Saturday 18 June 2022

Evil self နှင့် စကားပြောခြင်း” Daniel Min thu

 


“Evil self နှင့် စကားပြောခြင်း”


အသက်ရှင်နေထိုင်ရတာ ပင်ပန်းလိုက်တာ။ 


သေလိုက်တာ ပို မကောင်းဘူးလား။ 

သတ်သေတာက စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ပြည့်စုံတယ်။ 


ဟုတ်တယ်နော်။ 

သတ်သေခြင်းက စဉ်းစားခြင်ဆင်ဉာဏ်နဲ့ ပြည့်စုံဆုံး အလုပ်ပဲ။ 

လူတွေက ပြောကြတယ်။ suicide က အသိတရားကင်းမဲ့တာ။ တာဝန်ယူစိတ်မရှိတာ။ 

ကျန်ရစ်သူတို့ကို မစာနာ။ 

စသဖြင့်ပေါ့လေ။ 

ဒါပေမယ့် မိမိရဲ့ အသက်၊ ဖြစ်တည်မှု တစ်ခုလုံးကို တောင် ရပ်တန့်နိုင်တဲ့လုပ်ရက်ဟာ ဘယ်လောက် ရဲရင့်လိုက်သလဲ။ 

ဘယ်လောက်တာဝန်ယူမှု အားကြီးသလဲ။ 


ဟုတ်တယ်။ suicide က စဉ်းစားခြင်ဆင်ဉာဏ်နဲ့ ပြည့်စုံတဲ့ လုပ်ရပ်မှန်း တွေးခေါ်ပညာရှင်တွေကလည်း သုံးသပ်တယ်။ 

ရှင်သန်နေထိုင်ရတာ အဓိပ္ပါယ်မှ မရှိတာ။ 

ဖြစ်တည်နေရတာ က အဓိပ္ပါယ်မဲ့လွန်းတယ်။ 


ဒါကို အပြည့်အဝ လက်ခံတယ်။ ဘဝဆိုတာ ဒုက္ခ မဟုတ်လား။ 

ထာဝရ ခံစားနေရတဲ့ သဘောတရားအစစ်ပဲ။ 

ဒါ့ကြောင့် ဒုက္ခက သစ္စာဖြစ်နေတာပေါ့။ 

ဒါပေမယ့် လည်း Sisyphus happiness ကို မမေ့သင့်ဘူး မဟုတ်လား။ 

ပုံပြင်ကွဲတွေ အများကြီး ရှိနေတဲ့ အဲဒီ Sisyphus happiness မှာ တောင်ပေါ်ရောက်ခါနီးတိုင်း ပြုတ်ပြုတ်ကျ သွားတဲ့ကျောက်တုံးကြီး ကို အခါခါ ထပ်တလဲလဲ သယ်နေရတယ်။ 

အောင်မြင်ခါနီးတိုင်း (အောင်မြင်လုနီးပါး) အခြေအနေမှာ ရလိုက်တဲ့ ပျော်ရွင်မှုက ဘဝ ကို အဓိပ္ပါယ်တစ်ခု ဖြစ်စေတယ်။ 

ဘဝကြီးက Sisyphus လိုမျိုးပဲ။ တောင်အောက်က နေ လေးလံတဲ့ ကျောက်တုံးကြီးပေါ်မှာ သောကပရိဝေဒ တွေ သယ်လာပြီး တောင်ပေါ်ရောက်တိုင်း ဒီသောကတွေ လွတ်ချ လိုက်ရမယ်။ ဒါက ခဏလေး ဖြစ်ရင်တောင် အဓိပ္ပါယ်တစ်ခု ဖြစ်မသွားဘူးလား။ 

