ရောင့်ရဲဖို့ ရဟန်းဝတ်ရာက သိမ်းပိုက်ဖို့
ကြိုးစားလာတဲ့ စည်းစိမ်ရှင် ရဟန်းများ
______________________________
အဖေကိုးကွယ်တဲ့ဆရာတော်၊အမေကိုးကွယ်တဲ့ဆရာတော်စသဖြင့် ကျနော်တို့ ကြားခဲ့ဖူးတယ်။နာမည်ကြီးရင် ကြီးသလောက်
ဥပသကာတွေများလာတယ်။
လာဘ်လာဘပေါတယ်။
ဆရာတော်ကြီးတွေရတဲ့ လာဘ်လာဘတွေကို မနာလိုလို့ပြောတာမဟုတ်ဘူး။ဒါပေမယ့် သိပ်တွန့်တိုတတ်တဲ့ အဒေါ်ကြီးတွေ၊အမှိုက်ကောက်တဲ့ ကောင်လေးတွေကို ဟိန်းဟောက်
မောင်းထုတ်တတ်တဲ့ ဦးလေးကြီးတွေက ဆရာတော်ကြီးတွေအပေါ်တော့ သိပ်ကို စေဆနာတွေပိုတာမြင်တော့ ကျနော် အံ့သြရတယ်။
ဘာကိုအံ့သြတာလဲဆိုတော့ သူတို့ ဘယ်လိုစိတ်နဲ့ လှူသလဲဆိုတာကို အံ့သြတာ။
ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး ကျနော်တိုင်းတဲ့ ပေတံကသိပ်ရိုးရှင်းပါတယ်။
စိတ်ထားကောင်းသူတိုင်းတော့ တရားရနေကြတာမဟုတ်ဘူး။ဒါပေမယ့် တရားရှိသူတိုင်း
စိတ်ထားကောင်းကြတယ်။စွန့်ရအခက်ဆုံး ဘဝတဏှာအထိစွန့်ဖို့ရည်ရွယ်တယ်။
ဖြတ်ရအခက်ဆုံး မာနကိလေသာအထိ
ဖြတ်ဖို့ရည်ရွယ်တဲ့သူတွေဟာ သူတော်စင် သူတော်ကောင်းတော့ ဖြစ်သင့်ရဲ့မဟုတ်လား။
ကိုးကွယ်ခြင်းငါးမျိုးရှိပါသတဲ့။
ဘယ - ကြောက်လို့ကိုးကွယ်ခြင်း
လာဘ - လာဘ်လိုချင်လို့ကိုးကွယ်ခြင့း
ကုလ - မျိုးရိုးအလိုက် ကိုးကွယ်ခြင်း
အာစရိယ - ဆရာဖြစ်လို့ ကိုးကွယ်ခြင်း
နိဿရဏ - သံသရာကလွတ်မြောက်ဖို့ ကိုး
ကွယ်ခြင်း
ရတနာသုံးပါးကို ဆည်းကပ်တဲ့အခါ
နိဿရဏကိုးကွယ်ခြင်းမျိုးနဲ့သာ
ကိုးကွယ်အပ်တယ်တဲ့။
ဘယ်ဆရာတော်က ဘာစွမ်းတယ်။
ညာစွမ်းတယ်ဆိုတဲ့ သတင်းတွေ
ကျနော်ကြားဖူးတယ်။
လူတွေက ဘယ်လောက် အကျိုးမျှော်လွန်းသလဲဆိုရင် လက်ျာရံ အဂ္ဂသာဝကနဲ့ လက်ဝဲရံ အဂ္ဂသာဝကနှစ်ပါးဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန် တို့ကို ရုပ်တုထုပြီး မကိုးကွယ်ဘူး။လာဘ်လာဘအရာမှာ အမြတ်ဆုံးဘွဲ့ကိုရထားတဲ့ ရှင်သီဝလိကို ရုပ်တုထုကိုးကွယ်ကြတယ်။ဒါဟာဘာလဲဆိုရင် မဟာသာဝက ရဟန္တာတစ်ပါးကို ကိုးကွယ်တာတောင် နိဿရဏနဲ့ မကိုးကွယ်ဘဲ
