောင်ရောက်နေတဲ့ မိတ်ဆွေတယောက်ကို သတင်းသွားမေးရင် သူကခင်ဗျားကိုကြည့်နေမှာ တောင်မဟုတ်ပါဘူး။ ခင်ဗျားကိုမှတ်မိမှာမဟုတ်ပါဘူး။ သူဟာသူ့ရဲ့အမြင်ရတဲ့မိတ်ဆွေတွေကိုပဲ စကားပြောနေပါလိမ့်မယ်။ ခင်ဗျားကိုတော့သူ မှတ်မိမှာမဟုတ်ပါဘူး။ သူ့စိတ်ကူးနဲ့ဖန်တီးထားတဲ့ မိတ်ဆွေတယောက်ကရှိနေပြီး သူကအဲဒီမိတ်ဆွေနဲ့ ပဲ မေးတာတွေ၊ ပြန်ဖြေတာတွေလုပ်နေပါလိမ့်မယ်။ 

✉️

ရူးသွပ်နေတဲ့လူတယောက်ဆိုတာ သူ့အတ္တကသူ့ကို လုံးဝလွှမ်းမိုးချုပ်ကိုင်သွားတဲ့အခြေအနေရောက်နေတဲ့သူတယောက် ပါ။

 သူနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ သူ့အတ္တကိုလုံးဝဥဿုံလွှတ်ချလိုက်နိုင်တဲ့သူကတော့ ဉာဏ်အလင်းရသွားတဲ့သူပါပဲ။

 သူက သဘာဝနဲ့တသားတည်းဖြစ်သွားတဲ့သူပါ။ 

အတ္တရှိမနေရင် ခင်ဗျားဟာသဘာဝနဲ့ တသားတည်းဖြစ်နေပါတယ်။ 

သမုဒ္ဒရာဆီ ကိုစီးဆင်းနေတဲ့ မြစ်တစင်းလိုပေါ့။ 

ဒါမှမဟုတ် ထင်ရူးတောတွေကိုဖြတ်တိုက်လာတဲ့ လေလိုပေါ့။ 

ဒါမှမဟုတ် ကောင်းကင် ကြီးထဲမှာလွင့်မြောနေတဲ့ တိမ်တွေလိုပေါ့။ 

အတ္တသာရှိမနေရင် ခင်ဗျားဟာ ကျယ်ပြောတဲ့သဘာဝတရားကြီးရဲ့အစိတ်အပိုင်း တခုအဖြစ်ရှိနေမှာပါပဲ။

 လျော့ရဲပြေလျော့ပြီး သဘာဝနဲ့တသားတည်းဖြစ်နေပါလိမ့်မယ်။ အတ္တရှိနေရင်တော့ တောင့်တင်း ဖိစီးမှုတွေဖြစ်နေပါလိမ့်မယ်။ အတ္တရှိနေတယ်ဆိုရင် ခင်ဗျားဟာသဘာဝတရားနဲ့ကွဲထွက်နေပါလိမ့်မယ်။ အတ္တရှိနေရင် ခင်ဗျားဟာခင်ဗျားကိုယ်ခင်ဗျား ဆက်သွယ်ချိတ်ဆက်မှုတွေကနေ ဖြတ်တောက်ပိုင်းဖြတ်ထားသလိုဖြစ်နေပါလိမ့်မယ်။ အဲသလိုအနေအထားမျိုးနဲ့ ဆက်နွယ်မှုတွေပြုနေတယ်ဆိုရင်တောင်မှ ခင်ဗျားဟာတရွေ့ရွေ့နဲ့သာ ရွေ့လျားနေနိုင်ပါလိမ့် မယ်။ အတ္တဟာခင်ဗျားကို ဘယ်အရာဆီကိုမှပြည့်ပြည့်ဝဝရွေ့လျားနိုင်စေဖို့ ခွင့်မပြုပါဘူး။ အတ္တဟာသူ့ကိုယ်သူပဲ ဖမ်းဆုပ် ထားပါတယ်။ 