ဒီပျော်ရွင်မှုလေးကိုလည်း မမေ့သင့်ဘူးလေ။ 


တကယ်တော့ Sisyphus happiness က အဓိပ္ပါယ်မရှိဘူး။ 

လောကကြီးမှာ လူတွေ တကယ်လိုချင်တာက ဘာလဲ။ 

လက်တွေ့ ရနေတာကဘာလဲ။ 

လောကကြီးကနေ လူတွေ လိုချင်နေတာက အဓိပ္ပါယ်တွေ မဟုတ်လား။ 

အဓိပ္ပါယ် တစ်ခုခု ရှိမယ့် အကြောင်းပြချက်တွေ မဟုတ်လား။ 

ပြန်ရတာ အဓိပ္ပါယ် တစ်ခုမှ သတ်မှတ်လို့ မရတဲ့ ပရမ်းပတာ လောကကြီး မဟုတ်လား။ 

ဒီတော့ sisyphus happiness ဆိုတာ အဓိပ္ပါယ်မရှိဘူး။ 

ဖြစ်တည်နေထိုင်နေတာ၊ အသက်ရှင်သန်နေတာ က အကြောင်းပြချက် မရှိဘူး။ 

ပရမ်းပတာ လောကကြီးကနေ ကြုံရာကျပန်း ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုပဲ။ 

ဒီအခြေအနေ တစ်ခုမှာ အဓိပ္ပါယ် တစ်ခု ထပ်ထည့်လိုက်လို့ အဓိပ္ပါယ် ရှိမလာဘူး။ 


ဒါဆို ဘာကအမှန်တရားလဲ။ 


အမှန်တရားမရှိဘူး။ 

ဖြစ်တည်မှုက အဓိပ္ပါယ် မဲ့လွန်းတယ်။ 

ဆဲလ်တွေ အက်တမ်တွေက ဖြစ်လာလို့ အက်တမ်တွေ အဖြစ်ကို ပြန်ရောက်တာပဲ အမှန်တရားရှိမယ်။ 

သိစိတ်ဆိုတာလည်း အဲဒီ ပရမ်းပတာအခြေအနေကြီးက ထွန်းထွက်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ။ 


အဲဒီသိစိတ်ကို အမှန်တရားတစ်ခုလို မှတ်ယူလို့ရော မရဘူးလား။ 

ငါတို့သိနေတာတွေကို တကယ်မှန်ကြောင်းတောင် ငါတို့မသိနိုင်ဘူး။

ဒါပေမယ့် ငါတို့ တွေ့ကြုံခံစားလိုက်တာက တကယ်ပဲ။ 

စိတ်ခံစားချက်တွေကို အမှန်တရားတစ်ခုလို လက်ခံပြီး နေထိုင်ရင်ရော။ 

ကြည်အေးရဲ့ မီဝတ္ထုထဲက မီ လို။ 

လေးကို ချစ်လည်း မချစ်ဘူး။ မုန်းလည်းမမုန်းဘူး။ 

စိတ်ထဲ ဖြစ်လာတဲ့ စိတ်ခံစားချက်တွေအတိုင်းပဲ ဘားသွားရင် သွားလိုက်မယ်။ သောက်လိုက်ချင်ရင် သောက်လိုက်မယ်။ 

