denial minthu
အိမ်ရှေ့မျက်နှာစာက စာဗိုက်ဝါလေး လင်မယားတော့ ဒီနေ့မနက်ပဲ ရေးကြီး သုတ်ပြာနဲ့ ပြောင်းသွားကြပြီ။
လင် တစ်လှည့် မယားတလှည့် သူတို့အိမ်ကို ပြန်ဖျက်ပြီး အပြေးအလွှားတွေ သယ်သွားကြတယ်။
ကောက်ရိုးမျှင်တွေ ဟိုတစ ဒီတစပြန့်ကျဲ ကျန်ခဲ့လေတယ်။
ဘာဖြစ်လို့လဲ မေးဖော်တောင် မရလိုက်ပါဘူး။
နေ့တိုင်းအော်အော် ဆိုနေတဲ့ ရေဝိုင်းရဲ့ (Raywai) ပေးစာ သီချင်းသံကို ကြားရလွန်းလို့လား။
နေ့တိုင်း ငူငူကြီး ထိုင်ထိုင်ကြည့်နေမိလို့လား။
ဟုတ်တယ် ငါ မင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နေတဲ့ ဘဝလေးကို အားကျမိလို့ ထိုင်ကြည့်နေမိတာပါ။
တကယ်တော့လည်း တခါတလေ ငါဘာကြည့်နေမှန်းတောင် ငါမသိရဘူး။
ဟိုးအဝေးက ချောင်းမှာ လေတိုက်တိုင်း လှိုင်းထ နေတဲ့ရေပြင်ကို လည်း မြင်ရတယ်။
သွားလာ လှုပ်ရှားနေသူတွေကိုလည်း မြင်ရတယ်။
ရွှေရင်အေး ဆိုပြီး အော်အော်ရောင်းနေတဲ့ ဦးလေကြီးကို လည်း မြင်ရတယ်။ ပူလိုက်တာ။
ငါ ဘာမြင်နေမှန်း ငါကိုယ်တိုင်လည်း မသိရပါဘူး။
မင်းတို့ လင်မယား ပျံသွားလိုက် ပျံလာလိုက် လုပ်နေတာတွေကို လည်း ကြည့်မိပြီး ပြုံးမိတာတော့အမှန်ပဲလေ။
တခါတလေ ရန်ဖြစ်ကြသေး။
ချစ်ကြည်နူးနေတယ်ပဲ ငါထင်တာပဲ။
ပူလွန်းလို့ ဖင်ပြောင်ကြီး အိမ်မှာ လျှောက်သွားနေတဲ့ ငါ့ကို မြင်မိလို့လား။
ယပ်တောင်ကြီး တကားကားနဲ့ လေ။
ဟာသပြောတာပါ။
ဟိုသာလိကာမလေး
မနက်မိုးလင်းတိုင်း အခန်းတံခါးကို
လာခေါက်မယ် ထင်ပြီး ငါ မျှော်နေမိသေးတယ်။
မင်းတို့လိုပဲ။ သူကအတော်စကားများတယ်။
ခုတော့ မင်းတို့ ထွက်သွားကြပြီ။
ဘာလို့လဲ။
ဘာလို့လဲကွာ။
ပူလွန်းလို့ ဖြစ်မှာပါလေ။
တိတ်ဆိတ်တဲ့ အသံဟာ ကြောက်စရာကောင်းမှန်း ငါသိပြီ။
09697867969
No comments:
Post a Comment