ကံတရားက သိပ်ထူးဆန်းတယ်
သဘာဝတရားကြီးကလည်း သိပ်ထူးဆန်းတယ်
လူတွေရဲ့ စိတ်ကလည်း သိပ်ထူးဆန်းတယ်
စိတ်တွေရဲ့ ထူးဆန်းမှုကြောင့်ပဲလား ကံတရားရဲ့ ထူးဆန်းမှုကြောင့့်ပဲလား လူတွေရဲ့ ရှင်သန်နေထိုင်မှု၊ချစ်ပုံချစ်နည်းတွေကလည်း
သိပ်ထူးဆန်းတယ်။
အဲဒီလို ထူးဆန်းတဲ့ လူတွေထဲမှာမှ ကိုယ်လို ငနဲတွေရဲ့
ထူးဆန်းမှုကတော့ အတော့်ကို ထူးဆန်းတယ်။
ကိုယ်ကတော့ အဲဒီလို ထူးဆန်းမှုအတွက် သိပ်စိတ်ပျက်တယ်။
ကြာတော့ ကိုယ့်အတွက် အချစ်ဆိုတာ ကိုယ်နာကျင်ဖို့အတွက်ပဲ
ဖြစ်ပေါ်လာရတယ်လို့ မြင်လာမိတယ်။
သူ့အချစ်ကို မရနိူင်လောက်ခင်ကတော့ သူချေသမျှ နာကျင်စွာ ခံစားရင်း တစ်ဖက်သတ်ဆန်ဆန်ပဲ ဆက်ချစ်နေနိူင်ခဲ့တယ်၊၊
အဲဒီအချိန် သူ့ရဲ့ အဖက်လုပ်မှုလေးတွေ ရတယ်ဆိုရင်တောင်
ကိုယ်ဆိုတာ ကမ္ဘာမှာ အပျော်ဆုံး လူသားပေါ့။
အဲ ကိုယ့်ကြိုးစားမှုတွေက အရာထင်ပြီး သူ့အချစ်ကို ရလောက်တော့မယ်လဲ သေချာသိရော သူ့အပေါ် ကိုယ့်စိတ်တွေ အလိုလိုကို
သွေးအေးသွားတယ်😞
တကယ်ဆို ရွှေလက်တွဲပြီး ပျော်ပျော်ကြီး ချစ်ပွဲဝင်သင့်တာ မဟုတ်လား၊
ပိုဆိုးတာက အဆင်ပြေနေတဲ့ အခြေနေတစ်ခုကို မျက်ကွယ်ပြုပြီး
အချစ်ငတ်သူတစ်ယောက်ရဲ့ အထာနဲ့ အခြားတစ်ယောက်ရဲ့ အချစ်ကို အနာကျင်ခံပြီး မျှော်လင့်ဖို့ အစပျိုးပြန်တာပဲ၊၊
(သူ နာကျင်စေတော့ဆိုတဲ့စိတ်မျိုး မရှိရိုး အမှန်ပါ)
ဘယ်လိုကြောင့် အဲဒီလို ဖြစ်ဖြစ်သွားရတာလဲ?
ကိုယ်ယုံကြည်တာတော့ အဲဒါ သစ္စာမဲ့မှု မဟုတ်သလို အချစ်ကို ကစားတာလည်း မဟုတ်ဘူးလို့ပေါ့။
ဒါပေမယ့် မကောင်းတာတော့ အတော်ကို မကောင်းတာပါ။
ဆရာကြီးရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ရူပကလျာဏီဝတ္ထုထဲမှာ
နယ်စားကြီးတစ်ယောက်ရဲ့ ချစ်ဒုက္ခအကြောင်း ဖတ်ခဲ့ရဖူးတယ်။
နယ်စားကြီးက ရူပနန္ဒီမင်းသမီးကို အတော်စွဲစွဲလမ်းလမ်း
ချစ်မိတော့ မင်းသမီးကို မရ ရအောင် အမျိုးမျိုး ကြိုးစားတယ်။
မင်းသမီးက ပြန်မချစ်ပေမယ့် နောက်ဆုံးမှာတော့ မငြင်းနိူင်တဲ့
အခြေနေတွေအရ နယ်စားကြီးရဲ့
အချစ်ကို လက်ခံပြီး သူနဲ့ လက်ထပ်ရဖို့ ဖြစ်လာခဲ့တယ်။