ခင်ဗျားဟာဖြစ်တည်မှုကြီးရဲ့ဗဟိုချက်ဖြစ်တယ်လို့ ခင်ဗျားထင်နေရင် ခင်ဗျားရူးသွပ်နေပါပြီ။ ခင်ဗျားကိုယ်ခင်ဗျား သမုဒ္ဒရာ ကြီးထဲကလှိုင်းလုံးတလုံးသာဖြစ်တယ်၊ ပြည့်ဝတဲ့အရာကြီးတခုလုံးရဲ့အစိတ်အပိုင်းတခုသာဖြစ်တယ်၊ ဖြစ်တည်မှုကြီးနဲ့ တသားတည်းဖြစ်နေတဲ့အရာတခုဖြစ်တယ်လို့ မှတ်ယူထားရင် ခင်ဗျားဘယ်တော့မှရူးသွပ်မသွားနိုင်ပါဘူး။ အခုအချိန် ပတန်ဇလိသာဒီမှာရှိနေခဲ့ရင် ကျုပ်လုပ်နေတာမျိုးကိုပဲသူလုပ်နေမှာပါ။ အချိန်ကာလတွေ၊ အနေအထားတွေက ဘယ်လောက်ပဲကွာခြားသွားပါစေ လူဆိုတာကလူပါပဲဆိုတာလေးကို ကောင်းကောင်းမှတ်ထားပေးပါ။ 


အခုဆိုဒီမှာနည်းပညာအသစ်တွေရှိနေပါပြီ။ ပတန်ဇလိရဲ့ခေတ်အခါတုန်းက အဲဒါတွေမရှိသေးပါဘူး။ အိမ်အသစ်အဆန်း တွေ၊ ပစ္စည်းကိရိယာအသစ်အဆန်းတွေ ဘာမှမရှိသေးပါဘူး။ အခုတော့ လူသားရဲ့ဝန်းကျင်ကအရာအားလုံးဟာ ပြောင်းလဲ သွားခဲ့ပါပြီ။ ဒါပေမယ့် လူသားကတော့ဒုံရင်းကဒုံရင်းဖြစ်နေတုန်းပါပဲ။ အခုခေတ်လူသားတွေဟာ ပတန်ဇလိရဲ့ခေတ်အခါက လူသားတွေနဲ့ သိပ်မကွာခြားလှသေးပါဘူး။ အတူတူနီးပါးပါပဲ။ ဘာမှအများကြီးမပြောင်းလဲသေးပါဘူး။ ဒါလေးကိုမှတ်သား ထားဖို့လိုပါတယ်။ အဲသလိုမှမဟုတ်ရင် ခေတ်သစ်လူသားတွေဟာ တနည်းနည်းနဲ့ပိုပြီးဖိသိပ်ခံနေရတယ်လို့ ထင်မိနေပါ လိမ့်မယ်။ အဲသလိုမဟုတ်ပါဘူး။ ခင်ဗျားက ကားတွေကိုရူးသွပ်နေပါလိမ့်မယ်။ ပြိုင်ကားတွေကိုလိုချင်လွန်းလို့ စိတ်ဖိစီးမှု တွေပိုပြီးခံစားနေရတယ်လို့ထင်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ပတန်ဇလိရဲ့ခေတ်အခါမှာ ကားတွေမရှိသေးပါဘူး။ ဒါပေမယ့်အဲဒီခေတ်အခါတုန်းကလည်း လူတွေဟာနွားလှည်းတွေအတွက် ရူးသွပ်ခဲ့ကြတာပါပဲ။ အခုအချိန်အခါမှာတောင်မှ ခင်ဗျားအိန္ဒိယကကျေးရွာတွေမှာသွားကြည့်ရင် မြန်ဆန်ပြီးလှပတဲ့လှည်းယဉ်ကိုပိုင်ဆိုင်ထားကြသူတွေဟာ လန်ဒန်မှာ ရိုးရွိုက်စ်ကားကိုပိုင်ဆိုင်ထားတဲ့သူတယောက်သဖွယ် ဖြစ်နေတာကိုခင်ဗျားတွေ့ရပါလိမ့်ဦးမယ်။ နွားလှည်းဖြစ်ဖြစ်၊ ရိုးရွိုက်စ် ဖြစ်ဖြစ်သိပ်တော့မထူးခြားလှပါဘူး။ အတ္တဟာအဲသလိုအရာတွေနောက်ကို အတူတူပဲလိုက်နေတာပါပဲ။ လန်ဒန်မှာ ရိုးရွိုက်စ် ကိုတပ်မက်မယ်။ ရွာမှာနွားလှည်းကိုတပ်မက်မယ်။ အရာဝတ္ထုကအဓိကမကျပါဘူး။ လူရဲ့စိတ်၊ လူရဲ့အတ္တဗဟိုပြုမှုဟာ တခု မဟုတ်တခုအတွက် အမြဲရုန်းကန်တပ်မက်နေဦးမှာပါ။ 