လာဘနဲ့ကိုးကွယ်ခြင်းမျိုးပေါ့။
ဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ကို မကြိုက်ကြတော့ဘူး။လောကီချမ်းသာကို ဦးစားပေးနေကြပြီ။
ဆရာတော်တစ်ပါးဟောတဲ့တရား
(သို့မဟုတ် ) ရေးတဲ့စာအုပ်ကို မဖတ်ဖူးသေးဘဲ
တန်ခိုးကြီးတယ်ဆိုယုံနဲ့ ဖူးချင်တဲ့သူက
ဒုနဲ့ဒေး။
သာသနာ့အာဇာနည်ဆရာတော်တွေဆိုတာ သူ့အလုပ်နဲ့သူတောင်မအားဘူး။
နန်းမတော်မယ်နုကိုးကွယ်တဲ့ ညောင်ကန်ဆရာတော်ဦးဗုဓ်ဆိုရင် တန်ခိုးထွားနေတဲ့
ဘုရင့်မယား မယ်နုကို စကားတောင်
အဖက်လုပ်မပြောဘူး။
သူ့မှ ကျမ်းပြုစရာတွေရှိနေသေးတော့ မိတ်ဖြစ်ဆွေဖြစ်ကို စကားပြောလိုစိတ်မရှိတာ။
မင်းကွန်းဆရာတော်ကြီးကလည်း တရားဟောတဲ့အလုပ်၊ကျမ်းပြုတဲ့အလုပ်ကိုပဲ
တစိုက်မက်မက်လုပ်သွားကြတယ်။
သူ့ရုပ်ကြီးထိုင်ဖူးနေလို့ ဘာတရားမှမရဘူးလို့ ဘုရားရှင်ကတောင် ပြတ်ပြတ်သားသား
မြိန့်ကြားပြီးသား။
ဗုဒ္ဓခေတ်တုန်းက ဗုဒ္ဓဘာသာကိုဝင်ကြသူတွေဟာ ဗုဒ္ဓရဲ့ဒေသနာကို နားကြားပြီးမှ နှစ်သက်လက်ခံလို့ ဗုဒ္ဓရဲ့အဆုံးအမကို နာယူပါမယ်ဆိုပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူကြတာ။
ဒီနေ့လို ဗုဒ္ဓဘာသာဝင်မိဘနှစ်ပါးကမွေးရုံနဲ့ ဘုမသိဘမသိ ဗုဒ္ဓဘာသာတန်းမဖြစ်ဘူး။
{ ကြောက်လို့ကိုးကွယ်ရုံနဲ့ ဗုဒ္ဓဘာသာမမည်ဘူး။
လာဘ်လိုချင်လို့ လောကီချမ်းသာချင်လို့ ကိုးကွယ်ရုံနဲ့လည်း ဗုဒ္ဓဘာသာမမည်ဘူး။
မိဘမျိုးရိုးအရ မိရိုးဖလာကိုးကွယ်ရုံနဲ့လည်း
ဗုဒ္ဓဘာသာမမည်ဘူး။
လောကီချမ်းသာအတွက်
ဗုဒ္ဓပေးတဲ့နည်းကို
ကြိုက်လို့ကိုးကွယ်ရုံနဲ့လည်း
ဗုဒ္ဓဘာသာမမည်ဘူး။ }
သံသရာလွတ်မြောက်ဖို့ ရည်စူးတဲ့စိတ်နဲ့ ကိုးကွယ်မှသာ ဗုဒ္ဓဘာသာလို့ခေါ်ထိုက်တယ်။
