Saturday 18 June 2022

 ငရဲကို သက်ရှိထင်ရှား ဘယ်သူမှ မကြုံဘူး မမြင်ဘူးပေမယ့် ထောင်ကိုတော့ လောကငရဲအဖြစ် တင်စားပြောဆိုလေ့ ရှိပါတယ်။ လက်တွေ့မကြုံဘူးကြပေမယ့် ဗုဒ္ဓစာပေမှာ ဖော်ပြထားတာတွေအရ စာတွေ့နဲ့ ငရဲကို ခံစားပြောဆိုကြတာပါ။ ငရဲကြီးရှစ်ထပ်နဲ့ ထောင်နဲ့ဟာ အသွင်သဏ္ဌာန်အရရော အနှစ်သာရပါ သိပ်မကွာခြားလှဘူးလို့ ဆိုကြပါတယ်။ ထောင်ကို အကျဉ်းထောင်၊ နရသိန်၊ ကြေးတိုက်၊ ဘဝတက္ကသိုလ် စသဖြင့် အမျိုးမျိုးခေါ်ခဲ့ကြတယ်။ တကယ်တော့ ထောင်ဆိုတာ အုပ်ချုပ်ရေးယန္တရားအတွက် အသုံးပြုတဲ့ ကိရိယာပါပဲ။




ထောင်ဟာ အုပ်ချုပ်သူတို့ရဲ့ တီထွင်ချက်တခုပါ။ ဒါကြောင့်လည်း ထောင်ဟာ အုပ်ချုပ်သူ အုပ်ချုပ်ခံ ဆိုတာနဲ့အတူ ပေါ်လာတာလို့ ဆိုကြပါတယ်။ အရှေ့တိုင်းမှာတော့ ဘုရင်အုပ်ချုပ်ရေး စတင်ခဲ့တဲ့ မဟာသမ္မတမင်း လက်ထက်ကတည်းက ပေါ်ပေါက်ခဲ့တာလို့ မှတ်သားရတယ်။ အထင်အရှား ရှိခဲ့တာကတော့ ဗိမ္ဗိသာရမင်းပါပဲ။ ကြေးတိုက်အုတ်ရိုးနဲ့အခြေခံအုတ်မြစ်တွေကို အိန္ဒိယ ရှေးဟောင်းအဖွဲ့က တူးဖော်ထားတာတွေကလည်း အထင်ကရပါ။ မြန်မာတို့ရဲ့ ပဒေသရာဇ်ကာလ တလျှောက်လုံးမှာလည်း ကြေးတိုက်ဆိုတဲ့ အမည်ဟာ ထောင်ဝေါဟာရတခု ဖြစ်ခဲ့တယ်။ ထောင်ကို လူတိုင်းက ရွံရှာစက်ဆုပ်ကြတယ်။ ထောင်ဆိုတာ မကောင်းမှုပြုသူတွေရဲ့ ပြစ်ဒဏ်ခံယူရာ အရပ်ဒေသတခုအဖြစ် မှတ်ယူခဲ့ကြတယ်။




ထောင်မှာ ခိုးဆိုး လုယက် လူသတ် မုဒိမ်းသမားတို့သာမက တည်ဆဲဥပဒေနဲ့ ဆန့်ကျင်သူတွေ၊ အုပ်ချုပ်သူရဲ့ အာဏာကို လက်မခံ တော်လှန်သူတွေလည်း အုပ်ချုပ်သူတွေရဲ့ ပြစ်ဒဏ်ပေးတာကို ခံကြရတာပါ။ ဒါကြောင့် ထောင်ဟာ စာရိတ္တပျက်ယွင်းသူတွေသာမက စာရိတ္တ ကောင်းသူတွေလည်း အခန့်မသင့်ရင် နားခိုသွားရတတ်တဲ့ နေရာတခု ဖြစ်ခဲ့တယ်။ ထောင်ကျတယ်ဆိုတိုင်း လူဆိုးတွေရှိတဲ့ အရပ်တခုလို့တော့ သတ်မှတ်ရခက်ပါတယ်။ ထောင်ဆိုတာကတော့ မနေသင့် မနေအပ်တဲ့ ပစ္စန္တရစ်အရပ်၊ မစည်ကားအပ်တဲ့အရပ် ဆိုတာကတော့ အသေအချာပါ။




