ခေတ်သစ်လူသားဟာ ခေတ်သစ်လူသားမဟုတ်ပါဘူး။ ခေတ်သစ်လောကကြီးကမှ ခေတ်သစ်လောကကြီးဖြစ်နေတာပါ။ လူသားဟာအင်မတန်ရှေးကျအိုမင်းတဲ့အခြေအနေမှာ ရှိနေတုန်းပါပဲ။ ခင်ဗျားဟာခေတ်သစ်လူသားဖြစ်တယ်လို့ ခင်ဗျားက ထင်နေတာလား။ ခင်ဗျားမျက်နှာကိုကျုပ်ကြည့်လိုက်တဲ့အချိန်မှာ ရှေးဟောင်းမျက်နှာတွေကိုပဲကျုပ်မြင်နေရတာပါပဲ။ ခင်ဗျားဟာဒီမှာ ဘဝဘဝပေါင်းများစွာရှိနေခဲ့ပြီး အခုလည်းအဲဒီအတိုင်းပဲ ဘာမှကွာခြားမှုမရှိဘဲ ဖြစ်နေဆဲပါပဲ။ ခင်ဗျားဟာ ဘာကိုမှသင်ယူနိုင်ခဲ့တာမျိုးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာထူးမခြားနားအလုပ်တွေကိုပဲ ထပ်ကာတလဲလဲ လုပ်နေခဲ့တာဖြစ်တာကြောင့်ပါပဲ။ အရာဝတ္ထုတွေကသာ ပြောင်းလဲသွားတယ်။ လူကတော့ဘာမှပြောင်းလဲမသွားဘဲ အရင် အတိုင်းပဲရှိနေဆဲပါ။ ခင်ဗျားကသာပြောင်းလဲနိုင်မယ့်ခြေလှမ်းကို မလှမ်းခဲ့ရင်ဘာမှအများကြီးပြောင်းလဲသွားမှာမဟုတ်ပါ ဘူး။ ခင်ဗျားနှလုံးသာထဲမှာ အသွင်ပြောင်းမှုမဖြစ်ခဲ့ရင်၊ စိတ်ရဲ့တုံးအရူးနှမ်းမှုကိုခင်ဗျားနားလည်မလာခဲ့ရင်၊ စိတ်ကပေးတဲ့ ဆင်းရဲဒုက္ခတွေအကြောင်း ခင်ဗျားသိမလာခဲ့ရင် ခင်ဗျားဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူး။ အဲဒါတွေကိုနားလည်လာ တော့မှသာခင်ဗျားအဲဒီအထဲကနေ ခုန်ထွက်လာမှာပါ။ 


စိတ်ဟာအင်မတန်အိုမင်းနေပါပြီ။ စိတ်ဟာအင်မတန့်အင်မတန်ရှေးကျပါတယ်။ တကယ်တန်းမှာ စိတ်ဟာဘယ်တော့မှ အသစ်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဘယ်တော့မှခေတ်သစ်စိတ်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ စိတ်ချုပ်ငြိမ်းသွားတော့မှသာပဲ စိတ်သစ်၊ ခေတ်သစ်စိတ်ဖြစ်လာနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ စိတ်ချုပ်ငြိမ်းသွားပြီဆိုရင် အခိုက်အတန့်တိုင်းဟာ သစ်လွင်လန်းဆတ်လာမှာဖြစ်လို့ပါပဲ။ စိတ်ချုပ်ငြိမ်းသွားတဲ့အချိန်မှာ ခင်ဗျားဟာဘာကိုမှမစုဆောင်းတော့ပါဘူး။ ကြေးမုံပြင် ဟာအမြဲကြေးညှော်ကင်းပြီး သန့်စင်နေပါလိမ့်မယ်။ ဘာဖုံမှုံ့မှတင်နေမှာမဟုတ်ပါဘူး။ စိတ်ဆိုတာက စုဆောင်းသူပါ။ သူက အဆက်မပြတ်စုဆောင်းနေပါတယ်။ သူဟာအမြဲတန်းအိုမင်းနေပါတယ်။ စိတ်ဟာဘယ်တော့မှအသစ်ဖြစ်နိုင်မှာမဟုတ်ပါ ဘူး။ စိတ်ဟာဘယ်တော့မှ မူလစိတ်ဖြစ်မှာမဟုတ်ပါဘူး။ စိတ်ချုပ်ငြိမ်းသွားခြင်းကသာ မူလအရင်းအမြစ်ဆီကိုပြန်ရောက် သွားတာပါ။ 