လက်မထပ်ခင်မှာ မင်းသမီးက သူ့ဦးရီးတော်နဲ့ တိုင်ပင်ပြီး
နယ်စားကြီိ်းကို ခတ်ဖို့ ထူးဆန်းတဲ့ အဆိပ်တစ်မျိုး တီထွင်လိုက်တယ်။
လက်ထပ်တဲ့နေ့မှာ နယ်စားကြီးကို အဲဒီအဆိပ် ခတ်လိုက်တယ်။
ညရောက်လို့ မင်္ဂလာအိပ်ခန်းထဲမှာ ချစ်ပွဲဝင်ကြတော့မယ်လဲဆိုရော
အဲဒီအဆိပ်က တန်ခိုးပြတော့တာပေါ့။
သူ့တန်ခိုးက သိပ်ကြောက်ဖို့ ကောင်းတယ်။
နယ်စားကြီးခမျာ ငါ့မယားလေးဆိုပြီး ဖက်လိုက်တော့မယ်လဲ
အကြံပေါက်ရော မင်းသမီးအပေါ် ချေးမုန်းသေးမုန်း မုန်းပြီး
လက်ဖျားနဲ့တောင် မထိတော့ပဲ အခန်းအပြင် ထွက်သွားတော့တယ်တဲ့။
အခန်းအပြင်ရောက်လို့ မင်းသမီးကို မမြင်ရတော့ဘူးလဲဆိုရော
နယ်စားကြီးရဲ့ ပင်ကိုယ်ချစ်စိတ်တွေက တဖွားဖွား ပေါ်ပေါက်လာပြီး
မင်းသမီးကို တွေ့ရဖို့ အခန်းထဲ ပြေးဝင်ပြန်တယ်တဲ့။
အခန်းထဲရောက်လို့ ချစ်တော့မယ်ဟဲ့ ကြိုက်တော့မယ်ဟဲ့လဲဆိုရော
ပထမတစ်ခါလို အော်ဂလီဆန်စိတ်နဲ့ အခန်းပြင် ပြေးထွက်လာခဲ့ရပြန်တယ်တဲ့။
မင်းသမီးကတော့ အဲဒီထူးဆန်းတဲ့ အဆိပ်ရဲ့ ကျေးဇူးကြောင့်
အပျိုရည်မပျက်ပဲ နယ်စားကြီးနဲ့ လင်မယားအဖြစ် ဆက်လက်ပေါင်းသင်း နေနိူင်ခဲ့တာပေါ့။
ကိုယ်တွေးမိတာက အဲဒီအဆိပ်ဆန်ဆန် အဆိပ်တစ်မျိုးမျိုးကို
ကိုယ်ချစ်ခဲ့ဖူးသူတွေထဲက တစ်ယောက်ယောက်ကများ
သူပေးတဲ့ အပျော်တွေထဲ ရောထည့်ပြီး ကိုယ့်ကို ခတ်ခဲ့တာလားပေါ့။
ကိုယ့်မှာတော့ တကယ်ချစ်ပေမယ့် ဆက်ပြီးတော့ကလဲ မချစ်ချင်......
အချစ်မရှိပဲလဲ မနေတတ်ပြန်တော့ အချစ်အတွက် ကြိုးပမ်းရပြန်.....
ရလောက်ပြန်တော့လဲ ဆက်မချစ်ချင်ပြန်နဲ့ အတော်ကို ရောက်ရတဲ့
ချစ်ဒုက္ခပါပဲ၊၊
ဒီလို ချစ်ဒုက္ခနဲ့ ဒဏ်ခတ်ခံရလောက်အောင်လဲ ကိုယ့်ဘက်က
နယ်စားကြီးလို ယုတ်မာမှုမျိုးလဲ မရှိခဲ့ရပါဘူးလေ။
ထားပါတော့လေ............
ဒီလို ပုံမှန်မဟုတ်တဲ့ ဂွကျကျအဖြစ်မျိုးတော့ သူတို့ ခတ်တဲ့
အဆိပ်ကြောင့် မဟုတ်ရရင်တောင် အတော်ဆိုးတဲ့
ကံကြမ္မာကြောင့်လို့ပဲ ဆိုရစေတော့။
ကံကြမ္မာကို ယိုးစွပ်တာပဲ စိတ်သက်သာတယ်။
မဟုတ်ရင် အဲဒီစိတ္တဇနဲ့ ရွာသာကြီး ဒိုးရကိန်း ရှိတယ်😀😀
ထက်ခေါင်း
No comments:
Post a Comment