😃 ပထမဆုံး ပုသိမ်ထောင်က အခု အမှတ် ၃ ကျောင်းနေရာရဲ့ မြောက်ဘက်မြေနေရာမှာ အကျဉ်းထောင်ကို ဆောက်ပြီး သူ့တောင်ဘက်မှာ တရားရုံး ဆောက်ခဲ့တာ။ ၁၈၈၈ ရောက်မှ လက်ရှိနေရာကို ပြောင်းလဲဆောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် ပုသိမ်ထောင် နေရာဟောင်းအရ ပြောရင်တော့ ရန်ကုန်ထောင်နောက်မှ ဆောက်ခဲ့တာလို့ ဆိုရမှာပါ။ စိတ်ဝင်စားစရာ ကောင်းတာက ဟင်္သာတထောင်ပဲ။




ဟင်္သာတထောင်ဟာ မြန်မာ့တော်လှန်ရေး သူရဲကောင်းတဦးဖြစ်တဲ့ ဗိုလ်မြတ်ထွန်းကို အကြောင်းပြုပြီး တည်ဆောက်ခဲ့တာလို့ ဆိုတယ်။ ပဲခူး၊ ဟင်္သာတနဲ့ ဧရာဝတီဆိုပြီး ခရိုင်ဖွဲ့လို့ ကပ္ပတိန် ဆယ်ယာကို အုပ်ချုပ်ရေးခန့်တာ။ ဗိုလ်မြတ်ထွန်းနဲ့ တော်လှန်ရေးသမားတွေက ဒီဒေသတွေမှာ တော်လှန်တော့ စစ်ပွဲတွေ ရာဇဝတ်မှု ထူပြောလို့ဆိုပြီး ၁၈၅၄ မှာ ဟင်္သာတထောင်ကို ဆောက်လုပ် အုပ်ချုပ်ခဲ့တာ။ ၁၈၆၄ ကျတော့ ထောင်ကိုဖျက်ပြီး ဂတ်တဲလုပ်ခဲ့တယ်။ လက်ရှိအသုံးပြုနေတဲ့ ထောင်သစ်ကို ပြန်လည်တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။




၁၈၇၅ ထဲမှာတော့ မအူပင်ထောင်ကို တည်ဆောက်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၁၅၀ ပြည့်တော့မှာပါ။ စတင်ဆောက်လုပ်စဉ်က မြို့လယ်ခေါင်နဲ့ အတော်လေး ဝေးရာမှာ ရှိခဲ့တာ။ နှစ်တွေကြာလာပြီး မြေပြိုခဲ့တာကြောင့် အခုဆိုရင် မအူပင်မြို့လယ်တောင် ရောက်နေပြီလို့ ဆိုပါတယ်။ မြောင်းမြထောင်ကတော့ ၁၉၀၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့တာပါ။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပြီးမှ ဖွင့်တယ်ဆိုပေမယ့် သူလည်း စောခဲ့တာပါပဲ။ သူ့ထက်စောတာက ထားဝယ်ထောင်ပါ။ ထားဝယ်ထောင်က ဒုတိယ အင်္ဂလိပ်ကျူးကျော်စစ်ပြီးမှ ၁၈၇၂ ခုနှစ်မှာ တည်ခဲ့တာ။ ထားဝယ်မြို့ရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ လေးထောင့်ပုံ ထောင်တမျိုးပါပဲ။