ဗုဒ္ဓပွင့်လာတာလည်း ဒီအတွက်ပဲ။
ဘုန်းကြီးသေရင် ဧရင်ကျူးတဲ့ဓလေ့က ဘယ်ကစတယ်မသိ။ခုထိကျင့်သုံးနေတုန်း။
ဓမ္မအလိုက်ဟောဖို့ထက် ပုဂ္ဂိုလ်အကြိုက်
ဟောချင်တဲ့ဘုန်းကြီးက ပိုများနေပြီလား။
ဘုံကထိန်ပဲဆိုပါစို့။မြောက်ကျွန်းက ပဒေသာပင်ကြီးကို ရည်မှန်းပြီး ပဒေသာပင် သီးသတဲ့။
တကယ့်ပကာသနစစ်စစ်ပါ။ပိုက်ဆံတွေခေါက်၊အရုပ်တွေလုပ် ။အချိန်ကုန်။လူပန်း။
လှူတယ်ဆိုတာ ပကာသနအတွက်မဟုတ်။
ကြွားဝါချင်လို့မဟုတ်။လိုအပ်တာကို ရိုးရိုးလေးလှူလိုက်ရင် မပြီးဘူးလား။
တပါးသူကို ချမ်းသာစေလိုတဲ့ မေတ္တာစိတ်၊
ကိုယ့်ပစ္စည်းကို တွယ်မက်တဲ့တဏှာကို ဖြတ်တဲ့အလေ့အကျင့်လေးရယ်။
ဒီအတွက်လှူတယ်။
"နိဗ္ဗာန ပစ္စယောဟောတု"
နိဗ္ဗာန်အတွက် အထောက်အပံ့ဖြစ်ပါစေတဲ့။
တချို့ဒကာဒကာမတွေများကျတော့ နိဗ္ဗာန်ကို လိုချင်လို့လှူတာမဟုတ်ဘူးဘုရား။
ချမ်းသာချင်လို့ ၊အဆင်းလှချင်လို့ ဆိုလာခဲ့ရင်
လှူမှာသာလှူစမ်းပါ။အဆင်းလည်းလှစေရမယ်။ချမ်းလည်းချမ်းသာစေရမယ်။
လှူဖြစ်အောင်လှူဖို့အရေးကြီးတယ်။
ဒီလိုပြန်ပြောမယ့် ဘုန်းကြီးတွေရှိတယ်။
မင်းနားကပ်ပြီးစားသောက်တဲ့သူကို မင်းမြှောင်လို့ခေါ်ရင် ဒီခေတ်မှာ ရဟန်းမြှောင်တွေလည်း သိပ်ပေါတယ်။
အလှူတွေကို လိုက်ပိတ်ပင်ချင်တာမျိုးမဟုတ်သလို ရဟန်းတွေကြီးပွားကောင်းစားနေတာကိုလည်း မနာလိုလို့မဟုတ်ဘူး။
လှူတယ်ဆိုတာ ဖြည့်တာ။ပိုလျှံနေတဲ့နေရာကို ထပ်ထည့်တာမဟုတ်ဘူး။ရေများရာမိုးရွာ
နေကြသလားပဲ။လှူတယ်ဆိုတာ ရွှေတွေနဲ့ ထူထပ်နေပြီဖြစ်တဲ့ မဟာမုနိဘုရားကြီးရဲ့ ကိုယ်ကို ရွှေပြားတွေ ထပ်ထပ်ကပ်တာမဟုတ်ဘူး။ဘယ်ပုဂ္ဂိုလ်ကို လှူတယ်ဆိုတာထက် ဘယ်လိုစိတ်နဲ့လှူတယ်ဆိုတာက
ပိုအရေးကြီးတယ်။
မြန်မာနိုင်ငံက အလှူအတန်းသိပ်လုပ်ကြပါတယ်။ဒါပေမယ့် မရှိသူကို လှူကြတာမဟုတ်ဘူး။
ရှိသူကိုပဲ ထပ်ထပ်ပြီးလှူကြတာမျိုး။
သူတောင်းစားဘဝကတော့ အနေချောင်ချင်မှ ချောင်လိမ့်မယ်။သင်္ကန်းသာဝတ်လိုက်။