ဒါကြောင့်ပဲ တစုံတခုသောရှာဖွေတွေ့ရှိမှုတွေဖြစ်လာတဲ့အခါမှာ သိပ္ပံပညာရှင်တွေက အဲဒါဟာစိတ်ကနေပေါ်ထွက်လာတဲ့ အရာမဟုတ်ဘူး၊ စိတ်မရှိတဲ့အခြေအနေလေးကြားထဲကနေ ပေါ်ထွက်လာတဲ့အရာဖြစ်တယ်လို့ပြောကြတာဖြစ်ပါတယ်။ တခါတရံမှာ အိပ်နေရင်းနဲ့တွေ့ရှိလာကြတာပါ။ 


အာခိမီးဒီးစ်လိုပေါ့။ သူဟာပြဿနာတရပ်ကို ဖြေရှင်းဖို့ကြိုးစားနေပေမယ့် မဖြေရှင်းနိုင်ဘူးဖြစ်နေပါတယ်။ သူကြိုးစားပြီးရင်း ကြိုးစားနေပါတယ်။ ဒါပေမယ့်စိတ်ဟာ သူသိထားတဲ့ကိစ္စတွေကိုပဲ ခင်ဗျားကိုအဖြေပေးနိုင်တာပါ။ သူမသိတဲ့ကိစ္စတွေကို တော့စိတ်ကခင်ဗျားကိုအဖြေမပေးနိုင်ပါဘူး။ သူကကွန်ပျူတာတလုံးလိုပါပဲ။ ခင်ဗျားသွင်းထားတဲ့အချက်အလက်ကိုပဲ သူက ပြန်ထုတ်ပေးနိုင်တာပါ။ အသစ်တွေကိုသူ့ကိုမေးလို့မရပါဘူး။ သနားစရာကောင်းတဲ့စိတ်လေးဟာ အသစ်တွေကိုဘယ်လို ပြန်ပြီးဖြေပေးနိုင်ပါ့မလဲ။ မဖြစ်နိုင်ပါဘူး။ ခင်ဗျားနာမည်ကိုကျုပ်သိထားတယ်ဆိုရင် ကျုပ်အဲဒါကိုမှတ်မိပါလိမ်မယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဆိုတာဟာ အမှတ်သညာတွေနဲ့ ပြန်လည်မှတ်မိမှုဖြစ်တာကြောင့်ပါပဲ။ တကယ်လို့ခင်ဗျား နာမည်ကိုကျုပ်ကမသိရင် ကျုပ်ဘယ်လောက်ကြိုးစားကြိုးစား ခင်ဗျားနာမည်ကိုကျုပ်ပြောနိုင်မှာမဟုတ်ပါဘူး။ 