သရက်ထောင်ကတော့ ၁၈၆၃ မှာ တည်ဆောက်တာ။ စတင်အသက်ဝင်တာက ၁၈၆၉ မှပါ။ ဒီထောင်တည်တာက အင်္ဂလိပ်ကို ပုန်ကန်ခြားနားတဲ့ မြန်မာသူပုန်တွေ၊ တော်လှန်ရေးသမားတွေကို ချုပ်နှောင်ဖို့ ရည်ရွယ်ရင်းပါပဲ။ မြန်မာပြည်အလယ်ပိုင်း ပုန်ကန်ခြားနားသူတွေ အတွက်လို့ ဆိုပါတယ်။ သရက်မြို့ရဲ့ မြောက်ပိုင်းရပ်ကွက်နဲ့ အနောက်ပိုင်းရပ်ကွက်တွင်းမှာ ရှိတာပါ။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး တည်ဆောက်ခဲ့တဲ့ ထောင်ထဲမှာ ပေါင်းတည်ထောင်လည်း အပါအဝင်ဖြစ်ခဲ့တယ်။ ပေါင်းတည်ထောင်ကိုတော့ ၁၈၇၅ မှာ စတင်တည်ဆောက်ခဲ့တာ။ ၁၈၇၈ မှာ စတင်အသုံးပြုခဲ့တယ်။




ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီး ထောင်အားလုံးရဲ့ ဝန်ထမ်းတွေက အိန္ဒိယလူမျိုးတွေ ခေါ်ယူအသုံးပြုခဲ့တာ။ မြန်မာထဲက ထောင်ဝန်ထမ်းလုပ်သူ မရှိသလောက်ပါပဲ။ အစောပိုင်းမှာ ထောင်အုပ်ချုပ်ရေး ယန္တရားဟာ ဆေးမင်းကြီးလို့ခေါ်တဲ့ ကျန်းမာရေးဌာနကပဲ အုပ်ချုပ်ခဲ့တာ။ အချို့ထောင်တွေကိုတော့ ကျောက်ထိုးဆရာတွေက အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီးထိ အကျဉ်းထောင် အုပ်ချုပ်ရေးဟာ တရားရေးဝန်ရဲ့ လက်အောက် မရောက်ခဲ့သေးဘူးလို့ တချို့မှတ်တမ်းများမှာ တွေ့ရကြောင်း တင်ပြလိုက်ပါတယ်။




ဆရာေဋ္ဌး      




































ထင်အရှား ရှိနေတာကတော့ ကိုလိုနီခေတ် ထောင်တွေပါပဲ။ ဒီနေ့အထိ မပျက်မစီး ရှိနေပါသေးတယ်။ အချို့သော ကိုလိုနီထောင်တွေကတော့ လိုအပ်ချက်အရ ဖြိုဖျက်ပြီး အဆောက်အအုံသစ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမကျူးကျော်စစ်ပြီးတာနဲ့ အင်္ဂလိပ် မဟာဝန်ရှင်တော်မင်းကြီးရဲ့ အုပ်ချုပ်ရေးနဲ့အတူ သူ့အုပ်ချုပ်ရေးကို အထောက်အကူပြုမယ့် အကျဉ်းထောင်ဆိုတာလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါ်လာခဲ့တာ။




ကိုလိုနီခေတ် အစောဆုံးထောင်က စစ်တွေအကျဉ်းထောင်ပါ။ ၁၈၂၇ ခုနှစ်မှာ စစ်တွေမြို့ဟာ အင်္ဂလိပ်အစိုးရရဲ့ ရုံးစိုက်ရာမြို့ ဖြစ်လာတယ်။ ရုံးစိုက်ရာမြို့ ဖြစ်တဲ့အလျောက် ၁၈၂၇ ခုနှစ်မှာပဲ အကျဉ်းသား ၄၆၄ ယောက် ထားနိုင်တဲ့ စစ်တွေအကျဉ်းထောင်ကို တည်ဆောက်ခဲ့တာကြောင့် ဒီထောင်ဟာ ကိုလိုနီယန္တရားရဲ့ ပထမဆုံး အကျဉ်းထောင် ဖြစ်ခဲ့တယ်။ ဒုတိယအကျဉ်းထောင်က ၁၈၃၀ ထဲမှာ ဆောက်ခဲ့တဲ့ သံတွဲအကျဉ်းထောင်ပါ။ မူလအစကတော့ လက်ရှိ သံတွဲဈေးနေရာမှာ ဆောက်ခဲ့တာ။ အကျဉ်းထောင်ငယ်လေးတခုပါ။ (ဃ) အဆင့်ထောင်အဖြစ် သတ်မှတ်ခဲ့တာ။ ၁၈၉၆ ခုနှစ်ထဲရောက်မှ လက်ရှိနေရာမှာ တိုးချဲ့ပြောင်းလဲ ဆောက်လုပ်ပြီး (ခ) အဆင့် အကျဉ်းထောင်အဖြစ် သတ်မှတ်ခဲ့တာ။




