ဆန္ဒပြပွဲ အတွေ့အကြုံ
ဒီကြက်ဥက မနက်က ဆန္ဒပြတဲ့အထဲပါလို့ ရခဲ့တဲ့ ကြက်ဥ။ နောက်နေ့တွေ ဆန္ဒပြပွဲထဲ ဆက်ပါရမလား စဉ်းစားမိတယ်။ ကျန်းမာရေး လှုပ်ရှားမှုတော့ ဖြစ်တယ်။ အုပ်စုလိုက်ဆိုတော့ ပျော်စရာကြီးလိုလို။
အများနဲ့ဆိုတော့ ရောယောင်ပါသွားတာပါပဲ။ ငြင်းမလို စဉ်းစားသေးပေမယ့် ငြင်းရင်လဲ ကိုယ့်သာ လူမုန်းများသွားမယ်။ ကိုယ်လဲ စစ်အစိုးရကို ထောက်ခံတာမဟုတ်။ နောက်တစ်ကြောင်းက ဆန္ဒမပြဖူးရင် ခေတ်မမီသလိုလို လူရာမဝင်သလိုလိုဆိုတော့ လိုက်သွားကြည့်တာ။
ဆန္ဒပြဆိုပေမယ့် စိတ်ခံစားမှုက ပွဲစျေးတန်းမှာ စျေးမဝယ်ဘဲ ပွဲစျေးလျှောက်တဲ့ ခံစားမှုမျိုး။ သာသာယာယာ ဖြစ်နေတယ်။
ရဲတွေ ရှေ့မှာ ပိတ်ထားတယ် ပြောတော့ ထိတ်သွားတယ်။ မနေ့ကလို ထိပ်တိုက်တွေ့တော့မှာလား စိုးရိမ်သွားတယ်။ ကိုယ်ကသာ စိုးရိမ်နေတာ၊ ဘေးက တစ်ချို့ကတော့ ရဲနဲ့ ထိပ်တိုက်တွေ့ကြည့်ချင်သေးတာ တဲ့။ စိတ်ထဲဖြစ်နေတာက သူတို့ ထိပ်တိုက်တွေ့တာကိုလဲ ကြည့်ရမလား (အမှန်ဝန်ခံရရင် စိတ်ထဲကတော့ ကြည့်ချင်မိတယ်) ? လစ်ပြေးရတော့မလား ? ဝေခွဲမရ။
ရဲလေးတွေကလဲ ဘယ်အချိန်ကတည်းက ရပ်နေရတယ် မသိ။ စားစရာ မရှိ။ ရေဘူးတောင် မမြင်။ သနားလိုက်တာ! နောက်နေ့ မနက်စောစောတော့ စားစရာ မုန့်နဲ့ ရေလေး သွားပေးလိုက်ဦးမယ် စိတ်ကူးမိတယ်။
ဒါပေမယ့် ရှေ့က ဦးဆောင်သူတွေက လမ်းကြောင်းပြောင်းသွားတော့ ဒီအတိုင်း ရပ်ကွက်ထဲ အိပဲ့ အိပဲ့ လိုက်လမ်းလျှောက်ပေါ့။ လမ်းမကြီးထက်တုန်းက ကိုယ့်ကို ကြည့်သူ အများကြီးမို့ ပျော်သလိုလို ရှိုးတို့ရှန့်တန့် ဖြစ်သလိုလို ပေမယ့် ရပ်ကွက်ထဲကျတော့လဲ ကြောင်တောင်တောင်ကြီးလို့ ခံစားရပါတယ်။
"အမေစု အမေစု" ဆိုတဲ့ လုပ်ယူတဲ့ ငိုသံပါကြီးနဲ့ ထအော်တော့ ဆန္ဒပြနေတာကနေ အသုဘပို့နေသလိုလိုတောင် ခံစားချက် ဖြစ်သွားတယ်။ "သြော် ငါ့နှယ် မဦးမချွတ်" ဆို အတွေးကို ပြန်နှိမ်ရတယ်။
ဆန္ဒပြရင်း ခဏနား သူတို့ပြောကြဆိုကြတာတွေ ကြားရတော့ သူတို့စိတ်ဓာတ်တွေ သိလာရတယ်။ တချို့များ အတော် စိတ်ဓာတ်မကောင်းတာ။ ပခုက္ကူဘဏ်မှာ ဘဏ်ဝန်ထမ်းတချို့ ရုံးတက်လို့ တဲ့၊ သူတို့ CDM ကို မထောက်ခံလို့ဆိုပြီး ငွေ ၁၀၀၀ တန်တွေ ဝန်ထမ်းအလုပ်ရှုပ်အောင် သွားအပ်ပြီး ပြဿနာ ရှာမယ် တဲ့။ အသက်ကြီးကြီး တစ်ယောက်က "ညည်းတို့အေ မစာမနာ သူလဲ မိသားစုရှိတော့ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရရှာတာပေ့့ါ" လို့ သူ့အမြင်ကို ဆွေးနွေးတယ်။ ဒါကို ဒီ ဘွားတော်က သစ္စာဖောက်၊ မင်းအောင်လှိုင်ရဲ့ ဘယ်သို့ဘာညာ သူတို့ချင်း တီးတိုးပြော ရှောင်ဖယ်ဖယ် လုပ်လိုက်ကြတယ်။ သူတို့စကားက ဘွားတော်က "ဓမ္မ နဲ့ အဓမ္မကို ခွဲမသိဘူး" တဲ့။ အဲလိုတွေ။
အပြန်ခရီးကျတော့ ခံစားချက်က ညောင်းတာရော၊ အော်သံတိုင်သံတွေကို နားကြားပြင်းကပ်လာသလိုလို ရှိတာရော ဖြစ်လာတော့ မြန်မြန်သာဆန္ဒပြ ပြီးချင်တော့တာ။ အဲဒီအချိန်မှ အမှတ်ရတယ်။ selfie ဆွဲဖို့။ နားတုန်းက သူများတွေ စကားတွေ လိုက်နားထောင်မိတာနဲ့ မရိုက်မိလိုက်ဘူး။ ဒါပေမယ့် ခုကျတော့လဲ selfie မဆွဲချင်တော့ဘူး။ စိတ်က တမျိုးဖြစ်သွားတယ်။
ဘာပြောပြော အတွေ့အကြုံအသစ်တစ်ခုရလို့ ဆန္ဒပြရတာ ကြိုက်ပါတယ်။
ဆရာသန့်ေရးသည်။
No comments:
Post a Comment