အဲဒီနောက်မှာ ရုတ်တရက်အဖြေရသွားပါတယ်။ အာခိမီးဒီးစ်ဟာ ကြိုးစားပြီးအဆက်မပြတ်စဉ်းစားလုပ်ဆောင်နေရပါ တယ်။ ဘုရင်ကသူ့ဆီကအဖြေကိုစောင့်နေတာကြောင့်မို့ပါ။ တမနက်ခင်းမှာသူဟာ ရေစည်ထဲကိုဘာမှတွေးတောစဉ်းစား မနေဘဲ ရေချိုးဖို့အတွက်ဝင်လိုက်ပါတယ်။ အဲဒီအချိန်မှာပြဿနာရဲ့အဖြေဟာဘယ်ကနေ ပေါ်ထွက်လာလို့ပေါ်ထွက်လာ မှန်းမသိဘဲသူ့ခေါင်းထဲကိုရောက်လာပါတယ်။ သူဟာ ဝစ်လစ်စလစ်နဲ့ပဲ ရေစည်ထဲကနေခုန်ထွက်လိုက်ပါတယ်။ အဲဒီအခြေ အနေမှာသူဟာစိတ်ချုပ်ငြိမ်းနေတဲ့ အနေအထားကိုရောက်နေတာပါ။ သူအဝတ်ဗလာဖြစ်နေတယ်ဆိုတာကိုတောင် မသိနိုင် တော့ဘဲနဲလမ်းပေါ်ကိုပြေးထွက်သွားခဲ့တာပါ။ လူတွေကသူ့ကိုရူးသွားပြီလားလို့ ထင်ခဲ့ကြပါတယ်။ အဲဒီအခိုက်အတန့်မှာ လူ့အဖွဲ့အစည်းကပေးထားတဲ့သူ့ရဲ့စိတ်ဟာ အလုပ်လုပ်မနေခဲ့ပါဘူး။ စိတ်ချုပ်ငြိမ်းနေတဲ့အနေအထားမှာသူရောက်နေခဲ့တာ ပါ။ ဆာတိုရီအခြေအနေတမျိုးကိုသူရောက်နေတာပါ။ သူလမ်းပေါ်ကိုပြေးထွက်သွားပြီး “ယူရီးကား .. ယူရီးကား (တွေ့ပြီ .. တွေ့ပြီ)” ဆိုပြီးအော်နေခဲ့ပါတယ်။ လူတွေကသူရူးသွားပြီလို့ထင်ခဲ့ကြပါတယ်။ သူဟာအဝတ်ဗလာနဲ့ ဘုရင့်နန်းတော်ထဲကို ဝင်ဖို့လုပ်နေတဲ့အတွက် သူ့ကိုဖမ်းချုပ်လိုက်ကြပါတယ်။ မိတ်ဆွေတွေကသူ့ကိုအိမ်ပြန်ခေါ်သွားကြပြီး “မင်းဘာတွေ လျှောက်လုပ်နေတာလဲ .. တခုခုတွေ့တယ်ဆိုရင်လည်း အဝတ်ကောင်းကောင်းဝတ်ပြီးမှသွားလေ .. အဲသလိုမဟုတ်ရင် မင်း ဒုက္ခတွေ့လိမ့်မယ်” ဆိုပြီးသတိပေးကြရပါတယ်။ 


စိတ်ရဲ့အခိုက်အတန့်နှစ်ခုအကြားမှာ စိတ်ချုပ်ငြိမ်းနေတဲ့အဟလေး အမြဲတစေရှိပါတယ်။ အတွေးနှစ်ခုအကြားမှ အဟလေး ရှိပါတယ်။ အတွေးချုပ်နေတဲ့ကြားကာလလေးပေါ့။ တိမ်တိုက်နှစ်ခုရဲ့အကြားကနေ ခင်ဗျားဟာကောင်းကင်ပြာကြီးကိုမြင်နိုင် ပါတယ်။ ခင်ဗျားရဲ့သဘာဝဟာ စိတ်ချုပ်ငြိမ်းနေတဲ့အခြေအနေပါ။ အဲဒီအချိန်မှာ ဘာအတွေးမှမရှိပါဘူး။ ဘာမှမရှိပါဘူး။ ကျယ်ပြောတဲ့ဗလာဟင်းလင်းပြင်ကြီးပဲရှိပါတယ်။ ကောင်းကင်ပြာကြီးပဲရှိပါတယ်။ စိတ်ဆိုတာက အပေါ်ယံမျက်နှာပြင်ပေါ် မှာလွင့်မျောနေတဲ့အရာတွေသာပါပဲ။ 