၁၈၂၄ အောက်ဗမာပြည်ဖြစ်တဲ့ တနင်္သာရီကို သိမ်းပြီးတဲ့နောက် မလေးရှား ဝန်ရှင်တော်မင်းကြီးအောက်မှာ ထားခဲ့တာ။ အဲ့ဒီအချိန်က ကျိုက္ခမီမှာ ရုံးစိုက်ခဲ့တော့ ကျိုက္ခမီမှာပဲ ယာယီထောင်တခု ဆောက်ခဲ့တာ။ နောက်တော့ မော်လမြိုင်ကို ရုံးပြောင်းစိုက်တယ်။ ဒါကြောင့် ၁၈၃၂ ခုထဲရောက်မှ မော်လမြိုင်ထောင်ကို ဆောက်ခဲ့တာ။ မော်လမြိုင်ထောင်က အင်္ဂလိပ်တို့ တတိယမြောက် ဆောက်ခဲ့တဲ့ အကျဉ်းထောင်ပါ။ (က) အမျိုးအစား အကျဉ်းထောင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီမှာ တခုပြောစရာရှိတာက သထုံအကြောင်းပါ။ ၁၈၂၄ ခုနှစ်မှာ သထုံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပေမယ့် သထုံခရိုင်တခုလုံးက ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပြီးမှ သူတပါးလက်အောက် ရောက်ခဲ့တာ။ ဒါကြောင့် သထုံထောင်ဟာ ၁၈၈၉ ရောက်မှ ထောင်ငယ်လေးအဖြစ် ဆောက်ခဲ့တာလို့ မှတ်တမ်းတွေက ဆိုပါတယ်။




အခုဖော်ပြခဲ့တာဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီး အုပ်ချုပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အကျဉ်းထောင်တွေပါ။ ဘယ်ခေတ်ဘယ်ကာလ ဘယ်အစိုးရမဆို အုပ်ချုပ်ရေး တည်ငြိမ်ဖို့အတွက် ဖိနှိပ်ရေးယန္တရားအဖြစ် အကျဉ်းထောင်ကို အသုံးပြုခဲ့ကြတာ။ ခေတ်များစွာ ဖြတ်သန်းခဲ့ရပေမယ့် အစိုးရဆိုတာနဲ့အတူ ပေါ်လာတဲ့ ထောင်ကတော့ ပပျောက်မသွားတဲ့အပြင် ပိုလို့ တိုးပွားလာတာပဲ ရှိပါတယ်။ အချို့က စာရိတ္တနဲ့ပတ်သက်တာ ဖြစ်သလို အချို့ကြတော့ အာဏာအကြောင်းတရားကြောင့် ပြစ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ချထိန်းသိမ်းခဲ့ခြင်း ခံရတာ။ ကိုလိုနီခေတ်ဦး ထောင်တွေမှာတော့ မြန်မာတော်လှန်ရေးသမားတွေဟာ အများစု ထိန်းသိမ်းခံကြရတာပါ။ အဲ့ဒီခေတ်က အကျဉ်းသားတွေကိုတော့ ဆေးမင်းကြီးလို့ခေါ်တဲ့ ကျောက်ထိုးဆရာတွေရဲ့ လက်အောက်မှာ ထားရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်မှ အကျဉ်းထောင်မင်းကြီးလက်အောက် ထားရှိခဲ့တာပါ။ ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံထောင်အကြောင်း ဆက်ပြောဖို့ ရှိပါသေးတယ်။ အခုတော့ ဒီမှာပဲ တခန်းရပ်လိုက်ပါတယ်။




ဆရာေဋ္ဌး




09697867969


09697867969

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...