တရားအားထုတ်သည်ဖြစ်စေမထုတ်သည်ဖြစ်စေ၊သီလရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ၊
ထမင်းတော့ ဝစေရမယ်။
သင်္ကန်းမြင်လို့ကတော့ ဦးသာကုန်းချဟေ့ဆိုတဲ့ စကားဟာ ဗုဒ္ဓခေတ်မှာတောင်မမှန်ဘူး။
အနေအစားချောင်ချင်လို့ ဘုန်းကြီးဝတ်တဲ့သူ၊
ရာဇဝတ်ဘေးရှောင်ချင်လို့ ဘုန်းကြီးဝတ်တဲ့သူ
ဆိုတာ ဗုဒ္ဓခေတ်ကတည်းကရှိတယ်။
အခုတော့ ပိုပေါတာပေါ့လေ။
"ပရိယတ္တိသာသနာ အဓွန့်ရှည်ဖို့ ၊
ပဋိပတ္တိသာသနာ ကျင့်သုံးနိုင်ဖို့၊
ပဋိဝေဒသာသနာအောင်မြင် ရောက်ရှိစေဖို့ "
အားထုတ်ကြိုးပမ်းနေတဲ့ ရဟန်းစစ်ရဟန်းမှန် တွေ အများကြီးရှိပါတယ်။
ပစ္စည်းလေးပါး ၊ ပရိက္ခရာရှစ်ပါးအပြင် ခေတ်နဲ့ လျော်ညီစွာ လိုအပ်နေတဲ့ အခြားအသုံးအဆောင်တွေလည်း လိုအပ်နေမှန်းသိပါတယ်။
ဒယိကာ ဒယိကာမတွေကလည်း လိုအပ်တာကိုသာ လှူသင့်သလို ရဟန်းတွေဘက်ကလည်း လိုအပ်သလောက်ပဲ အလှူခံသင့်တယ်။
လှူနည်းကိုလည်း လမ်းညွှန်သင့်တယ်။
လာဘမစ္ဆာရိယ၊ကုလမစ္ဆာရိယ၊အာဝါသ မစ္ဆာရိယတွေ သိပ်ပေါလေတော့ ငါ့ကျောင်းလာလှူရင်ပြီးရော တကယ်လိုအပ်နေတဲ့
အခြားကျောင်းကို လှူဖို့ တိုက်တွန်းတဲ့အကျင့်လည်း ရှားပါးနေပြီ ထင်ပါရဲ့။
((( ရောင့်ရဲဖို့ ရဟန်းဝတ်ရာက သိမ်းပိုက်ဖို့
ကြိုးစားလာတဲ့ စည်းစိမ်ရှင် ရဟန်းတွေ
သိပ်ကိုများလာတယ်။ )))
ဘိုးတော်ယောင်ယောင် ၊ ဝိဇ္ဇာယောင်ယောင်
ဘုန်းကြီးတွေလည်း ရှိနေကြသေးတယ်။
လူသတ်ဖို့အားပေးတဲ့ဘုန်းကြီး၊
အစွန်းရောက်တရားတွေနဲ့ ဘုန်းကြီး၊
ဗုဒ္ဓဘာသာကို အတ္တမာနနဲ့ ဆုပ်ကိုင်ခိုင်းနေတဲ့ ဘုန်းကြီးတွေမှာလည်း ဝန်းရံကိုးကွယ်သူတွေ သိပ်ကိုများနေကြတယ်။
သာသနာပျက်ပြီဆိုရင် ဖျက်ဆီးမယ့်သူက
ရဟန်းတွေကိုယ်တိုင်ပဲလို့ ကြားဖူးခဲ့တာ
သိပ်ကို မှန်နေမှာပါ။
credit
ဝိသပနာတရားရှိသူတို့ဆုံဆည်းရာ
No comments:
Post a Comment