အဲသလိုအခြေအနေမျိုးက လူအတော်များများဆီမှာဖြစ်ပွားခဲ့ဖူးပါတယ်။ မဒမ်ကျူရီလည်းဖြစ်ခဲ့ပါတယ်။ သူဟာစိတ်ချုပ်ငြိမ်း သွားတဲ့အခြေအနေလေးကြောင့် နိုဘယ်လ်ဆုကြီးကိုရခဲ့တာပါ။ သူအလုပ်လုပ်နေပါတယ်။ သင်္ချာပြဿနာတခုကိုအဖြေရှာ နေတာပါ။ အင်မတန်ကြိုးစားပြီးအလုပ်လုပ်နေပါတယ်။ ဘာအဖြေမှထွက်မလာပါဘူး။ လတွေအတော်ကြာသွားပါတယ်။ တညမှာတော့ သူရုတ်တရက်အိပ်ပျော်နေရာကနေထလာပါတယ်။ အလုပ်စားပွဲဆီကိုသွားပါတယ်။ ပြဿနာရဲ့အဖြေကိုချ ရေးလိုက်ပြီး အိပ်ယာဆီပြန်သွားအိပ်လိုက်ပါတယ်။ သူဟာညကအဲသလိုလုပ်ခဲ့တာတွေအားလုံးကိုမေ့သွားပါတယ်။ မနက် ခင်းရောက်တဲ့အချိန်မှာသူဟာ အလုပ်စားပွဲဆီကိုသွားပါတယ်။ သူမယုံနိုင်လောက်အောင်ဖြစ်သွားပါတယ်။ ပြဿနာရဲ့ အဖြေကအဲဒီမှာရှိနေပါပြီ။ ဘယ်သူရေးသွားခဲ့တာလဲ။ တဖြည်းဖြည်းချင်းနဲ့သူ အိပ်မက်တခုကိုပြန်အမှတ်ရလာသလိုမျိုး မှတ်မိလာပါတယ်။ ညက အဲဒါတွေဖြစ်ခဲ့တယ်ဆိုတာကိုပေါ့။ ရေးထားတဲ့လက်ရေးကလည်း သူ့လက်ရေးပါပဲ။ 


နက်ရှိုင်းတဲ့အိပ်မောကျမှုအခြေအနေမှာ စိတ်ဟာပြုတ်ကျသွားပါတယ်။ စိတ်ချုပ်ငြိမ်းသွားတဲ့အခြေအနေလေးဖြစ်သွားပါ တယ်။ စိတ်ဟာအမြဲအိုမင်းနေပါပြီ။ စိတ်ချုပ်ငြိမ်းနေတဲ့အခြေအနေဟာ အမြဲတန်းသစ်လွင်လမ်းဆတ်ပါတယ်။ နုပျိုပါတယ်။ မူလအရင်းအမြစ်ကျပါတယ်။ စိတ်ချုပ်နေတဲ့အခြေအနေဟာ အမြဲတမ်းဆိုသလိုပဲ မနက်ခင်းနှင်းပေါက်လေးတွေလို သစ်လွင်ရှင်းသန့်နေပါတယ်။ စိတ်ဟာအမြဲတစေညစ်ညမ်းနေပါတယ်။ အဲသလိုပဲဖြစ်ရမှာပါပဲ။ စိတ်ဟာအညစ်အကြေး အမြောက်အများကိုစုဆောင်းခဲ့ပြီးပါပြီ။ အညစ်အကြေးဆိုတာက အမှတ်သညာတွေပါပဲ။ 


ကျုပ်ခင်ဗျားကိုကြည့်လိုက်တဲ့အချိန်မှာ ခင်ဗျားရဲ့စိတ်ဟာအင်မတန်ရှေးကျနေတာကိုကျုပ်တွေ့ပါတယ်။ ခင်ဗျားရဲ့အတိတ် ဘဝပေါင်းများစွာမှာ ခင်ဗျားဟာအညစ်အကြေးတွေအများအပြားစုဆောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါထက်နက်တဲ့နေရာကို လည်းကျုပ်မြင်နေရပါတယ်။ ခင်ဗျားရဲ့စိတ်ချုပ်ငြိမ်းနေတဲ့အခြေအနေပေါ့။ အချိန်ကာလက လုံးဝမပိုင်ဆိုင်တဲ့အရာပါ။ ဆိုတော့ အဲဒီအရာက ရှေးကျတာလည်းမဟုတ်ပါဘူး။ ခေတ်သစ်ကျတာလည်းမဟုတ်ပါဘူး။ လူဟာအမြဲအိုမင်းရင့်ရော်နေ ပါတယ်။ ဒါပေမယ့် လူရဲ့အတွင်းမှာ တခုခုရှိပါတယ်။ အဲဒါက အိုမင်းရင့်ရော်မနေတဲ့အရာပါ။ အမြဲသစ်လွင်နေတဲ့အရာပါ။ အဲဒါက လူသားရဲ့စိတ်ချုပ်ငြိမ်းနေတဲ့ သိမှုအခြေအနေပါပဲ။ 


ယောဂ (အယ်လ်ဖာနဲ့ အိုမီဂါ) အတွဲ - ၃

အိုရှိုး

No comments:

Post a Comment