ကလိုက်ချင်ရင် ကလိုက်။ 

စိတ်မှာ ဖြစ်ပေါ်လာသမျှ တိုင်းက အမှန်တရားပဲ။ 

ပြီးတော့

မောင်၊က်ိုကိုနဲ့ မြနန္ဒာ ဝတ္ထုထဲက မြနန္ဒ လိုနေရင်ရော။ 

သမီးလေးက ဘဝရဲ့ အဓိပ္ပါယ်တစ်ခု ဖြစ်နေတယ်။ 

ဒါပေမယ့် အချိန်တစ်ခု မှာ သူ့စိတ်ခံစားချက်တွေအတိုင်း တစ်ယောက်ထည်းနေချင်နေမယ်။ 

ဖဲဝိုင်းသွားရင်သွားမယ်။ 

သောက်ရင်သောက်မယ်။ 

ဖြစ်တည်မှုက အဓိပ္ပါယ်မဲ့တယ်။ 

အဓိပ္ပါယ်တစ်ခု ထည့်ဖို့ ကြိုးစားတာလည်းအဓိပ္ပါယ်မရှိဘူး။ 

ဒီတော့ သိစိတ်က လှုံ့ဆော်လိုက်တဲ့ စိတ်ခံစားချက်တွေအတိုင်း ရှင်သန်နေထိုင်ရင်ရော။ 


နေလို့ရတာပဲ။ ဒါပေမယ့် လက်ရှိ မိမိပတ်ဝန်းကျင်ကြီးရဲ့ ဖွဲ့စည်းပုံမှာ ဒီလိုလူတွေ အတွက် နေရာမရှိဘူး မဟုတ်လား။ 

သူတို့ကို စည်းပြင်က လူတွေလို့ မှတ်ကြမှာပေါ့။ 

လူတွေက အလွယ်တကူလည်း နားလည်မှာ မဟုတ်ဘူး။ 

လူ့ရဲ့ သိစိတ်မှာ ကိန်းအောင်းနေတဲ့ ဘောင်ဝင်ချင်တဲ့ စိတ်၊ sense of belonging ကြောင့် အတင်းဝင်ဖို့ ကြိုးစားလည်း အထီးကျန်စိတ်နဲ့ ၊ အမြဲလည်း အထီးကျန်နေမှာပဲ။ 

ဒီလိုပဲ ရှင်သန်နေရမှာ။ 

ဒီလိုဘဝ မျိုးရှင်သန်ရှင်း နောက်ဆုံး အဆုံးသတ်ဖို့ စိတ်ဖြစ်လာလည်း ရပ်တန့်ပလိုက်။ 

အမှန်လည်းမဟုတ်သလို၊ အမှားကြီးလည်း ဖြစ်မသွားဘူး။ 


သိစိတ်တစ်ခုထည်းရှိတဲ့ သတ္တဝါ မဟုတ်တော့ မသိစိတ်ရဲ့ တွန်းအားတစ်ခုနဲ့လည်းရှင်သန်နေရတယ်။ 

သိစိတ်က ဒါတွေကို အဓိပ္ပါယ် ရှာတယ်။ 

အဓိပ္ပါယ် မဲ့မှန်းသိတယ်။ 

မသိစိတ်မှာ တော့ အဓိပ္ပါယ် ရှိရှိမရှိရှိ သူ့အလုပ်အတိုင်း ဆက်လုပ်နေတာပဲ။ 

ဆဲလ်လေးတွေရဲ့ အလုပ််က သင်ယူမယ် ပြန့်ပွါးမယ် မဟုတ်လား။ 

သေဖို့ ဆိုတာ ကို သိစိတ်ကပဲ သိတယ်။ 

ရပ်တန့်ပြစ်ဖို့ သိစိတ်ကပဲ လုပ်ချင်နေတာ။ 

မသိစိတ်က တော့ ရှင်သန်လိုနေမှာပဲ။ 

ရှင်သန်ချင်မှလည်း ရှင်သန်ချင်မှာပေါ့လေ။ သိမှ မသိတာကိုး။ 


သိစိတ်ကြောင့်ပဲ ခုလိုတွေ သိနေရ၊ စိတ်ခံစားနေရ၊ အထီးကျန်နေရတယ်။ 

သိစိတ်ကို ရပ်တန့်ဖို့ဆိုတာ စိတ်ခံစားချက်အတိုင်းနေထိုင်နေလို့ရော၊ ဖြစ်တည်မှုပဓါန ထားလို့ရော ဖြစ်မလာဘူး။ 

မရပ်တန့်သွားဘူး။ 

သိစိတ်ရပ်တန့်ချိန်က သေဆုံးချိန်ပဲ။

09697867969


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...